ကြာတတ်တာတွေမကြာစေဖို့….

ကြာတတ်တာတွေမကြာစေဖို့….
December 5, 2018 Asian Fame
ကြာတတ်တာတွေမကြာစေဖို့….

ခံစားမှုနဲ့ယှဉ်ပြီး နားထောင်မိရင်တော့
အလွမ်းသီချင်းပေါ့။

ကိုယ် ဘယ်လောက်ပဲ ဝါသနာ ပါခဲ့ ပါခဲ့
ဘဝရဲ့အစိတ်အပိုင်းတစ်ခု အနေနဲ့ ကိုယ်ဘယ်လိုပဲ
နစ်မြုပ်ခဲ့ နစ်မြုပ်ခဲ့
နစ္စဂီတနဲ့ ခပ်ကင်းကင်းနေရမယ့်
ဘဝအနေအထားတစ်ခုကို ရောက်နေပြီမို့
တေးသွားတွေ အလွမ်းတွေထက် သီချင်းစာသားကိုပဲ
အာရုံပြုဖြစ်ခဲ့ပါတယ်။

ဝသန္တရာသီ ကနေ ဟေမန္တရာသီ ပြောင်းခါစမို့
မနက်ခင်းစောစောမှာ နှင်းဝေတဲ့မြင်ကွင်းတွေ
တွေ့လာရပြီပေါ့။

သည်လိုအချိန်နဲ့ အချိန်ကိုက်မှာ
သီချင်းဝါသနာကြီးတဲ့ Facebook Friend
တစ်ယောက်တင်လိုက်တဲ့
ခိုင်ထူးရဲ့ ”နှင်းဝေတဲ့ဆောင်း” သီချင်း Post ကလေး
တက်လာတာ တွေ့လိုက်ရပါရဲ့။

ပထမတော့ ကျော်သွားတော့ မလို့ပါပဲ။
လက်ညိုးကလေးကိုတောင် Seen ပေါ်ထောက်ပြီးနေပြီ။
ဒါပေမဲ့ လက်ညိုးကလေးကို အပေါ်တင်မပွတ်ဆွဲမီလေး
ပြီးခဲ့တဲ့နှစ် (၂ဝ၁၇ ခုနှစ်) က ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့
ရန်ကုန်ဝိဇ္ဇာနဲ့ သိပ္ပံတက္ကသိုလ်
(၁၉၇၄-၁၉၇၈)ဓာတုဗေဒဌာနမှာ
အတူတူ ပညာသင်ခဲ့ဖူးကြတဲ့ ကျောင်းနေဖက်သူငယ်ချင်း
ခိုင်ထူး ရဲ့သီချင်းဖြစ်နေတာရယ်
ကိုယ် အရမ်းနှစ်သက်ခဲ့ဖူးတဲ့
သီချင်းဖြစ်နေတာရယ်ကြောင့်
Post လေးကိုကျော် မသွားဖြစ်တော့ပဲ
ကြည့်ဖြစ်လိုက်မိပါတယ်…။

ပြန်ပြောင်းခံစားခွင့်ရစေဖို့
ရည်ရွယ်ရင်းမရှိလို့လားမသိဘူး။
တေးသွား အလွမ်းတွေကြားထဲက
သီချင်း စာသားဘက်ဆီကိုပဲ အာရုံပြုဖြစ်တဲ့ အခါ
ကိုယ့်အတွက် ဓမ္မရသတစ်ခု ကျန်ရစ်ပါတယ်…။

Chorus သံပြိုင်အပိုဒ်မှာ
ထပ်ကာ ထပ်ကာဆိုသွားတာများလေ
ဆိုသူနဲ့ သီချင်းကပေးတဲ့ Message ကတော့
အလွမ်းဘက်ဆီ သွားနေပေမယ့်
ကိုယ့်ဉာဏ်ထဲမှာတော့ ကိုယ် မမောမပန်း ဖြတ်သန်းနေရတဲ့
သံသရာလမ်းကြီးကို လှမ်းမြင်နေမိတယ်။

”ကြာတာတွေရယ် များတယ်
ကြာတတ်တာတွေ မကြာစေဖို့တကယ်
ကိုယ်လေ ဆုတွေတောင်းမယ်…”

ဟုတ်တယ်။
သံသရာခရီးကြမ်းကြီးထဲမှာ ကိုယ်တိုင်မမောနိုင် မပန်းနိုင်
အခြေခိုင်နေတဲ့ အဝိဇ္ဇာမောဟယာဉ်ကြီး စီးပြီး
မငြီးနိုင်အောင် ခေါင်းအမျိုးမျိုးပြောင်း
ဘဝအမျိုးမျိုးပြောင်းပြီး ခရီးနှင်ခဲ့တာ ကြာလှပြီပေါ့။
တစ်နည်းအားဖြင့်-
”ကြာတာတွေရယ်များ လှပြီလေ” …။

အခုတော့ သံသရာထဲရှည်ကြာ
ခန္ဓာအမြဲကြွေတာတွေအပေါ်
သတိသံဝေဂရလို့-

”ကြာတတ်တာတွေမကြာစေဖို့”
ရုန်းထွက်ဖို့ကြိုးစားနေရပြီလေ ..။

ဘုရားရှင်နားငြီးမှာစိုးလို့
ဆုတွေတော့အများကြီး မတောင်းဖြစ်တော့ပါဘူး။

ဒါပေမဲ့ ပြုဆဲကုသိုလ်တွေ အပေါ် အမှီပြုပြီး
တစ်ဆုပဲတောင်းချင်ပါတော့တယ်။

”ကြာတတ်တာတွေရဲ့ ဝဲဂယက်ထဲမှာ ချာချာလည်ရင်း
မကြာပါ ရစေနဲ့တော့ရယ်လို့
ခြေစုံဦးခိုက် လျှောက်ထားလိုက်ရပါသည်
အရှင်ဘုရား…”
မြသန်းစံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*