ကျွန်တော်နေခဲ့သောအိမ်(၁၄)

ကျွန်တော်နေခဲ့သောအိမ်(၁၄)
August 14, 2018 AsianFame MediaGroup
ကျွန်တော်နေခဲ့သောအိမ်(၁၄)

ကျွန်တော်ယခုနေထိုင်လျက်ရှိ သောအိမ်ကို ၂ဝဝ၆ ခုနှစ် မှာ ပြောင်းခဲ့ပါသည်။ ကမာရွတ် လှည်းတန်းလမ်း၊ လှည်းတန်းဈေးနှင့် မျက်နှာချင်းဆိုင်မှာ တည်ရှိသော ‘စန္ဒာမြိုင် ကွန်ဒို’ဖြစ်သည်။

အိမ်သမိုင်းကို စပြောရန် စိတ် ကူးပေါ်လာသည်။ ၁၉၉ဝ ပြည့်နှစ် လောက်အထိ ထိုနေရာမှာ သစ်သား အိမ်ကြီးတစ်အိမ်ရှိသည်ကို ဖြတ် သွား ဖြတ်လာရင်း သတိပြုမိပါသည်။ ထိုအိမ်ကြီးကို ‘အိမ်မည်းကြီး’ဟု လွယ်လွယ်ခေါ်ကြသည်။ ထိုအိမ်ကြီး မှာ ကျောင်းသူတွေကို ‘ဘော်ဒါ’ထား သည့်အတွက် အမျိုးသမီးဘော်ဒါ ဆောင်ဟုလည်း သိနေကြသည်။ နယ်တက္ကသိုလ်တစ်ခုမှ ပြောင်းလာ သော တပည့်တစ်ယောက် ထိုအိမ် ကြီးမှာ ဘော်ဒါနေသည်ဟု ပြောသံ ကြားရသည်။ ထိုအိမ်ကြီးအကြောင်း ကို ထိုမျှသာ သိပါသည်။

ကျွန်တော်တို့ မိသားစု ဂျပန်မှာ ရှိနေတုန်း သူငယ်ချင်းတစ်ယောက် က စာရေးပြီး အသိပေးသည်။ ထို အိမ်မည်းကြီးနေရာမှာ ကွန်ဒို ဆောက်မည်ဖြစ်၍ ကြိုပွိုင့်စနစ်ဖြင့် အရစ် ကျငွေသွင်းပြီး ဝယ်နိုင်သည့်အ ကြောင်းဖြစ်သည်။ ကမာရွတ်လှည်း တန်းဆိုသောနေရာမှာ ကျွန်တော်တို့ လက်ထပ်စကတည်းက အနှစ် ၂ဝ ကျော် နေထိုင်ခဲ့သည့်အပြင် ‘ဈေးနီး ကျောင်းနီး’ဟု ဆိုနိုင်သော နေရာ ဖြစ်သည့်အတွက် လှည်းတန်းမှာပင် အခြေချရန် ဆုံးဖြတ်ပြီး သူငယ်ချင်း ကိုပင် လိုအပ်သည့်ကိစ္စဆောင်ရွက် ပေးဖို့ အကူအညီတောင်းလိုက်သည်။ အရစ်ကျသွင်းရမည့်ငွေကိုလည်း သူ ငယ်ချင်းဆီ ပို့ပေးသည်။ သူက အိမ် ပုံစံတို့၊ အကျယ်တို့၊ အိမ်အနေအထား တို့ကအစ အသေးစိတ်အသိပေး သည်။ ဆယ်ကြိမ်ငွေသွင်းပြီးတော့ တန်ဖိုးပြည့်သွားသည်။ ကျွန်တော်တို့ ဂျပန်မှ ပြန်ဖို့ တစ်နှစ်ကျော်လောက် လိုသေးသည်။ မြန်မာနိုင်ငံ ပြန် ရောက်လျှင် အိမ်လည်း ပြီးလောက် ပြီ။ တက်နေစရာ အိမ်အဆင်သင့်ရှိ ပြီဟူသော အတွေးဖြင့် စိတ်အေး သွားကြသည်။ ကွန်ဒိုက ၁၂ ထပ် ဆောက်မည်ဖြစ်ပြီး ကျွန်တော်တို့ အိမ်ခန်းက ၄ ထပ်မှာ ဖြစ်ကြောင်း သူငယ်ချင်းပို့ပေးသော အိမ်ပုံစံအရ သိရသည်။

၁၉၉၉ ခုနှစ်ကုန်ခါနီးမှာ ကျွန် တော်တို့ ပြန်ရမည်။ သူငယ်ချင်းကို စုံစမ်းကြည့်တော့ အိမ်က အုတ်မြစ် ချပြီးရုံပဲရှိသေးကြောင်း မြေရှင်က စေ့စပ်သေချာသည့်အတွက် ကန်ထ ရိုက်နှင့်အချိန်ယူဆွေးနွေးဆောင် ရွက်နေကြောင်း ကြားရသည်။ သည် လိုဆိုလျှင်တော့ ပြန်ရောက်ရောက် ချင်း ထိုအိမ်ကို တက်နေနိုင်မည် မဟုတ်သေးပါ။ သူငယ်ချင်းကိုပင် အပူကပ်ရပြန်သည်။ သူငယ်ချင်းက လှိုင်မြို့နယ်က လှိုင်သီရိအိမ်ရာတွင် ရှိသော သူ့မိတ်ဆွေ၏ အခန်းမှာနေ ဖို့ စီစဉ်ပေးထားသည်။ ဂျပန်မှ ပြန် ရောက်တော့ ‘စန္ဒာမြိုင်ကွန်ဒို’ ဆောက် နေသည့် အခြေအနေကို သွားကြည့် သည်။ အုတ်မြစ်တော့ အခိုင်အမာရှိ နေပါပြီ။ ရည်ရွယ်သည့် အချိန်ထက် တော့ နောက်ကျနေပါသည်။ တော်ပါ သေးသည်။ မကြာခင် ရန်ကုန်တက္က သိုလ် အဓိပတိလမ်း အိမ်အမှတ် ၃ဝ ကို ချပေးသည့်အတွက် နေရေး အဆင်ပြေသွားသည်။ မိတ်ဆွေ အပေါင်းအသင်းတွေက ”အိမ်ဘယ် တော့ ပြီးမှာလဲ”ဟု စိတ်ပူပြီး မေးကြ သည်။ ”အချိန်တန်ရင် ပြီးမှာပေါ့”ဟု သဘောထားပြီး စိတ်အေးလက်အေး ပင်နေလိုက်ကြသည်။

ကြည့်နေရင်း စန္ဒာမြိုင်ကွန်ဒိုမှာ တဖြည်းဖြည်း ရုပ်လုံးပေါ်လာပါသည်။ ၂ဝဝ၆ ခုနှစ်၊ အငြိမ်းစားယူ ရခါနီး လပိုင်း အလိုလောက်မှာတော့ အိမ်က ပြီး သလောက်ရှိနေပါပြီ။ သို့သော် အိမ် လုံးသက်သက်သာဖြစ်၍ လိုအပ် သည့်အမွမ်းအမံများ လုပ်ရပါ သည်။ ကြမ်းကို ပါကေးခင်းရသည်။ လိုအပ် သည့် အိမ်ထောင်ပရိဘောဂများ တပ်ဆင်ရသည်။ အထူးသဖြင့် စာအုပ်များ အဆင်ပြေပြေထားနိုင် ဖို့ နံရံကပ်ဗီရိုတွေ၊ နံရံကပ်စင်တွေ ကို ဇနီးက စိတ်ကူးပုံဖော်သည်။ အခန်းတွေမှာ ‘အဲကွန်း’တပ်ရသည်။ အိမ်ပြောင်းခါနီးမှာ အိမ်ရှင်နှင့်လည်း ဆွေးနွေးရသည်။ အိမ်ရှင်မှာ အငြိမ်း စားအင်ဂျင်နီယာကြီးတစ်ဦးဖြစ် သည်။ အိမ်ကို အချိန်ယူ၍ အခိုင် အမာ တည်ဆောက်ရပုံကို ရှင်းပြ သည်။ ၂ဝဝ၆ ခုနှစ် နှစ်လယ်မှာ တော့ ကျွန်တော်ရော ဇနီးပါ အငြိမ်း စားယူပြီးဖြစ်၍ အဓိပတိလမ်းက အိမ်ကို ပြန်အပ်ခဲ့ပြီး အိမ်သစ်သို့ ပြောင်းခဲ့ကြပါသည်။

တပည့်ကျောင်းသူကျောင်းသား များက အိမ်ပြောင်းရာမှာ ပျော်ပျော် ပါးပါးလုပ်အားပေးကြသည်။ အိမ် ထောင်ပရိဘောဂတွေ၊ စာအုပ်တွေ ကို သယ်ပေးကြသည့်အပြင် အိမ်သစ် မှာ နေရာချထားပေးကြသည်။ စန္ဒာ မြိုင်ကွန်ဒိုက အောက်ဆုံး ၂ လွှာမှာ ဆိုင်ခန်းများ ချထားသည်။ ၃ လွှာ မှာတော့ အိမ်ရှင်ညီအစ်ကိုမောင်နှမ မိသားစုများ နေထိုင်ကြသည်။ ၄ လွှာကစပြီး ရောင်းချခြင်းဖြစ်ရာ ကျွန်တော်တို့ သူငယ်ချင်း၏ ကျေးဇူး ကြောင့် စောစောစီးစီး ငွေသွင်းရပြီး ၄ လွှာ၊ အခန်းအမှတ် ‘၄ ဘီ ၁’ မှာ နေရာရခြင်းဖြစ်သည်။

ပင်မအိပ်ခန်းမှာ ရေချိုးခန်း၊ အိမ်သာတွဲထားပြီး သီးခြားအိပ်ခန်း ၂ ခန်းလည်းပါသည်။ ဧည့်ခန်း၊ ထမင်း စားခန်း၊ မီးဖိုခန်း၊ ရေချိုးခန်းတို့ နှင့် သေသေသပ်သပ်ရှိသည်။ အိပ်ခန်း ဝရန်တာက ပြည်လမ်းဘက်ကို မျက်နှာမူနေသည်။ ပင်မအိပ်ခန်းကို ကျွန်တော်တို့ ၂ ယောက်ယူပြီး သမီး အတွက် အိပ်ခန်းတစ်ခန်း၊ ဘုရား ခန်းနှင့် စာကြည့်ခန်းတွဲပြီး အခန်း တစ်ခန်းသတ်မှတ်လိုက်သည်။ အိမ် မပြောင်းခင်ကတော့ လမ်းပေါ်က အသံဗလံတွေ ဆူဆူညံညံကြားနေရ လိမ့်မည်ဟုထင်သော်လည်း အိမ်တံ ခါးပိတ်ထားလိုက်လျှင် ဘာအသံမှ မကြားရတော့ဘဲ တိတ်တိတ်ဆိတ် ဆိတ်ရှိသည်ကို တွေ့ရ၍ သဘောကျ သွားသည်။

လှည်းတန်းလမ်းမဘက် ၃ လွှာ အထက်နားမှာ Sandarmyaing Condo ဟူ၍ အိမ်နာမည်စာတန်း ထိုးထားသည်။ ၂ နှစ်လောက်အကြာ မှာတော့ အောက်ထပ် ၂ လွှာမှာ စိန်ဂေဟာ ကုန်တိုက်ဖွင့်သည့် အတွက် ‘လှည်းတန်းစိန်ဂေဟာ’ ဟု အများသိကြပါသည်။

အိမ်ပြောင်းပြီးနောက် လှည်း တန်းသံသရာလည်ပုံကို တွေးရင်း ပြုံးမိသည်။ ၁၉၇၃ ခုနှစ်ကစပြီး ကျွန်တော်တို့ မိသားစု လှည်းတန်းမှာ ၂၁ နှစ်တိုင်တိုင်နေပြီးနောက် ၁၉၉၄ ခုနှစ်မှာ လှည်းတန်းမှ ခွာခဲ့ပြီး ၁၂ နှစ်အကြာ ၂ဝဝ၆ ခုနှစ်မှာ လှည်း တန်းသို့ ပြန်ရောက်လာရပြန်ပါပြီ။ နေနေကျနေရာဖြစ်၍ လှည်းတန်းမှာ ပဲနေချင်ပါသည်။ ထိုဆန္ဒယခုပြည့် ပါပြီ။ ကျွန်တော်တို့နှင့် တစ်သက်လုံး ပတ်သက်ခဲ့သော ရန်ကုန်တက္ကသိုလ် နှင့် မနီးမဝေးမှာ နေရသည့်အတွက် အဆင်ပြေပါသည်။ နှစ်ယောက်စလုံး ယခုထိ ဆောင်ရွက်ပေးနေရဆဲဖြစ် သော တက္ကသိုလ် မြန်မာစာဌာန ကိစ္စများကို နီးနီးကပ်ကပ်ဆောင် ရွက်ပေးနိုင်သည်။ တပည့်များ၊ မိတ် ဆွေများလည်း အလွယ်တကူလာနိုင် သည်။ သူငယ်ချင်းတစ်ယောက်က ”မင်းတို့ကတော့ လှည်းတန်းက ကုတ်နဲ့ကော်ထုတ်တောင် တခြား နေရာပြောင်းမှာ မဟုတ်ဘူး”ဟု ကျီစယ်သည်။ ”အိမ်ပေါ်က အောက် ဆင်းလိုက်တာနဲ့ စားစရာမျိုးစုံ ဝယ် စားလို့ရတဲ့နေရာပဲ” ဟု အားကျပြီး ပြောသူများလည်းရှိသည်။

တချို့ကတော့ ”ကိုယ့်မြေကိုယ့် ခြံကလေးနဲ့ အိမ်ဆောက်ပြီးနေပါ လား”ဟု အကြံပေးသည်။ ကျွန်တော် တို့ကတော့ ယခုနေထိုင်ရသောပုံစံ သည် ကျွန်တော်တို့မိသားစုအတွက် အဆင်ပြေဆုံးပုံစံဖြစ်သည်ဟု ခံယူ ထားပါသည်။ မိသားစုက ၃ ယောက် တည်းရှိသည်မို့ သီးခြားအိမ်နှင့်နေဖို့ အဆင်ပြေမည် မဟုတ်ပါ။ တစ် ယောက်ခရီးသွားစရာရှိလျှင် တစ် ယောက်ကို အိမ်မှာ စိတ်ချလက်ချ ထားခဲ့နိုင်သည့် ပတ်ဝန်းကျင်မျိုးဖြစ် မှသာ အဆင်ပြေပါလိမ့်မည်။ ယခု လို ကွန်ဒိုအခန်းမှာနေတော့ အိမ်နီး ချင်းများလည်း နီးနီးကပ်ကပ်ရှိသည်။ အကြောင်းကိစ္စရှိလျှင် တစ်ယောက် ကိစ္စ တစ်ယောက်က ကြည့်ရှုနိုင် သည်။ သူခိုးသူဝှက်ရန်ကစ၍ အ ဟန့်အတားရှိသည်။ အသက်အရွယ် ရလာချိန်မှာ စိတ်ချလက်ချ၊ စိတ် အေးလက်အေးနေနိုင်သည့် ပတ် ဝန်းကျင်မျိုးဖြစ်ပါသည်။

ကျွန်တော့်မှာ အငြိမ်းစားယူပြီး အသက်အရွယ်ရခါမှ အလုပ်တွေက မဖြတ်နိုင်သေးဘဲ ရှိသည်။ ရန်ကုန် တက္ကသိုလ်မှာ မြန်မာပါရဂူအကြို သင်တန်းတွေကို ယခုအထိ သွား သင်ပေးနေဆဲဖြစ်သည်။

ရန်ကုန်ပရိယတ္တိသာသနာ့ တက္ကသိုလ်မှာလည်း စာသင်သားသံ ဃာများကို အပတ်စဉ်သင်ကြားပို့ချ ပေးနေသည်မှာ ဆယ်နှစ်ကျော်ပါပြီ။ စာပေအသင်းအဖွဲ့ကိစ္စများတွင် လည်း ပါဝင်ဆောင်ရွက်နေဆဲဖြစ် သည်။ အသက်အရွယ်အရ အလုပ် တွေ လျှော့ရမည်ဟု သဘောပေါက် ပါသည်။ လျှော့နိုင်သလောက်လည်း လျှော့သည်။ ရပ်ဝေးခရီးမသွားတော့ ပါ။ ရန်ကုန်နှင့် အနီးအနားပတ်ဝန်း ကျင်ကျတော့ သွားနေဆဲ၊ ပြောဆို ဆွေးနွေးနေဆဲ၊ ဟောပြောသင်ကြား နေဆဲဖြစ်သည်။ ထိုအလုပ်များကို အကြောင်းပြု၍ ကျွန်တော့်ကို နေ့ စဉ်လိုလို ကားဖြင့်လာခေါ်ကြသည်။ ပြန်ပို့ကြသည်။ စန္ဒာမြိုင်ကွန်ဒိုကို ပြောင်းလာခါစတုန်းကတော့ ကျွန် တော့်ကို အကြိုအပို့အမျိုးမျိုးနှင့် ကျူ ရှင်လှည့်ပြနေသော ကျူရှင်ဆရာ ကြီးများလားဟု အချို့က ထင်ပုံရပါ သည်။ ကျွန်တော့်အလုပ်များတွင် ကျူရှင်ပြသည့် အလုပ်တစ်ခုမျှ မပါ ပါ။ ပြီးတော့ ထိုအလုပ်များကို မလွှဲ မရှောင်သာသည့်အတွက် လုပ်နေ ခြင်းလည်း မဟုတ်ပါ။ လုပ်လိုသော ဆန္ဒဖြင့် ပေါ့ပေါ့ပါးပါးလုပ်နေခြင်း သာဖြစ်ပါသည်။

ငယ်စဉ်ကတော့ ”တစ်နေ့မှ အိမ်မကပ်ဘူး”ဟု ဆိုရလောက် အောင် အပြင်သို့ အထွက်များသော် လည်း ယခုအချိန်မှာတော့ ကိုယ့်အိမ် မှာပဲ အေးအေးဆေးဆေး စာရေး စာဖတ် စကားစမြည်ပြောရင်း နေ ထိုင်ချင်သည့် စိတ်က ထက်သန်နေ ပါပြီ။ အလျဉ်မပြတ်နိုင်သည့်ကိစ္စ များ ရှိနေ၍သာ အပြင်ကို ထွက်နေ ရခြင်းဖြစ်ပါသည်။

နောက်တစ်ခုက အလုပ်ကိစ္စရှိ ၍ အပြင်မှာ လှုပ်ရှားခဲ့ပြီးသည့် နောက် အိမ်ပြန်လာ၍ တံခါးပေါက် ဝရောက်သည်နှင့် စိတ်လက်ပေါ့ပါး စွာ ခံစားလိုက်ရခြင်း ဖြစ်ပါသည်။ ‘အိမ်ပြန်ရောက်ပြီ’ဆိုသော အသိ ဖြင့် သွက်လက်ပေါ့ပါးစွာ အိမ်ထဲသို့ ဝင်လာပြီး အိမ်သားများကို နှုတ် ဆက်ပြီးတော့ ခုတင်ထက်မှာ ခဏ လောက် အပန်းဖြေ လဲလျောင်းလိုက် ရသည့် အရသာကတော့ အသက် အရွယ်အရ နှစ်သက်တတ်လာသည့် အရသာဖြစ်လိမ့်မည်ဟု ထင်ပါသည်။

မောင်ခင်မင် (ဓနုဖြူ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*