ကျွန်တော်ရေးခဲ့သော စာအုပ်များ(၁)

ကျွန်တော်ရေးခဲ့သော စာအုပ်များ(၁)
August 20, 2018 Asian Fame Media
ကျွန်တော်ရေးခဲ့သော စာအုပ်များ(၁)

ကျွန်တော်ရေးခဲ့သော စာအုပ် အရေအတွက်မှာ ယခုတစ်ရာ ပြည့်ပါပြီ။ ပထမဆုံးစာအုပ်ဖြစ်သော စကားပြေသဘောတရား စကားပြေ အတတ်ပညာစာအုပ်ကို ၁၉၇၉ ခုနှစ် ဇန်နဝါရီလတွင် ထုတ်ဝေခဲ့ သည်။ ယခုစာရေးသက်နှစ် ၄၀ ပြည့် ဖို့ တစ်နှစ်အလိုဖြစ်သော ၂၀၁၈ ခုနှစ် ဩဂုတ်လတွင် ထုတ်ဝေသော မင်းသုဝဏ်ဋီကာမှာ အုပ်တစ်ရာ ပြည့် စာအုပ်ဖြစ်ပါသည်။

မည်သူရေးသော မည်သည့်စာ အုပ်တွင်မဆို မှတ်မှတ်ရရ ပြောစရာ နောက်ကွယ်က အကြောင်းကလေး များရှိတတ်သော သဘာဝနှင့်အညီ ကျွန်တော့်စာအုပ်များ၏ နောက် ကွယ်တွင်လည်း ပြောစရာအကြောင်း ကလေးများရှိပါသည်။ ယခုပြန်စဉ်း စားကြည့်တော့ ထိုနောက်ကွယ်က အကြောင်းများသည် စိတ်ဝင်စားစ ရာ၊ သတိပြုဆင်ခြင်စရာ၊ သင်ခန်း စာယူစရာ စသည်ဖြင့် အသွင်အမျိုး မျိုး ဆောင်နေသည်ကို သတိပြုမိပါ သည်။ အေးအေးဆေးဆေးပြန်စဉ်း စားပြီး ပေါ်လာသည့် ပြောစရာ ကလေးများကို ပြောပြချင်ပါသည်။

ပထမဆုံးစာအုပ်က ကျွန်တော့် အလုပ်နှင့် ဆက်စပ်နေသည်။ ကျွန် တော်သည် ၁၉၆၃ ခုနှစ်တွင် ရန် ကုန်တက္ကသိုလ်မှ ဝိဇ္ဇာ (အထွေထွေ ဂုဏ်ထူး)ဘွဲ့ရသည်။ ဥပစာတန်း အောင်ပြီး မြန်မာစာဂုဏ်ထူးတန်းကို ၂ နှစ်တက်ပြီး ဘွဲ့ရခြင်းဖြစ်သည်။ ဘွဲ့ရပြီး ပုသိမ်ကောလိပ် မြန်မာစာ ဌာနမှာ နည်းပြအဖြစ် စတင်အမှု ထမ်းရသည်။ ပထမနှစ်မှာ စကားပြေ သင်ရသည်။ ပြဋ္ဌာန်းစာအုပ်မှာ ‘တက္ကသိုလ်မြန်မာစကားပြေကောက် နုတ်ချက်’ဆိုသော စာအုပ်ဖြစ်သည်။ ပထမနှစ်ကျောင်းသားများကို စကား ပြေအရေးအသား ထိထိရောက် ရောက် သင်ကြားနိုင်ဖို့ ရည်ရွယ်ပြီး ထိုစာအုပ်ကို ပြုစု ပြဋ္ဌာန်းခြင်းဖြစ် သည်။ ပုဂံခေတ်မှ မျက်မှောက်ခေတ် အထိ ကောင်းနိုးရာရာ စကားပြေများ ကောက်နုတ်ပြဋ္ဌာန်းထားသည်။ ရသ မြောက်သော ဝတ္တုကောက်နုတ်ချက် များ ဝတ္တုတိုများ၊ အက်ဆေးများ လည်း ပါသည်။ ဗဟုသုတပွားစရာ ဆောင်းပါးများလည်း ပါသည်။ ထို စကားပြေများ၏ အရေးအသားကို လေ့လာဆန်းစစ်သင်ကြားပေးခြင်း ဖြင့် ကျောင်းသားများ၏ စကားပြေ အရေးအသားစွမ်းရည်များ တိုးတက် လာစေရန် ရည်ရွယ်ကြောင်းသိရသည်။

ကျွန်တော်သည် ၁၉၆၅ ခုနှစ် လောက်ကစ၍ ပထမနှစ်ပင်ရင်းမြန်မာစာအတန်းများတွင် စကားပြေ သင်ကြားပို့ချပေးခဲ့ပါသည်။ ပထမ ဆုံး မြန်မာစာအရေးအသားဖြစ်သော ရာဇကုမာရ်ကျောက်စာကစ၍ ရာဇာ ဓိရာဇ်အရေးတော်ပုံမှ ဗညားနွဲ့ နှင့် ဗျည်းနွဲ့တို့ စီးချင်းထိုးသည့် အကြောင်း၊ ဦးဩဘာသ၏ ဝေဿ န္တရာ ဇာတ်တော်ကြီးမှ သားသမီးနှင့် ကွေကွင်းရသော မဒ္ဒီဒေဝီ၏ မိခင် သောက၊ ဦးလတ်၏ ရွှေပြည်စိုးဝတ္တု မှ ဝတ်လုံတော်ရ မောင်သောင်းဖေ နှင့် ဖခင်ဦးရာကျော်အကြောင်း၊ ဦး ဖိုးကျား၏ ကိုယ်တွေ့ဝတ္တုတစ်ပုဒ် ဖြစ်သော ‘မိတဆိုးရှင်ပြု’၊ ဆရာဇော် ဂျီ၏ ‘စာအုပ်စင်နှင့် ကျွန်တော်’၊ တက္ကသိုလ်မောင်မောင်ကြီး၏ ‘နိုင်ငံ တော့်မျက်နှာ’စသည်တို့ဖြစ်ပါသည်။

ကျွန်တော်သင်သမျှကိုကျောင်း သားများ စိတ်ဝင်စားကြပါ၏။ သို့ သော်စာသင်ရင်း ကျွန်တော့်ကိုယ် ကျွန်တော် အားမလိုအားမရဖြစ်လာ သည်။ ‘ငါသူတို့ကို စကားပြေသင်နေ တာလား၊ စကားပြေထဲက အကြောင်း အရာတွေ ပြောပြနေတာလား’ဟု ကိုယ့်ကိုယ်ကိုယ် မေးမိသည်။ အမှန် ပါပဲ။ ကျွန်တော်က တပည့်များကို မိခင်သောကစကားပြေသင်သော အခါ မဒ္ဒီဒေဝီသောကရောက်နေပုံကို လွမ်းစရာကောင်းအောင် ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြန်ပြောပြခြင်းသာဖြစ်ပါသည်။ ဗညားနွဲ့နှင့် ဗျည်းနွဲ့တို့၏ စီးချင်း တိုက်ပွဲကို ပြောပြရာတွင်လည်း ဆင် တစ်ကောင်စီ စီး၍ ရင်ဆိုင်တိုက်ကြ ပုံကို မြင်ယောင်လာအောင် အသေး စိတ်သရုပ်ဖော်ပြီး ပြောပြခြင်းသာဖြစ် ပါသည်။ စကားပြေထဲက အကြောင်း အရာတွေကို ထုတ်ပြောပြရုံနှင့် စကား ပြေသင်ကြားရာ ရောက်ပါရဲ့လား။

ပြန်စဉ်းစားကြည့်တော့ ကျွန် တော်၏ ကျောင်းသားဘဝတစ် လျှောက်လုံးဆရာများက စကားပြေ ကို ဤပုံစံအတိုင်းပင် သင်ခဲ့ကြခြင်း ဖြစ်ကြောင်း စဉ်းစားမိပါသည်။ စကား ပြေသင်ချိန်ဆိုလျှင် စကားပြေကို တစ်ယောက်တစ်လှည့်ဖတ်ခိုင်းသည်။ ပြီးတော့ အဓိပ္ပာယ်ရှင်းပြသည်။ စာမေးပွဲဖြေတော့ စကားပြေထဲက ဘယ်အကြောင်းဖြေပါဟုမေးသည်။ အကြောင်းအရာကို ပြန်ရေးပြရုံသာ ဖြစ်သည်။ ‘စကားပြေဆိုတာ လွယ်ပါ တယ်။ ကိုယ့်ဟာကိုယ်ဖတ်ထားကြ ပေါ့ကွာ’ဟူသော စကားမျိုးကိုပင် အချို့ဆရာများထံမှ ကြားရတတ် သည်။ စကားပြေသင်သည်ဆို သည် မှာ စကားပြေထဲက အကြောင်းအရာကို မှတ်မိအောင် သင်ခြင်းသာဖြစ်သည်။

ကျွန်တော်က ကဗျာသင်ပုံနှင့် စကားပြေသင်ပုံကို ယှဉ်ကြည့်မိ သည်။ ကဗျာသင်ပုံက စိုစိုပြည်ပြည်ရှိ သည်။ ကဗျာ့အဓိပ္ပာယ်ကို ရှင်းပြပြီး နောက် အသုံးအနှုန်းတွေ၊ အလင်္ကာ တွေကို ဆရာက ဖွင့်ဆိုရှင်းပြသည်။ ထိုအသုံးအနှုန်းတွေ၊ အလင်္ကာ တွေကြောင့် ကဗျာက ဘယ်လို နှစ်သက်စရာကောင်းလာကြောင်း၊ ဘယ်လိုအရသာပေါ်လာကြောင်း သိုင်းသိုင်းဝိုင်းဝိုင်း ပြောပြသည်။ သို့ဆိုလျှင် စကားပြေသင်လျှင်လည်း ကဗျာသင်သလိုပင် စကားအသုံး အ နှုန်းတွေက ဘယ်လိုကောင်းသည်။ ဝါကျဖွဲ့ပုံတွေက ဘယ်လိုကောင်း သည်၊ စကားအချိတ်အဆက်က ဘယ်လို ထိမိသည် စသည့် စကားပြေ အရေးအသား နည်းနာများကို သုံး သပ်ပြီး မသင်ကြားနိုင်ဘူးလား။ ဤ သို့စကားပြေအရေးအသားကို သုံး သပ်သင်ကြားလျှင် ကျောင်းသားများ အတွက်လည်း များစွာအကျိုးရှိမည်။ အရေးအသားနှင့် ပတ်သက်၍ နည်း ယူစရာတွေရမည်။

စကားပြေရေးနည်းဖွဲ့နည်းများ ကို စနစ်တကျလေ့လာဆန်းစစ်ပြ သော စာအုပ်မျိုးကို လေ့လာချင် သည့်အတွက် စာကြည့်တိုက် တွေ မှာ လိုက်ရှာသည်။ အံ့ဩစရာကောင်း သည်မှာ ကဗျာရေး နည်းဖွဲ့နည်းနှင့် ပတ်သက်၍ ကဗျာဗန္ဓသာရကျမ်း၊ ကဗျာသာရတÄသင်္ဂြိုဟ်ကျမ်း၊ ကဝိ ဟာရတီကျမ်းစသည့် ကျမ်းကြီးများ ကစ၍ ကဗျာဖွဲ့နည်းကျမ်း အများ အပြားရှိသော်လည်း စကားပြေရေး နည်းဖွဲ့နည်းကျမ်းဟူ၍ တစ်စောင် တစ်ဖွဲ့မျှ မတွေ့ရခြင်းဖြစ်သည်။

စာတစ်စောင်ပေတစ်ဖွဲ့ မရေး ခဲ့သော်လည်း စာအရေးအသားအ ကြောင်း လမ်းညွှန်သည့် စာများကို တော့ အတန်အသင့်တွေ့ရသည့် အတွက် ဂရုတစိုက်လေ့လာဖြစ်ခဲ့ပါ သည်။ ပီမိုးနင်း၏ ‘ငွေကလောင် ကျမ်း’ခေါ် စာရေးနည်း လမ်းညွှန် စာအုပ်မှ လမ်းညွှန်ချက်များ၊ စာရေး ခြင်းသည် စိတ်ကို ရေးခြင်းဖြစ်သည် ဟူသော အဆိုအမိန့်၊ သိပ္ပံမောင်ဝ နှင့် အခြားကလောင်ရှင်များ ဆွေး နွေးကြသော ဝါကျတို ဝါကျရှည် ပြဿနာ၊ ရွှေဥဒေါင်း၏ တစ်သက် တာမှတ်တမ်းနှင့် အတွေးအခေါ်များ မှ စာအရေးအသားလမ်းညွှန်ချက် များ၊ မောင်ထင်၏ ‘စာရေးလိုသော်’၊ ‘စာရေးဆရာဖြစ်လိုသော်’ဆောင်းပါး များ စသည်တို့ကို လေ့လာရပါသည်။ ကျောင်းသားများကို စကားပြေသင် ကြားရာတွင် ဆရာကြီးများ လမ်းညွှန် ထားသည့် သဘောတရားနည်းနာ များကို ကိုးကား၍ သင်ကြားသော အခါ သူတို့ပို၍ စိတ်ဝင်စားလာသည် ကို တွေ့ရပါသည်။

စကားပြေသင်ကြားရေးအ တွက် မွမ်းမံသင်တန်းပြုလုပ်ရာတွင် ကျွန်တော်တို့ကို ဆရာဇော်ဂျီလမ်း ညွှန်ထားသော စာအုပ်တစ်အုပ်မှာ C-Book နှင့် R.P Warren တို့ ၂ ဦးပြုစုသော Fundamentalsof Good Writing ဆိုသောစာအုပ်ဖြစ် ပါသည်။ စာအရေးအသားကောင်း ၏။ အခြေခံများကို သာဓကများနှင့် တကွ ညွှန်ပြထားခြင်းဖြစ်သည်။ ဆရာဇော်ဂျီလမ်းညွှန်သည့်အတိုင်း ထိုစာအုပ်ကို ရန်ကုန်တက္ကသိုလ်စာ ကြည့်တိုက်မှ အကြိမ်ကြိမ်ငှား၍ ပြီး အောင် လေ့လာခဲ့ပါသည်။ အလား တူ အခြားစာအုပ်များလည်း လေ့လာ ခဲ့ပါသည်။ ထိုအခါ စကားပြေအရေး အသားနှင့်ပတ်သက်၍ မျက်စိပွင့် သွားပါသည်။ စကားအသုံးအနှုန်း၊ ဝါကျ၊ စာပိုဒ်၊ စာတစ်ပုဒ်လုံးဟူ၍ အဆင့်ဆင့် စနစ်တကျလေ့လာပုံ များ၊ စကားပြေရေးဟန်၊ စကားပြေ ကောင်းလက္ခဏာများ စသည်တို့ကို သာဓကများဖြင့် ရှင်းပြထားပုံမှာ အလွန်ကောင်းမွန်ပါသည်။ တစ်ဖက် တွင် ထိုသဘောတရားနည်းနာများ ကို ဖတ်ရှုလေ့လာသည်။ တစ်ဖက် တွင် စကားပြေသင်ကြားပို့ချခဲ့ပါ သည်။ အကြောင်းအရာသက်သက်ကို ပြန်ပြောပြရုံသက်သက်မဟုတ်ဘဲ အရေးအဖွဲ့နည်းနာများနှင့် ယှဉ်ဟပ် ၍ လေ့လာသင်ကြားပေးခဲ့ပါသည်။

ထိုမှတစ်ဆင့် စိတ်ကူးပေါ်လာ သည်မှာ စကားပြေသဘောတရား နည်းနာကို ဖော်ထုတ်ပြသော စာ အုပ်တစ်အုပ်ကို ကိုယ်တိုင်ရေးသား ပြုစုကြည့်ရန်ဖြစ်သည်။ ၁၉၆၅ ခုနှစ် လောက်ကစ၍ စကားပြေသဘော တရားနည်းနာဆိုင်ရာစာအုပ်များကို ရှာဖွေလေ့လာခဲ့သည်မှာ ဆယ်နှစ် လောက်ရှိသွားပါပြီ။ မြန်မာစာပေ ပညာရှင်များ၊ တိုင်းခြားစာပေပညာ ရှင်များ ညွှန်ပြသော သဘောတရား နည်းနာများကို ကိုးကား၍ ၁၉၇၆ ခုနှစ်တွင် စာအုပ်ကို စရေးပါသည်။ စာအုပ် အမည်ကို ‘စကားပြေသဘော တရား စကားပြေအတတ်ပညာ’ဟု ပေးလိုက်ပါသည်။

အခန်း ၁၀ ခန်းခွဲပြီး ကောင်း နိုးရာရာ စကားပြေသာဓကအကိုး အကားများဖြင့် ရေးသားပြုစုရာ ၁၉၇၆ ခုနှစ်တွင် ပြီးစီးသွားပါသည်။ ဖူးစကက်အရွယ်လက်နှိပ်စက်စာ မျက်နှာ ၃၀ဝ ကျော်ရှိပါသည်။ ထို စာမူကို စာရေးဆရာများဖြစ်သော ဆရာမင်းကျော်နှင့် ကိုတင်မိုးကိုပြ ကြည့်ရာ ဆရာတို့က သဘောကျ သွားသည်။ ကိုတင်မိုးက ‘ခင်ဗျား စာအုပ်ကို ထုတ်ဝေသူ ရှာပေးမယ်’ ဟု ပြောပြီး ထိုစဉ်က နာမည်ရနေ သော ‘ချင်းတွင်း’စာအုပ်တိုက်ကို အပ်ပေးသည်။ တစ်နှစ်ကျော်သည် အထိ အကျိုးအကြောင်း မသိရ၍ သွားမေးကြည့်တော့ ပုံနှိပ်ထုတ်ဝေ ဖို့ အစီအစဉ်မရှိသေးပါ’ဟု ပြောပြီး စာမူကို ပြန်ပေးလိုက်သည်။ ကျွန် တော်တော်တော်အားငယ်သွားပါ သည်။ စာအုပ်တစ်အုပ် ပုံနှိပ်ထုတ် ဝေဖို့ မလွယ်ပုံကိုလည်း သဘော ပေါက်သွားသည်။ တစ်နေ့တွင် ရန် ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်၊ မြန်မာ စာဌာနမှူး ဆရာဦးမြင့်ကြည်ကို ပြ ကြည့်ရာ ဆရာက စာအုပ်ကို မြန်မာ စာအသင်းက ထုတ်ပေးမည်ဟု စိတ် ထက်သန်စွာပြောသည်။ သို့ဖြင့် မြန် မာစာအသင်းက ထုတ်ဝေရန် ဆုံး ဖြတ်ပြီး ထိုစဉ်က ထုံးစံအတိုင်း စိစစ် ရေးအဖွဲ့အဆင့်ဆင့်သို့ တင်ပြီးနောက် ပုံနှိပ်ထုတ်ဝေသည့်အဆင့်သို့ အောင် အောင်မြင်မြင်ရောက်ခဲ့ပါသည်။

စာအုပ်ထွက်လာသောအခါ ဆရာများက အားပေးစကားပြောကြ သည်။ လုပ်ဖော်ကိုင်ဖက်အချို့က ဝမ်းသာစကားဆိုကြသည်။ မလိုမလား ပြောသော အပေါင်းအသင်းများလည်း ရှိပါသည်။ ဆရာဇော်ဂျီနှင့် ဆရာမင်း သုဝဏ်က ‘တို့မလုပ်ဖြစ်တာ သူလုပ် တာပဲ’ဟု မှတ်ချက်ချကြောင်း ဦးထွန်း မြင့် (တက္ကသိုလ်မင်းမော်) က ပြောပြ ၍သိရသည်။ ဆရာတိုက်စိုးက ‘ခင်ဗျားစာအုပ်ကောင်းတယ်။ နောက် တစ်အုပ်ရေးဦးဗျ’ဟု ပြောသည်။ ဆရာတက်တိုးက ‘မင်းစာအုပ်ကောင်း တယ်ကွ’ဟု ရိုးရိုးပင်ပြောသည်။ ကျွန်တော့်အတွက် ရှေ့ဆက်ရေးဖြစ် အောင် တွန်းအားပေးသောစကား များဖြစ်ပါသည်။

မောင်ခင်မင် (ဓနုဖြူ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*