ဘယ်စာကိုမောင်ဖန်မတုံး

ဘယ်စာကိုမောင်ဖန်မတုံး
November 9, 2018 Asian Fame
ဘယ်စာကိုမောင်ဖန်မတုံး

စာရေးဆရာဖြစ်ချင်သူများ၊ စာ ရေးဆရာဖြစ်ဖို့ ကြိုးစားအားထုတ်နေ သူများ၊ မိမိကိုယ်မိမိစာရေးဆရာဖြစ် သည်ဟု ကိုယ့်ငါးချဉ်ကိုယ်ချဉ်ဘဝင် လေဟပ်သူများသည် ရှေးလူကြီးသူမ တို့ချန်ထားရစ်ခဲ့သော ‘နှုတ်တစ်ရာ စာတစ်လုံး’ဆိုသည့် နီတိဆိုရိုးကလေး ကို အမှတ်တမဲ့ဖြစ်နေတတ်ကြပါ သည်။ ထိုဆိုရိုးသည် စာပေ၏တန် ဖိုးကို အစွမ်းကုန် ဘန်းတင်၊ စန်း တင်ထားခြင်းဖြစ်သည်ဟု ကျွန်တော် မှတ်ယူထားပါသည်။

ကျွန်တော်တို့ မနုဿလူသား များသည် မြေကမ္ဘာပေါ်မှာ ရခဲသော လူ့ဘဝကို ရရှိခဲ့ပြီးသည့်တိုင် စာပေ ဖြစ်မြောက်ပေါ်ထွန်းအောင် စာပေ ကို အသုံးချနိုင်အောင် နှစ်ကာလ သန်းချီ၍ စောင့်ဆိုင်းခဲ့ရကြောင်း သမိုင်းသက်သေရှိသည်။ စာပေကို ထာဝရတန်ခိုးတော်ရှင်က ဖန်တီး ပေးသည်မဟုတ်။ မိုးနတ်ဒေဝါသိ ကြားမင်းကြီးကလည်း စေတနာရေစီး ကမ်းပြိုလိုက်ပြီး ”ဟောသမှာ … စာပေ၊ အမောင်တို့ အမိတို့ သုံးကြ ပေရော့”ဟု ပေးကမ်းခဲ့သည်မဟုတ် ပေ။ လူသားမျိုးနွယ်အဆက်ဆက် မိမိ တို့၏ ဦးနှောက်များကို အရည်အချင်း အရည်ညှစ်၍ လုံ့လဝီရိယကြီးစွာ ဖန် တီးတီထွင်ခဲ့ကြရခြင်းဖြစ်ပါသည်။

တိုးတက်ယဉ်ကျေးသော နိုင်ငံ တိုင်းတွင် အမျိုးသားစာကြည့်တိုက် ဟူသော အဆောက်အဦမှာ နိုင်ငံ၏ ထိပ်တန်းဂုဏ်ကျက်သရေတစ်ပါးဟု ပင် ကျွန်တော်က ဆိုလိုက်ချင်သေး သည်။ ”သည်လောက်တင်စားတာ တော့ လွန်လွန်းသကွာ”ဟု မဆိုကြ ပါနှင့်။

ရှေးခေတ်ဟောင်း မြန်မာတို့ ထက် ခေတ်သစ်မြန်မာတို့က ပို၍ စာတတ်ကြ၊ စာပေကို အသုံးချနိုင် ကြခြင်းမှာ စာပေကို ချုပ်ကိုင်ထား သည့် ပဒေသရာဇ်စနစ်ကြောင့်ဟု ထင်သည်။ အောက်ခြေလူ့အလွှာ သည် စာတတ်ရန်မလို။ မင်းမှုထမ်း နှင့် သာသနာ့ဝန်ထမ်းများသာ စာ တတ်ရန် လိုသည်ဟု ပဒေသရာဇ် စနစ်က တရားလက်လွတ်ကွပ်ညှပ် ကန့်သတ်ထားသည်။ မြန်မာဂန္တဝင် စာပေ၏ ထိပ်ခေါင်တင်များသည် ရဟန်းတော်များ၊ မင်းမှုထမ်းမှူးကြီး မတ်ရာများ ဖြစ်နေကြသည်ကို ရှုပါ လေ။

အုပ်စိုးသူက စာတတ်ပြီး အ အုပ်စိုးခံလူထုအများစုက စာမတတ် သောအခါ လူလူချင်းအနိုင်အထက် အုပ်စိုးသည့် ပဒေသရာဇ်ခေတ်ကြီး ကာလရှည်လျားခွင့်ရသွားခဲ့ပါသည်။ ကိုင်း …ထားတော့၊ ထားတော့ နိုင်ငံရေးအစောင်းအချိတ်တွေပါ ကုန်ရော့မယ် …၊ တောစကား တောလျှောက်စေတော့ဗျား။

ယခုခေတ်မှာတော့ တစ်ကမ္ဘာ လုံးလိုလို စာတတ်ပေတတ်တွေ များ လာသည်။ စာအုပ်တွေ ရေးကြ။ စာ အုပ်တွေ ဖတ်ကြရုံသာမက၊ ကွန်ပြူ တာတွေ မိုဘိုင်းဖုန်းတွေမှာပါ။ စာ တွေ ပေတွေ ရေးနေဖတ်နေကြသည်။ ”ပို၍ နေချင့်စဖွယ်ကောင်းသော ကမ္ဘာကြီးဖြစ်လာပြီလား”ဟု မေးအံ့။ ကျွန်တော်ကတော့ ”ဟင့်အင်း”ဟု ငြင်းလိုက်မည်။ အကြောင်းသော် …ခြေနှစ်ချောင်းနှင့် နားရွက်တို သတ္တဝါသည် တိုးတက်မှုကို ကောင်း ကျိုးချည်းဖြစ်အောင် အသုံးမချတတ် ဘဲ ဆိုးကျိုးဖြစ်အောင် တစ်လွဲသုံး တတ်၊ စိတ်ဆိုးစိတ်ယုတ်ကို ထွက် ပေါက်ပေးတတ်သောကြောင့်တည်း။

”ဆွမ်းဆန်ထဲ ကြွက်ချေးရော တတ်သော သဘာဝပါ”ဟု မိတ်ဆွေ တစ်ဦးက နှိုင်းနှိုင်းချိန်ချိန်သုခမိန် စကားပြောသည်။ ကျွန်တော်က လက်မခံပါ။

”ကြွက်မှာ အပြစ်မရှိဘူး။ ဆွမ်း ဆန်ကို လုံလုံခြုံခြုံ စည်းကမ်းတကျ မထားနိုင်သူရဲ့ အပြစ် …မှတ် ထားကွ”

 

”လောကကြီးကို ကောင်းမှုတစ် ခုတည်းနဲ့ တည်ဆောက်ထားတာမှ မဟုတ်တာ။ကောင်းမှုရှိရင် မကောင်း မှုလည်း ရှိမှာပ …”

”နောက်ဆုံးတစ်နေ့မှာ မကောင်းမှုအပေါ် ကောင်းမှုက အောင်ပွဲခံပြီး အနိုင်ယူသွားမှာ သေ ချာသဟ၊ မှတ်ထား”

‘ငါ့စကား နွားရ’ ပြောတတ်ဆို တတ်သော ကျွန်တော့်အကျင့်ကြောင့် မိတ်ပျက်ရပေါင်းများပါပြီ။ ကျွန် တော်ကိုယ်တိုင်တစ်ဖက်သတ်ဆန် သော စိတ်ထား (ဝါ) မကောင်းစိတ် မွေးသူပါတကား။

အင်း …ခက်ပ၊ ခက်ပ အလွန်ခွ (ဂွ)ကျသော ဘဝ။ အကြွင်း မဲ့စိတ်ကောင်းစိတ်မြတ်မွေးနေလျှင် လည်း စာရေးဆရာဘဝကို စွန့်လွှတ် ရမည်သာ။ စာရေးဆရာဆိုတာက ဆိုးယုတ်ကောက်ကျစ်မှုတွေကို ကလောင်သွားချွန်ဖြင့် မညှာမတာ ထိုးနှက်နေရမည်မဟုတ်လား။ သွေး ရဲသံရဲဖြစ်သွားပါစေ။ အူတွေ အခွေ လိုက်ပွင့်ထွက်သွားပါစေ။ အမယ်လေး အဘလေးတ ပြီးအော်နေပါစေ။

သည်လိုဆိုတော့ စာရေးဆရာ ကို သူတော်ကောင်းစာရင်းသွင်းနိုင် ပါဦးမလား။ မရေးပြန်လျှင်လည်း မတရားတာကို မဖော်ထုတ်ဘဲ ကျောခိုင်းနေတဲ့အချောင်သမား စာ ရေးဆရာဟု ကဲ့ရဲ့ရှုတ်ချကြဦးမည်။ အမှန်ကို အမှန်အတိုင်း ရေးပြန်တော့ လည်း …

”အိုး … ဝန်တိုမစ္ဆရိယ၊ အမျက်စောင်မာန်ကြီးတဲ့ အရိုင်း အစိုင်း ကောင်ပါကလား”ဟု မေးငေါ့ ကြဦးမည်။ လက်ဝဲမယိမ်း၊ လက်ယာ မတိမ်းဘဲ၊ မယုတ်မလွန်အလယ် အလတ် လမ်းကြောင်းက ထိန်းထိန်း သိမ်းသိမ်း ရေးပြန်တော့ (ခြံစည်းရိုးခွ ထိုင်တဲ့ အကောင်ဟု ရှုတ်ချကြဦးမှာ … အသေအချာ။

‘စာပေ’ ကိုယ်၌မှာက အပြစ် ကင်းစင်ကြည်လင်သန့်ရှင်းသော ကဝိညာဏက ဖြစ်ပါသည်။ ကျွန် တော်တို့ ငယ်ငယ်က ခိုးကြောင်ခိုး ဝှက်ပုံနှိပ်ရောင်းချသော ‘အပြာ’ စာအုပ်ကလေးတွေကို ခိုးကြောင်ခိုး ဝှက်ဖတ်ခဲ့ရဖူးသည်။ အရွယ်ရောက် လာပြီး ဆင်ခြင်သုံးသပ်မိတော့မှ၊ ‘အဆိပ်အပင်တစ်ပင်’ ဖြစ်မှန်း နား လည်ဆုံးဖြတ်လာနိုင်သည်။ ဒါ ကြောင့်လည်း …ထိုစာပေမျိုးကို ဥပဒေဖြင့် တားဆီးသည်။ ဖမ်းမိ လျှင် အရေးယူသည်။

တစ်ခါက ပြည်ပမှာ အလုပ် သွားလုပ်ရာက ပြန်လာသော သူငယ် ချင်းတစ်ယောက်က အင်္ဂလိပ်ဘာသာ ဖြင့် ကျကျနန၊ လှလှပပ ပုံနှိပ်ထား သည့် ဝတ္တုတစ်အုပ်ထုတ်ပြသည်။ ”ဒီစာအုပ်မျိုးတွေ သူတို့ဆီမှာ တော့ ပေါ်တင်ရောင်းတယ်။ ဝါသ နာပါတဲ့ လူတွေကလည်း ဒါမျိုးပဲ ရှာ ဖတ်ကြတာ”

”မင်းသွားတဲ့နိုင်ငံမှာ ပြည့်တန် ဆာရပ်ကွက်တောင် တရားဝင်ထူ ထောင်ပေးထားမှတော့ အပြာစာ အုပ်က ဘာဆန်းမှာတုံး”ဟု ကျွန် တော်က ဒေါကြီးမောကြီး အော်ပစ် လိုက်သည်။ ထိုအကောင်သွားခဲ့သော နိုင်ငံမှာ မုဒိမ်းမှုထူပြောသော ရာဇ ဝတ်မှု ပင်လယ်ဝေနေသည့် နိုင်ငံဖြစ် သည်။

မိမိဘာသာပင် ကိုဥာဏ်ဖြင့် တီထွင်ဖန်တီးရေးသားခြင်းကို အင်္ဂ လိပ်ဘာသာဖြင့် creative writing ဟုခေါ်ဆိုသည်။ ဖန်တီးမှုစာပေဖြစ် သည်။ မြန်မာလိုလှလှပပပြောလို လျှင် ‘ရသစာပေ’ဟုသာ ပြောရပေ လိမ့်မည်။ ရသမြောက်၊ မမြောက်ကို ဖန်တီးမှုအရည်အသွေးက ဆုံးဖြတ် ပါလိမ့်မည်။ မြန်မာဝတ္တုရှည်လောက တွင် ခေတ်ဦးပိုင်းကျကျ (၁၉ဝ၄) ခုနှစ်က ပုံနှိပ်သော၊ စာရေးဆရာဝန် စာရေးဦးကြီး၏ ‘ချဉ်ပေါင်ရွက်သည် မောင်မှိုင်း’ဝတ္တုသည် နှစ် (၁ဝဝ) ကျော်လာသည်အထိ အကြိမ်ကြိမ် ရိုက်နှိပ်ရောင်းချရဆဲဖြစ်သည်။

ဝတ္တု၏ အဓိကဦးဆောင် ဇာတ် လိုက်သည် တစ်ရွာတစ်ကျီဆောက် သော မြာပွေသည့် လူလည်လူရှုပ် မောင်မှိုင်းဖြစ်သည်။ ထိုဝတ္တုမျိုး သည် အနောက်တိုင်းကလာသော ပုံစံဖြစ်၍ picaresque novel ဟု ခေါ်ကြောင်း မှတ်သားမိပါသည်။ ‘မြာပွေ’ (ဇာတ်ရှုပ်)သော ဝတ္တုဖြစ်သော် လည်း မကြားဝံ့မနာသာ အယုတ္တ အနတ္တစကားလုံးတစ်လုံးမှမပါ။ စာ ဖတ်သူအား ရွှင်မြူးဖွယ်ရသကိုသာ ပေးအပ်ပါသည်။

မြန်မာစာပေတွင် ခေတ်ကုန် သွားသော်လည်း ရုပ်/သံတွင် ခေတ် မကုန်သေးသော တရုတ်သိုင်းရုပ်ရှင် များကို ကျွန်တော်သဘောကျတုန်း ဖြစ်ပါသည်။ ပြည်တွင်းဖြစ် တရုတ် သိုင်းဝတ္တုတွေ ဆယ်နှစ်ဆယ်မိုး ခေတ်ကောင်းတုန်းက ကျွန်တော် သည်လည်း သိုင်းဝိဇ္ဇာဖြစ်ခဲ့ပါသည်။ ဘယ်သို့သော သိုင်းဝိဇ္ဇာပါနည်း။ ပြည်တွင်းဖြစ် တရုတ်သိုင်းဝတ္တုတွေ ဖန်တီးသော (ဝါ) အကြံအဖန်လုပ် သော သိုင်းဝိဇ္ဇာကြီးပါတည်း။ ။

ကြူးနှစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*