နှင်းဆီတမ်းချင်း…

နှင်းဆီတမ်းချင်း…
December 4, 2018 Asian Fame
နှင်းဆီတမ်းချင်း…

ရာသီဥတုတွေ ဖောက်ပြန်တဲ့အခါ
စိတ်ကို စစ်ကြောမိရဲ့လား နှင်းဆီ
သူလို ကိုယ်လို အိပ်မက်တွေကြားမှာ
ဆိုင်းမဆင့် ဗုံမဆင့် ကပ်ကြီးတွေနဲ့
ငါတို့ရှင်သန်နေကျမဟုတ်လား…။
လွမ်းခြင်း ဆွေးခြင်း
ပေးဆပ် စွန့်လွှတ်ခြင်း
အနစ်နာခံခြင်း
ကရုဏာဒေါသလေးတွေ မသင့်နဲ့တော့နှင်းဆီ
အရိပ်သုံးပါး နားလည်တာ မလည်တာထက်
သည်နေ့နဲ့ မနက်ဖြန်
ငါက ငါ
ငါ ငါ ငါ ဖြစ်ဖို့
ကြိုးတွေချည်နှောင်လို့
သာယာနေတတ်ကြတာပဲလေ …။
အသက်ရှူတိုင်း အောက်စီဂျင်သန့်မသန့်
ပြန်စစ်မနေနဲ့တော့ နှင်းဆီ
တစ်လမ်းစီဖောက်
တစ်ဝမ်းတစ်ခါးလှနေကြရတဲ့ တို့ မနက်ဖြန်တွေမှာ
ရဲရင့်စွာ ဖူးပွင့်တတ်ပါစေ…။
အချစ်ဦး အချစ်စ အချစ်လယ် အချစ်ဆုံး
ဘယ်ဟာဖြစ်ဖြစ်
ချစ်တာဟာ ချစ်တာပဲလို့ နားလည်ပြီလား နှင်းဆီ
ငါတို့ တစ်ယောက်ကိုတစ်ယောက်သတိရတဲ့အခါ
ကောင်းကင်ကို မော့ကြည့်ပစ်လိုက်ပေါ့ …။
လက်ထဲက ငှက်နဲ့
ခြုံထဲက ငှက်
ဘယ်ဟာ ပိုချိုမလဲ
ချက်ပြုတ် မကြည့်ချင်ပါနဲ့ နှင်းဆီရေ ….
သော့ခတ်ထားပေမယ့်
သော့ပျောက်နေတဲ့အဖြစ်လို
ရဲရင့်တည်ကြည်ခြင်းတွေ ဖမ်းဆုပ်ခက်နေတဲ့
တို့ကမ္ဘာကြီးမှာ
နှင်းဆီ … နေသားကျတတ်ပါစေ …။
အစိမ်းရောင် အခက်အလက်တွေကြား
လှပတဲ့ မာနတံတိုင်းတွေကို ဆူးခတ်
မုန်တိုင်းတွေရဲ့ အလယ်မှာ
နှင်းဆီ … ကျင်လည်တတ်ပါစေ …။
ကိုယ်ကတော့
ဆူးချက်ထိခဲ့တဲ့ နှလုံးသားကို အမှတ်တရသိမ်းလို့
(နှင်းဆီကိုလေ …)
ခပ်စိမ်းစိမ်းလေး တမ်းတနေမိရုံပါကွယ် …။ ။

အောင်သင်းမိုး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*