ခွင့်လွှတ်ပါ ဆရာမ

ခွင့်လွှတ်ပါ ဆရာမ
September 3, 2018 AsianFame MediaGroup
ခွင့်လွှတ်ပါ ဆရာမ

တစ်ခါတစ်ခါသတိရလို့ ကိုယ့်ကိုယ် ကိုယ်ပြန်ကြည့်လိုက်တဲ့အခါ မယ် (အလိုလေး …ဘုရား .. ဘုရား) စာရေးဆရာဆိုတဲ့ ထူးဆန်း တဲ့သတ္တဝါတစ်ကောင်ဖြစ်နေတာကို အလန့်တကြားတွေ့ရှိလိုက်ရကြောင်း ပါခင်ဗျား။ ကျန်းမာရေးမကောင်းရှာ တဲ့ ချက်လူမျိုးစာရေးဆရာကလေး ‘ကက်ဖကာ’ရဲ့ ဝတ္ထုတစ်ပုဒ်ထဲကလို ဖြစ်မနေတာဘဲ ကံကောင်းလှပါပြီ။ ကက်ဖကာရဲ့ နာမည်ကျော် ‘အသွင် ပြောင်းလဲခြင်း’ Metamorphosis ဝတ္ထုထဲမှာတော့ စာရေးဆရာဟာ အိပ်ရာကနိုးလို့ သူ့ကိုယ်သူ ပြန်ကြည့် လိုက်တာ သူဟာ ဧရာမပိုးတုံးလုံး ကောင်ကြီးဖြစ်နေပါလေရော တဲ့။ အော် …စာရေးဆရာဆိုတာမျိုး က စိတ်ကူးဥာဏ်ကွန့်မြူးလွန်းတတ် ပေသကိုး။
ရိုးရိုးသားသား ဝန်ခံရရင် ကျွန် တော်စာပေနယ်ထဲရောက်နေတာ နှစ် ၄ဝ ကျော်ပါပြီ။ ဒါတောင်မှ ကိုယ့်ကိုယ်ကိုယ်စာရေးဆရာ တကယ်ဖြစ်မဖြစ် သံသယ ဝင်နေ တုန်းပါ။ များသောအားဖြင့် မိမိ ကိုယ်မိမိ ‘စာရေးသူ’ writer အဖြစ်ပဲ ညွှန်းလေ့ရှိပါတယ်။ ‘စာရေးဆရာ’ author အဖြစ် ညွှန်းလေ့ညွှန်းထ မရှိ ပါဘူး။ ‘စာရေးဆရာစစ်စစ်ကြီးများ’ ကို ဘုရားလောက်နီးနီးကိုးကွယ်ပြီး စာရေး ဆရာအတုအယောင်တွေကို တော့ ဒေဝဒတ်လောက်နီးနီး ပြစ် တင်ရှုတ်ချလေ့ရှိပါတယ်။ ဟိုအရင် တုန်းက ‘ဘာအလုပ်လုပ်ပါသလဲ’လို့ မေးလာခဲ့ရင် ‘တစ်ရာ့ကိုးတစ်ရာ့ တစ်ဆယ်ပါ’လို့ပဲ လှီးလွှဲဖြေခဲ့တာ များပါတယ်။

ကျွန်တော်စာရေးဆရာ ဖြစ်နေ ခဲ့တယ်ဆိုရင်လည်း အလွယ်တကူဖြစ် လာခဲ့တာ မဟုတ်ရပါ။ ဖြည့်ကျင့်မှု၊ စွန့်လွှတ်မှုတွေ အများကြီးကို ရင်း နှီးခဲ့ရပါတယ်။ အကြီးမားဆုံး စွန့် လွှတ်ခဲ့ရတာကတော့ ‘ဆယ်နှစ် ဆယ်မိုးမကအောင် သံယောဇဉ် နှောင်ထုံးခဲ့ရတဲ့ ‘ချစ်ဦးသူပါ။ သူက စာရေးဆရာတစ်ယောက်နဲ့ လက်တွဲ ပြီး ဘဝတိုက်ပွဲကို မဆင်နွှဲဝံ့ခဲ့ရှာပါ ဘူး။ ကျွန်တော်ကလည်း စာရေး ဆရာလမ်းကြောင်းကို မလိုက်ခဲ့ဘူး ဆိုရင် အခုချိန်မှာ အငြိမ်းစားတပ်မ တော်အရာရှိဘဝနဲ့ ဒူးကလေးနှန့်ပြီး တစ်နေရာမှာ ဇိမ်ယစ်နေနိုင်သပ။

ခက်တာက ‘စာရေးဆရာ’ ဆို တာ ဝါသနာပါတိုင်း မဖြစ်နိုင်တာပါ ပဲ။ ကျွန်တော့်စိတ်ထင် ‘ပါရမီ’မပါ ရင် စာရေးဆရာဘယ်နည်းနဲ့မှ မဖြစ် နိုင်ဘူး။ ဆရာ့ဆရာများကတော့ ‘ပါ ရမီ’ဆိုတာ အကြိမ်ကြိမ်အဖန်ဖန် ဆည်းပူးလေ့ကျင့်ခြင်းလို့ သွန်သင် ဖူးပါတယ်။ ဟုတ်လောက်ပါတယ်။

ကျွန်တော်ဟာ ၆၊ ၇ တန်း ကျောင်းသားဘဝကတည်းက ‘အပြင် စာ’တွေ အရမ်းဖတ်ပါတယ်။ တွေ့ ကရာ အကုန်လျှောက်ဖတ်တာ။ တစ်ခါတော့ ‘သိမ်ဖြူဆရာတော် အရှင်နာဂသိရ်’ရဲ့ ဆေးကျမ်းကြီး ကောက်ဖတ်မိတာ ပါဠိတွေရော၊ သက္ကတတွေရော ဝင်တိုးမိပြီး တစ် လလောက် ခေါင်းကိုက်ရောဂါစွဲသွား ခဲ့ပါတယ်။ နားလည်သလားဆိုတော့ တစ်လုံးမှ နားမလည်ခဲ့ပါဘူး။ ‘ပညာ ရပ်’ စာပေကိုသာမက ‘ရသစာပေ’ ကိုပါ အခြေခံမရှိဘဲ ဖတ်ကြည့်လို့ ကတော့ အချိန်ကုန်ရုံပါပဲ။

သည်လိုနဲ့ ကျွန်တော် ၉ တန်း ရောက်တော့ စာဖတ် ‘ဝါး’အတော် ဝနေပါပြီ။ ကျွန်တော်ကိုးကွယ် ဆည်းကပ်တဲ့ ဆရာများကတော့ (၁) တက္ကသိုလ်ဘုန်းနိုင်၊ (၂) ရန်ကုန် ဘဆွေ၊ (၃) မောင်သာရတို့ပါပဲ။ (အခုတော့ ကျွန်တော့်မှာ ဆရာတစ် ပါးပဲရှိပါတော့တယ်။ သူကတော့ မင်းပူးဆရာတော် ဦးသြဘာသပါ ခင်ဗျား။ မင်းပူးဆရာတော်ရဲ့ ဝေဿန္တရာဇာတ်တော်ကြီးဝတ္ထုကို မဖတ်ဖူးတဲ့သူဆိုရင် ကျွန်တော်က စာပေအကြောင်း မဆွေးနွေးပါဘူး။) အဲသလို အပြင်စာတွေ ဖိစီးမှုဟာ ကျွန်တော့်ရဲ့ စာသင်ခန်းအတွင်း မြန်မာစာသင်ယူမှုကို အကြီးအကျယ် အနှောင့်အယှက်ပေးပါတယ်။ ကျွန် တော်က ကျောင်းသင်ခန်းစာထဲမှာ ပါတဲ့ ဆရာကြီး ရွှေဥဒေါင်းရဲ့ စကားပြေကိုတောင် ဘေးဖယ်ထုတ် ထားခဲ့တာပါ။ ကျွန်တော့် စိတ်အာရုံ ကို အစိုးမိုးဆုံးကတော့ မောင်သာရ ရဲ့ ခရာတာတာ ကဗျာဆန်တဲ့ဟန်ပါ။

တစ်နေ့တော့ မြန်မာစာသင်တဲ့ ဆရာမက ‘ပြည်ထောင်စုနေ့’ ဆိုတဲ့ ခေါင်းစဉ်နဲ့ စာစီစာကုံးရေးဖို့ ပါဝင် သင့်တဲ့ အချက်အလက်တွေ၊ အခြေ ခံ outline တွေ သင်ကြားပို့ချပါတယ်။ အရေးအသား ‘ဟန်’ကလည်း အဲ သည်ခေတ်က ပုံစံကိုက်၊ ရိုးရှင်းတဲ့ ဟန်ပါ။ ကျွန်တော်က တက္ကသိုလ် က ပါမောက္ခကြီးတွေကတောင် ‘စံပြ’ အဖြစ် သတ်မှတ်ထားတဲ့ ‘ဟန်’ကို ခေတ်မမီတော့တဲ့ ‘ရိုးတာတာ’ဟန် လို့ ထင်ပါတယ်။ ကျောင်းသား ကျောင်းသူ အတော်များများရဲ့ စာစီ စာကုံးတွေမှာ ‘ဟန်’တွေ တူနေကြ ရင် မြန်မာစာအဆင့်နိမ့်တယ်လို့ ယူဆပါတယ်။

ဆရာမရဲ့ သြဝါဒကို ပစ်ပယ် ပြီး ကျွန်တော်က ‘ပြည်ထောင်စုနေ့’ စာစီစာကုံးကို မောင်သာရရဲ့ ရေး ဟန်မျိုးနဲ့ ကနွဲ့ကလျရေးပါတယ်။ ဆရာမက မျက်ခုံးတစ်ချက်ပင့်ပြီး ခေါင်းရမ်းပါတယ်။

‘စာစီစာကုံးရေးတာကွယ့်၊ ကဗျာစာညွန့်ရေးတာ မဟုတ်ဘူး။ ပြန်ရေးပါ’လို့ ဆရာမက အမိန့်ပေး လိုက်တော့ ကျွန်တော် ကျွဲမြီးတိုမိပါ တယ်။

နောက်တစ်ကြိမ်ပြန်ရေးတဲ့ အခါ ကျွန်တော်က တက္ကသိုလ်ဘုန်း နိုင်ရဲ့ နုနွဲ့တဲ့ စာပေဟန်ကို တုပပြီး ရေးပါတယ်။ သည်တစ်ခါ ဆရာမ နှုတ်ခမ်းစူပါပြီ။

‘ပြည်ထောင်စုနေ့အကြောင်း ရေးတာ ခံ့ခံ့ညားညားရေးမှ ပေါ့ ကွယ့်၊ မင့်ဟာက ရည်းစားစာရေး သလိုမျိုးကြီး’

နောက်တစ်ကြိမ်ရေးတော့ ကျွန်တော်က ဗန်းမော်တင်အောင်ရဲ့ ရှည်လျားထွေပြား စကားလုံးတွေ က စားထားတဲ့ဟန်နဲ့ ပြည်ထောင်စုနေ့ စာစီစာကုံးကို ဖွဲ့နွဲ့လိုက်ပါတယ်။

ကျွန်တော်ဟာ ဆိုဆုံးမရခက် တဲ့ ကျောင်းသားတစ်ယောက်အဖြစ် နဲ့ ကျောင်းအုပ်ကြီး ရုံးခန်းကို ရောက် သွားရပါတော့တယ်။ ဆရာမဟာ ငိုမ လိုမျက်နှာထားနဲ့ပါ။ ကျောင်းအုပ် ဆရာမကြီးက ဗီရိုနောက်က ကြိမ် လုံးကို လှမ်းဆွဲနေပါပြီ။

ခွင့်လွှတ်ပါ ဆရာမ။ ဆရာမ သင်ကြားတာကို လိုက်နာရင် ကျွန် တော်အခုလို စာရေးဆရာဖြစ်လာ မယ်မထင်ပါ။ ဆရာမရဲ့ မဟာကျေး ဇူးကို မမေ့ပါခင်ဗျား။ ။

ကြူးနှစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*