မေတ္တာကြယ်

မေတ္တာကြယ်
August 14, 2018 AsianFame MediaGroup
မေတ္တာကြယ်

(၁)

”ဟယ်လို ကျော်အေးလား”

”ဟုတ်ကဲ့ ဘယ်သူလည်း မသိ ဘူး ခင်ဗျ”

”ကြီးမေပါ။ သူရိန်ရဲ့ အမေ လေ”

”အော် ကြီးမေ ပြောပါ။ ဘာ ကိစ္စရှိလို့လဲ”

”မင်းသူငယ်ချင်း။ သူရိန်ရဲ့ အကြောင်းလေး ကြီးကြီးကို စုံစမ်း ပေးပါ”

”ဘာဖြစ်လို့လဲ ကြီးကြီး”

”ဘာမှမဖြစ်ပါဘူးကွယ်။ သူ ဘာတွေလုပ်နေတယ်။ ဘယ်လိုနေ တယ်ဆိုတာ သိချင်လို့ပါ”

”ဟုတ်ကဲ့ကြီးမေ သားစုံစမ်းပြီးဖုန်းပြန်ဆက်ပေးပါ့မယ်”

”အော် အေးအေး။ ဒါပဲနော် သား”

ကျွန်မသားအကြောင်း သိရ တော့မယ်။ ကျွန်မထင်ထားသလို မဖြစ်စေဖို့ဘဲ ဆုတောင်းမိတယ်။

(၂)

”သားတက္ကသိုလ် မတက်တော့ ဘူး”

”ဘာပြောလိုက်တယ် သား”

”သားအလုပ် လုပ်ချင်တယ် အမေ”

”သားရယ် ဘာဖြစ်လို့ အလုပ် လုပ်ချင်ရတာလဲ”

”အမေပင်ပန်းတာကို မကြည့် ရက်ဘူး အမေ၊ သားအောက်မှာလည်း ညီနှစ်ယောက်၊ ညီမတစ်ယောက်ရှိ သေးတယ်လေ၊ သူတို့အတွက် သား အလုပ်လုပ်ပါရစေ အမေ”

”ဒီမယ်သား၊ အမေ့ကိုကြည့်၊ အမေပြောတဲ့စကားကို နားထောင်၊ လောကကြီးမှာ ပညာကအရေးကြီး တယ်သား၊ ဒါကြောင့် သား တက္က သိုလ်ဆက်တက်ရမယ်၊ သားသူငယ် ချင်းတွေလည်း တက္ကသိုလ်တက်ကြ မှာပဲလေ”

”တက်ပါစေ အမေ၊ သူတို့က ဘာသာရပ်တက္ကသိုလ်၊ သားကဘဝ တက္ကသိုလ်တက်မှာလေ”

”သားရယ် အမေပြောတာကို နာမလည်သေးဘူးလား၊ ဘဝဆိုတဲ့ တက္ကသိုလ်က ရှုပ်ထွေးလွန်းတယ် သား၊ ဒါကိုရင်ဆိုင်ဖို့ အတတ်ပညာ အသိပညာတွေသားမှာ မရင့်ကျက် သေးဘူး၊ သားတက္ကသိုလ် ဆက် တက်ပါ သားရယ်”

ကျွန်မနဲ့သားကြီး စစ်အေးတိုက် ပွဲတစ်ခုဖြစ်နေခဲ့တာကြာပါပြီ။ ဆယ် တန်းအောင်စာရင်းထွက်လာက တည်းကပဲ။ သားကြီးက တက္ကသိုလ် ဆက်မတက်ချင်။ ကျွန်မဖျောင်းဖျ တိုင်း မငြင်းဆန်သော်လည်း တက် မယ်ဆိုသော အဖြေမပေးသေး။ အကြောင်းပြချက်က ကျွန်မပင်ပန်း မှာ ကြောက်လို့တဲ့။ တက္ကသိုလ်ဆက် တက်စေချင်တဲ့ အကြောင်းထဲမှာ ဒီလိုသိတတ်မှုတွေကြောင့်လည်း ပါတယ်။ သိတတ်လိမ္မာတဲ့ ကျွန်မရဲ့ သားကြီးကို ပုံမှန်ဘဝထဲမှာ မရုန်း ကန်စေလို။ ဒီလိုအချိန်ရောက်တော့ သေသွားတဲ့ ယောက်ျားကို သတိရမိ သား။ သူသာရှိသေးရင် သားကို တက္ကသိုလ်ဆက်တက်ဖို့ ဒီလောက် ပြော စရာလိုမယ် မထင်။

(၃)

အငယ်မက ဒီနှစ် ကိုးတန်း။ လာမယ့်နှစ် ဆယ်တန်း။ ဆယ်တန်း ဆိုတော့ သိတဲ့အတိုင်း။ ငွေကြေးက ကုန်ရဦးမယ်။ ကျွန်မစဉ်းစားရကျပ် ပါဘိ။ လယ်လေးဧကနဲ့ အိမ်ဈေးဆိုင် ကြား ပြေးလွှားနေရတာက မသက် သာ။ လယ်ကလည်း အဆင်မပြေ။ စပါးမရ။ ပဲမရ။ ဒီကြားထဲ ဈေးက မကောင်း။ အိမ်ဈေးဆိုင်လေးရှိလို့ ခံ သာသေးတယ်။ တွေးရင်းတွေးရင်း ခေါင်းမူးလာသယောင်။ ပတ်ဝန်း ကျင်ကို သတိမထားမိ။

”အမေ…မျက်နှာမကောင်း ပါလား။ နေမကောင်းဘူးလား”

သားကြီးကမေးရင်း ကျွန်မနဖူး ကို လာစမ်းတယ်။ သားကြီးရဲ့လက်က ကြင်နာမှုကို ကျွန်မနှလုံးသားက ခံ စားရတယ်။ သားကြီးလက်ကို ကျွန်မ လက်နဲ့ ညင်ညင်သာသာလေးပြန် ဆုပ်ကိုင်လိုက်တယ်။

”အမေဘာမှမဖြစ်ပါဘူး သား။ အမေနေကောင်းပါတယ်”
ကျွန်မအသံ တိုးလျနေတယ် ထင်တယ်။

”အမေလိမ်နေတယ်။ အမေ ဘာဖြစ်နေလဲ သားကို ပြောပြပါ အမေ။ အမေ့အခက်အခဲတွေသားကို ပြောပြပါအမေ”

”အမေဘာမှမဖြစ်ပါဘူး သား ရဲ့။ သားအမေ ဒီနေ့သားကြိုက်တဲ့ အမဲသားဟင်း ချက်ထားတယ်၊ ထမင်းစားရအောင်”

သားကြီးလက်ကိုဆွဲရင်း မီးဖို ချောင်ထဲ ဝင်လိုက်တယ်။ သားကြီး မျက်နှာက အနည်းငယ်မကျေနပ် သယောင်။ မတတ်နိုင်ဘူးလေ။ ကျွန်မအခက်အခဲတွေ သားကြီး သိ လို့မဖြစ်ဘူး။

တက္ကသိုလ်မတက်ဘဲ နေလိမ့် မယ်။ သားကြီးရှေ့မှာ ပြုံးပျော်နေ မှဖြစ်မယ်။

(၄)

တက္ကသိုလ်တွေ ဖွင့်တော့မှာပါ လား။ သားကြီးဆီက အဖြေမသိရ သေး။

”အမေ …အမေ”

”ဟဲ့ ဘာလို့ဒီလောက်အော်နေ တာလဲ။ အမေ မီးဖိုထဲမှာ”

”သား တက္ကသိုလ်တက်မယ် အမေ”

”သားတကယ်ပြောတာလား”

”ဟုတ်တယ်အမေ။ ရွာတောင် ပိုင်းက ကျော်အေးနဲ့ ရန်ကုန်မှာ စီးပွားရေးတက္ကသိုလ်တက်မယ် အမေ။ စီးပွားရေးပညာရှင်ကြီးဖြစ် အောင် ကြိုးစားပြီး အမေ့ကို ပြန် လုပ်ကျွေးမယ် အမေ”

”ရပါတယ်သားရယ်။ အမေက ငါ့သားတက္ကသိုလ်တက်မယ်ဆိုရင်ပဲပျော်နေပြီ”

သားကြီးက ကျွန်မကို တက္က သိုလ်ဆက်တက်မယ် ပြောနေသော် လည်း တစ်ခုခုကို လျှို့ဝှက်ထားတဲ့ပုံ ပဲ။ ဘာပဲဖြစ်ဖြစ် သားကြီးတက္ကသိုလ် တက်မယ်ဆိုတော့ ကျွန်မပျော်တယ်။ စုထားတဲ့ ပိုက်ဆံလေး ရေကြည့်မိ တော့ ကျပ်သုံးသိန်း။ အသုံးအဆောင် ပစ္စည်း၊ အဆောင်စရိတ်၊ ထမင်း စရိတ်နဲ့ စာရွက်စာတမ်းဖိုး တစ်လစာ တော့ လောက်ကောင်းပါရဲ့။ သား ကြီးတက္ကသိုလ် သွားရမယ့်နေ့မတိုင် မီ အမျိုးတွေကို လိုက်နှုတ်ဆက်ခိုင်း တယ်။ ပစ္စည်းတွေလည်း ဝယ်ပြီးပြီ။

”အမေ့ကို သားကန်တော့ပါ တယ်”

”အခုလိုမိဘကို သိတတ်တဲ့ ငါ့ သားလိမ္မာလေး။ သွားလေရာ လာ လေရာ ဘေးမသီရန်မခဘဲနဲ့ ချော ချောမွေ့မွေ့ ရောက်ပါစေကွယ်။ သား စာကို ကြိုးစားနော်”

”ဟုတ်ကဲ့ပါ အမေ”

ဆုပေးနေရင်း မျက်ရည်မကျ မိအောင် ထိန်းရတယ်။ ပျော်ရွှင်ခြင်း နဲ့ ဝမ်းနည်းခြင်းကို တစ်ပြိုင်နက် ခံ စားနေရတယ်။ ထွက်သွားတဲ့ သား ကြီးရဲ့ ကျောပြင်ကိုကြည့်ရင်း မျက် ရည်တစ်ပွင့်လက်ခနဲ။

(၅)

ကျွန်မလေ သားကြီး ရန်ကုန်ကို စသွားတဲ့ အချိန်ကစပြီး တစ်ပတ် လောက်ထိ ကောင်းကောင်းအိပ် မပျော်။ တစ်ပတ်ပြည့်တော့ သားကြီး ဖုန်းဆက်လေရဲ့။

”ဟယ်လို အမေ။ အမေနေ ကောင်းလား။ သား ဒီမှာအဆင်ပြေ တယ် အမေ”

”အေး အမေနေကောင်းပါ တယ်။ ငါ့သားကော နေကောင်းလား။ ကျန်းမာရေး ဂရုစိုက်နော်။ စာတွေ ကော လိုက်နိုင်ရဲ့လား”

”လိုက်နိုင်ပါတယ် အမေ။ သား နေကောင်းပါတယ်”

”သားပိုက်ဆံကော လောက်ရဲ့ လား”

”လောက်ပါတယ် အမေ။ သား သုံးတတ်ပါတယ်။ အမေဒါပဲနော်။ ဖုန်းချလိုက်တော့မယ်”

”အော် အေးအေး သား”

အဲဒီလိုပဲ။ သားကြီးက ပိုက်ဆံ အကြောင်းပြောတိုင်း ဖုန်းချသွား တတ်တယ်။ အမေ့ကို ဂျီမကျ။ မနေ နိုင်တဲ့အဆုံး ကျွန်မကပဲ ပိုက်ဆံလွှဲ ပေးရတော့တယ်။ ကျွန်မပိုက်ဆံလွှဲ ပေးရင်တော့ ယူတယ်။ လိုတယ်လို့ တစ်ခါမှ မတောင်းဖူးဘူး။ ဒါတောင် လယ်တွေရောင်းပြီး ကျွန်မ စပါးရိတ်၊ ကောက်စိုက်လိုက်နေတယ်ဆိုတာ သိရင်တော့ တက္ကသိုလ် ဆက်မ တက်ပဲ ပြန်လာမှာလား မပြောတတ်။ ဒီလိုနဲ့ သားကြီး ပထမနှစ်ပြီးခဲ့ပြီ။ မှတ်မှတ်ရရ တစ်နှစ်လုံးမှ ပိုက်ဆံ သုံးလေးသိန်းသာ လွှဲပေးခဲ့ရတယ်။

(၆)

ဒီနှစ်အငယ်မ ဆယ်တန်း။ သမီးကိုလည်း တစ်နှစ်တည်း နှစ်ချင်း ပေါက် အောင်စေချင်မိတယ်။ ဒါ ကြောင့် ဘော်ဒါထားဖို့ ဆုံးဖြတ်လိုက် တယ်။ စုထားတဲ့ ပိုက်ဆံလေးကြည့်မိ တော့ ကျပ်လေးသိန်း။ လယ်ရောင်းရ တဲ့ ပိုက်ဆံကလည်း သီးနှံရှုံးလို့ ပြန် ဆပ်ရတာနဲ့ ကုန်ပြီ။ ကျွန်မလက်က ကျွန်မနားကို အလိုလို ရောက်သွား တယ်။ နားကပ်ပေါင်လိုက်တော့ နှစ် သိန်း။ ပေါင်းခြောက်သိန်း။ ဘော်ဒါ ကြေးက ရှစ်သိန်း ။ သေတ္တာ ဘာညာ ဝယ်မှာခြမ်းမှာနဲ့ ပိုက်ဆံကျပ်သုံးသိန်း လောက်က လိုနေပြီ။ ကျွန်မဘာလုပ် ရမှန်းမသိတော့။ စဉ်းစားလို့မရသေး။ သားကြီးဆီမှဖုန်းဝင်လာတယ်။

”အမေ သားပိုက်ဆံကျပ်လေးသိန်း လွှဲလိုက်တယ်။ အဲဒါအမေ သွား ထုတ်လိုက်နော်။ သားအရေးကြီး နေ လို့ သားဖုန်းချလိုက်တော့မယ်”

ကျွန်မဘက်က ဘာမှပြန်ပြော ချိန် မရလိုက်။ ဖုန်းပြန်ခေါ်တော့ စက်ပိတ်ထားသည်တဲ့။ ပိုက်ဆံလိုနေချိန် ရတဲ့အတွက် စိတ်အေးသွားရတယ်။

နောက်တစ်နေ့ ဘဏ်က ပိုက် ဆံထုတ်။ သမီးကို ဘော်ဒါသွားအပ်။ အိမ်ပြန်ရောက်တော့ နေ့လယ်သုံး နာရီထိုးနေပြီ။ အနားယူမယ်ကြံလိုက် တော့ သားကြီးအကြောင်း တွေးမိ ပြန်တယ်။ သားကြီးပိုက်ဆံတွေ ဘယ် ကရသလဲ။ သားကြီး မကောင်းတဲ့လုပ် ငန်းတွေ လုပ်နေတာလား။ မဖြစ်နိုင် ပါဘူးလေ။ သားကြီးက ဒီလိုလူစားမှ မဟုတ်တာ။ ညတွေ နေ့တွေက ရှည် လွန်းလိုက်တာ။ ဖုန်းလာတိုင်း ကျော် အေးဖုန်းမှတ်လို့ ပြေးပြေးကိုင်ရတာ အမော။ တစ်ရက်၊ နှစ်ရက်၊ သုံးရက် ကြာတော့ သားကြီးအပေါ်စိုးရိမ်မှု တွေက ပိုတိုးလာတယ်။ သားကြီးရယ် အမေ ရင်မောရပါဘိ။

(၇)

”ကလင်…ကလင်…ကလင်”

ဖုန်းမြည်သံကြောင့် ကျွန်မက မီးဖိုထဲက အပြေးအလွှားပြေးထွက် လာတယ်။

”ဟယ်လို”

”ဟယ်လို ကြီးမေလား။ သား ကျော်အေးပါ။ ကြီးမေ စုံစမ်းခိုင်းတဲ့ သူရိန်အကြောင်း ပြောချင်လို့ပါ”

”ပြောလေ ကျော်အေး”

”သူစာလည်း ကြိုးစားတယ်။ အားကစားလည်းလုပ်တယ်။ စည်းကမ်း ရှိရှိနေတယ်။ ပိုက်ဆံကို နည်းနည်း ပဲသုံးတယ်။ ဒါပေမဲ့ ညကျရင် ညဥ့် နက်မှ အဆောင်ပြန်လာတတ်တယ်”

ဘုရား ဘုရား … ကျွန်မ ခြေမကိုင်မိ လက်မကိုင်မိ။ ကျွန်မ ရင်တွေ ပူလာတယ်။ ကျွန်မထင်ထား သလို ဖြစ်နေပြီလား။ ဖုန်းကိုင်ထား တဲ့ လက်က မမြဲချင်တော့။ မနည်း ထိန်းနေရတယ်။

”ဒီလိုကြီးမေရေ။ ကော်ဖီဆိုင် မှာ ညပိုင်းအလုပ်ဝင်လုပ်တယ်တဲ့”

”ဟူး” …တော်ပါသေးရဲ့ သားကြီးရယ်။ ကျော်အေး ဘာတွေ ဆက်ပြောလို့ ပြောမှန်းလည်း မကြားမိတော့။ ဖုန်းဘယ်အချိန်ချ သွားမှန်းပင် မသိတော့။ ကျွန်မသား ကြီးအတွက် စိတ်အေးသွားတယ်။ အလုပ်လုပ်နေပါတယ်လို့ စောစောထဲ ကတည်းက ပြောထားပါလား သား ရယ်။ အမေ့ကို ချစ်တဲ့စိတ်နဲ့ အမေ့ အတွက် အလုပ်လုပ်တာကိုဖုံးထားတဲ့ သားကြီး။

”အမေ အမေ အမေ့သားကို ထွက်ကြည့်ပါဦး”

သားကြီး အသံပါလား။ ကျွန် မအသားကို ဆွဲဆိတ်ကြည့်တယ်။ နာတယ်။ ဟင် ဒါဆို အိပ်မက်မဟုတ် ဘူးပေါ့။ ကျွန်မသားကြီး အိမ်ရှေ့ ရောက်နေပြီပေါ့။ သားကြီးပြန်လာပြီ ပေါ့။ ကျွန်မအိမ်ရှေ့ကို ပြေးထွက် သွားတယ်။ သားကြီးက ပြုံးပြုံးကြီး ကြည့်လို့။ ကျွန်မသားကြီးကို ပြေး ဖက်လိုက်တယ်။

ဒီညကောင်းကင်မှာ လမရှိပေ မယ့် ကမ္ဘာမြေလင်းနေလေရဲ့။

နေဆောင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*