ကျွန်တော်နေခဲ့သောအိမ် (၁၃)

ကျွန်တော်နေခဲ့သောအိမ် (၁၃)
August 8, 2018 Asian Fame Media
ကျွန်တော်နေခဲ့သောအိမ် (၁၃)

ရန်ကုန်တက္ကသိုလ် အဓိပတိ လမ်းထိပ်က အိမ်အမှတ် ၃၅ မှာ ကျွန်တော်တို့မိသားစု ၆ နှစ် ခွဲနေခဲ့ကြပါသည်။ အိမ်အကြောင်းပြောရင်း အိမ် နှင့်ဆက်စပ်နေသော အကြောင်း ကလေးများကို သတိရလာပါသည်။ အိမ်ခြံဝင်းထဲမှာ အိမ်အလုပ်သမား များအတွက် ဆောက်ထားသော အခန်း ၆ ခန်းတောင်ရှိသည်။ ၆ ခန်း တောင်ဟု ဆိုရခြင်းမှာ အခြားအိမ် များတွင် အလုပ်သမား အိမ်ခန်းများ ထိုမျှလောက် မများသည်ကို သတိ ထားမိသောကြောင့်ဖြစ်သည်။ ကားဂို ဒေါင်ကလည်း ၂ လုံးရှိသေးသည်။ အစဉ်အဆက်ကတည်းက အိမ်ကြီး နှင့်အတူ ယာဉ်မောင်းတို့၊ ထမင်း ချက်တို့၊ သန့်ရှင်းရေးအလုပ်သမား တို့စသည်ဖြင့် အိမ်မှုကိစ္စများ ဆောင် ရွက်ပေးရသည်။ အလုပ်သမားများ နေထိုင်ဖို့ ရည်ရွယ်ဆောက်လုပ်ထား သော အိမ်ခန်းများဖြစ်သည်။ မရိုင်း အောင် အင်္ဂလိပ်လိုသုံးနှုန်းရလျှင်တော့ Servant’s quarter ဆိုပါတော့။

ရှေးသရောအခါတုန်းကတော့ ပါမောက္ခများ နေသွားသည့် ထိုအိမ် ကြီးများမှာ အိမ်အလုပ်သမားများ ကလည်း သူ့အခန်းနှင့်သူ နေထိုင်ပြီး အိမ်ဝေယျာဝစ္စကို ဆောင်ရွက်ခဲ့ကြ ပါလိမ့်မည်။ နောက်ပိုင်းကျတော့ အခြေအနေတွေပြောင်းလာသည်။ အိမ်ရှင်တွေက အလုပ်သမားတွေ၊ ထားတန်သလောက်ထားပြီး လွတ်နေ သောအခန်းများတွင် တပည့်တွေ၊ ဝန်ထမ်းငယ်တွေကို ခင်ရာခင်ကြောင်း နေခွင့်ပြုထားသည်။ အဆောင်မရ သော ကျောင်းသားများထဲကလည်း အဆက်အသွယ်ဖြင့် ထိုအိမ်ခန်း ကလေးတွေမှာ နေထိုင်သူတွေရှိ သည်။ ထိုသို့နေထိုင်ကြရင်း အခန်း ငှားနေသည့် သဘောဖြစ်လာသည်။ အိမ်ရှင်ကို အခန်းလခ ပေးပြီးနေ သည့်သူများလည်း ရှိလာသည်။ တကယ်တော့ ထိုအခန်းငယ်များကို တရားဝင် ငှားရမ်းခွင့်မရှိပါ။ မကင်း ရာ၊ မကင်းကြောင်း နေထိုင်သူများ ရှိလာရာမှ အခန်းငှားသည့် ပုံစံမျိုး သက်ရောက်လာသည်။ ငှားနေသူ များကလည်း နေရထိုင်ရသည်မှာ ကျဉ်းကျဉ်း ကျပ်ကျပ်ရှိသော်လည်း တက္ကသိုလ် ဝင်းထဲတွင် ရေမပြက်၊ မီးမပျက်ဘဲ စိတ်အေးလက်အေးနေရ သည့်အတွက် ကျေကျေနပ်နပ်နေကြ သည်။ ကျွန်တော်အိမ်ရသည့် အချိန် မှာတော့ ထိုအိမ်များမှာ ထိုအလေ့က တော်တော်အသားကျနေပါပြီ။

ကျွန်တော်အိမ်လက်ခံသည့် အချိန်မှာတော့ အလုပ်သမားအိမ်ခန်း များအားလုံး လူမရှိတော့ပါ။ ရှေ့က အိမ်ရှင် အိမ်ပြန်အပ်သည့်အခါ အိမ် ငှားများ၊ အိမ်အလုပ်သမားများ၏ အခန်းများကိုပါ ပြန်အပ်ရသော ကြောင့် အားလုံးကြိုတင် ရှင်းလင်း ထားပါသည်။ ကျွန်တော်အိမ်ရသည့် စာရင်းထွက်လာသည်နှင့် အိမ်ခန်း ငယ်များမှာ နေခွင့်ပြုဖို့ လာပြောသူ တွေ အများအပြားပေါ်လာသည်။ ကျွန်တော်တို့မိသားစု၏ သဘော ထားမှာ နေရေးထိုင်ရေး ခက်ခဲသည့် တပည့်များကို အိမ်ခန်း ပေးခြင်းဖြင့် သူတို့အခက်အခဲကို ကူညီလိုခြင်းသာ ဖြစ်ပါသည်။ သူတို့ဆီက အိမ်လခ ငွေရေးကြေးရေး မမျှော်လင့်ပါ။ ထို့ ကြောင့် သင့်တော်သူများကိုတော့ ထိုအခန်းတွေမှာထားဖို့ စဉ်းစား သည်။ တက္ကသိုလ် ဆရာ၊ ဆရာမ ငယ်များ၊ ကျောင်းသား ကျောင်းသူ များကိုတော့ ထိုအခန်းတွေမှာ လုံးဝ မထားဖို့ ဆုံးဖြတ်လိုက်သည်။ တက္က သိုလ် ဆရာ၊ ဆရာမတွေ ဖြစ်ပါလျက် ထိုအခန်းမျိုးတွေမှာနေရန် လုံးဝ မသင့်လျော်ပါ။ အထူးသဖြင့် ပျိုရွယ် သူမိန်းကလေးများ၊ အစေခံတန်း လျားလိုနေရာမျိုးမှာ နေရသည်ဟု အထင်အမြင်ခံရလျှင် သူတို့၏ဂုဏ် သိက္ခာ ထိပါးစရာဖြစ်သည်ဟု အလေးအနက်ခံယူပါသည်။ ထို့ ကြောင့် နေပါရစေဟုလာပြောသော ဆရာမကလေးများ၊ ကျောင်းသူ ကလေးများကို အကျိုးအကြောင်း ရှင်းပြပြီး ငြင်းလိုက်ရပါသည်။ ယခင် နေလက်စ လူဟောင်းများဖြစ်စေ ကာမူ လက်မခံတော့ပါ။

သည်တော့ ဘယ်သူတွေကို ထားပါသလဲ။ ကျွန်တော့်ရုံးကား မောင်းသူ ယာဉ်မောင်းမိသားစုကို တစ်ခန်းပေးလိုက်သည်။ ကျောင်း ဝင်းထဲမှာ လက်ဖက်ရည်ဆိုင် ဖွင့်နေ သည့်မိသားစုက လာပြောသဖြင့် တစ်ခန်းပေးလိုက်သည်။ နေရေး ထိုင်ရေး အခက်အခဲရှိသော၊ ပြင်ပမှာ အလုပ်လုပ်နေသော တပည့်မိသားစု ကိုကျတော့ သားသမီးတွေများ သဖြင့် ၂ ခန်းတွဲမှာ နေခွင့်ပြုလိုက် သည်။ ကျန်အခန်းတွေကိုတော့ အောက်ခြေဝန်ထမ်းမိသားစုများကို ပေးလိုက်သည်။ ဌာနမှ ရုံးအကူ မိန်းကလေး၏ မိသားစုကို ကားဂို ဒေါင်တစ်ခုမှာ နေခိုင်းလိုက်သည်။ ယာဉ်မောင်းနှင့် တပည့်မိသားစုများ ထံမှ အိမ်လခမယူပါ။ ကျန်မိသားစု များထံမှလည်း အိမ်လခ စတိသဘော လောက်သာယူပြီး ကိုယ့်အခန်းကို စောင့်ရှောက်ပြီး ပြုပြင်နေထိုင်ကြဖို့ မှာထားလိုက်သည်။ ထိုအခန်းများအ တွက် အိမ်လခ အကျိုးအမြတ် မယူ ချင်သလို အိမ်ခန်းကိစ္စ ကထိကထ လည်း မခံချင်ပါ။ ထိုစဉ်က အခြေ အနေကို ပြန်သတိရမိခြင်း ဖြစ်ပါ သည်။

ကျွန်တော်တာဝန်ယူရသော မြန်မာစာဌာနက တောင်ငူဆောင်မှာ ရှိသည့်အတွက် အိမ်နှင့်နီးသည်။ အိမ်မှ ၁၀ မိနစ်လောက် လမ်း လျှောက်သွားရုံနှင့် ဌာနရောက်သည်။ သည်တော့ အလွန်အဆင်ပြေပါ သည်။ တစ်ခုပဲရှိပါသည်။ ရုံးချိန် ရောက်သည်နှင့် ကိုယ့်အချိန် ကိုယ်မ ပိုင်တော့ပါ။ ပါမောက္ခချုပ်ရုံးကခေါ် သည့် အစည်းအဝေးနှင့် အဆင့်မြင့် ပညာဦးစီးဌာနကခေါ်သည့် အစည်း အဝေးများက ‘ပင်တိုင်’ ဖြစ်သည်။ အခြားအစည်းအဝေးတွေလည်း အမျိုး မျိုးရှိသည်။ အစည်းအဝေး မဟုတ် စေကာမူ ‘လုပ်စရာ’ ရှိသည့်အတွက် သွားရသည်လည်းရှိသည်။ သည် တော့ စာသင်ချိန် အပျက်မခံချင်သည့် အတွက် အတန်းတွေကို မနက် ၈ နာရီမှာ အမြဲယူရသည်။ ၉ နာရီခွဲ ၁၀ နာရီ ရုံးချိန် စသည်နှင့် အစည်း အဝေးသံသရာ လည်တော့သည်။ “ဆရာ၊ အဆညကို ချက်ချင်းလာခဲ့ ပါတဲ့”ဆိုသော တယ်လီဖုန်းသံမျိုးကို နေ့တိုင်းလိုလို ကြားရသည်။ ‘ချက် ချင်း’ဆိုသည့်အတွက် ဆိုင်းမနေ သာဘဲ ဖုန်းသံကြားသည်နှင့် ကား ဖြင့်အမြန် ပြေးရတော့သည်။ မကြာ မကြာ မနက် ၈ နာရီလောက် လှမ်း ခေါ်သည့်အတွက် အတန်းဖျက်ပြီး သွားရသည်။

အစည်းအဝေးပြေး လိုက်၊ ဌာနပြန်လာပြီး လုပ်စရာရှိတာ လုပ်လိုက်၊ အစည်းအဝေး ပြန်ပြေး လိုက်နှင့် သံသရာလည်နေသည်။ အလုပ်တွေရှိနေသဖြင့် ညဘက်မီး ထွန်းချိန်ရောက်မှ အိမ်ပြန်ရသည် လည်းရှိသည်။ အရေးတကြီးအလုပ် ရှိလျှင် အဆညမှာ ပါမောက္ခတွေစုပြီး အလုပ်ပြီးအောင် လုပ်ရသည်။ ညဥ့် နက်သန်းခေါင်ကျမှ အိမ်ပြန်ရသည် လည်း ရှိပါသည်။ ဤအခါမျိုးတွင် တော့ ညွှန်ချုပ်ကိုယ်တိုင် ကားကိုယ် တိုင်မောင်းပြီး တစ်ယောက်ချင်း အိမ်တိုင်ရာရောက် လိုက်ပို့သည် လည်း ရှိပါသည်။

တက္ကသိုလ်ထဲမရောက်ခင်က တော့ တက္ကသိုလ်ထဲကအိမ်ရရင် တော့ ညနေခင်းမှာ မိသားစု အေး အေးဆေးဆေး လမ်းလျှောက်မည် ဟု စိတ်ကူးယဉ်မိသည်။ တကယ့် လက်တွေ့ကျတော့ ညနေခင်း လမ်း လျှောက်ဖို့ဝေးရော၊ ညအိပ်ချိန်လွန် မှ အိမ်ပြန်ရောက်သည်က များပါ သည်။ အလုပ်ရှုပ်သဖြင့် ညနေခင်း အရသာကို မခံစားရပါ။ အပြင်က မိသားစုတွေ တက္ကသိုလ်ထဲလာပြီး လမ်းလျှောက်ကြသည်ကို ကြည့်ပြီး အားကျရုံသာ တတ်နိုင်ပါသည်။

ကျောင်းနှင့်အိမ်နီးသဖြင့် အချို့ အလုပ်တွေကို စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်မှာ တစ်ယောက် တည်းဌာနသို့သွားပြီး အေးအေးဆေး ဆေးလုပ်နိုင်သည်။ ကွန်ပျူတာစာစီ ဖို့၊ မိတ္တူကူးဖို့ကိစ္စရှိလျှင် တပည့် တစ်ယောက်ယောက်ကို လှမ်းခေါ်ပြီး အတူတူဆောင်ရွက်ရသည်။ ကျောင်း ပြန်ဖွင့်သည့်ရက်ကျတော့ ရုံးကပေး သည့် အလုပ်တွေကို အချိန်မီပေး နိုင်သည်။ စနေ၊ တနင်္ဂနွေအလုပ် လာလုပ်သည်ကို မသိသော တပည့် များက ‘ဒီအလုပ်တွေ ဆရာ ဘယ် အချိန်လုပ်လိုက်ပါလိမ့်’ဟု အံ့ဩသံ နှင့် ပြောကြပါသည်။

အချိန်မီ သိပ်သိပ်သည်းသည်း ဆောင်ရွက်နိုင်ဖို့ အခြားသော အရေးကြီးသည့်အလုပ်မျိုး ဆောင် ရွက်ရသည့်အခါမျိုးတွင် အမာခံအင် အား ၂၀ ခန့် စုစည်းပြီး ရုံးဆင်းချိန် ကျမှ အလုပ်စကြရသည်။ အားလုံး အတွက် စားသောက်ဆိုင်မှာ ညစာ ကြိုတင်မှာထားပြီး အလုပ်ကို တက် ညီလက်ညီလုပ်ကြသည်။ အလုပ်ပြီး ချိန်မှာ ညစာကလည်း အဆင်သင့် ဖြစ်ပြီ။ အလုပ်သိမ်း၍ စားသောက်ပြီး ချိန်မှာတော့ ည ၉ နာရီကျော်နေပါပြီ။ အလုပ်ပြီး ပြီဖြစ်သည့်အတွက် နောက်ဆံတင်းစရာမလိုတော့ဘဲ အိမ် ကို အေးအေးဆေးဆေး ပြန်ကြပါ တော့သည်။ ‘အလုပ်များသော ည များ’မှာ ညီညီညွတ်ညွတ် ဆောင်ရွက် ခဲ့ကြရသည်များကို ပြန်သတိရမိပါ သည်။

အိမ်ဝင်းကျယ်သည့်အတွက် အဆင်ပြေသော အချက်တစ်ချက်မှာ အလှူအတန်းလုပ်လျှင် ကျယ်ကျယ် ဝန်းဝန်းရှိခြင်းဖြစ်သည်။ ထိုအိမ်မှာ နေထိုင်စဉ် ကျွန်တော်တို့မိသားစုက နှစ်စဉ် ထမနဲပွဲလုပ်သည်။ ဌာနမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူအင်အားနှင့် အိမ်ဝင်းထဲ မှာ ပျော်ပျော်ပါးပါးကျင်းပသည်။ အိမ်ရှေ့ခြံဝင်းထဲမှာ စားပွဲ၊ ကုလား ထိုင်တွေခင်းပြီး ဧည့်ခံသည်။ ထမနဲ ထိုးသူတွေရော၊ ဝိုင်းပြီးအားပေးသူ တွေပါ ပျော်နေကြသည်။ ကျွန်တော် တို့ ဇနီးမောင်နှံ၏ မိတ်ဆွေများနှင့် သမီး၏ မိတ်ဆွေများကို ဖိတ်ကြား ထားသည့်အတွက် စည်စည်ကားကား ရှိသည်။ ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာ နေကြသော ဆရာကြီး ဆရာမကြီး များ၊ ဆရာ ဆရာမများ၊ မြန်မာစာ ဌာနများမှ တပည့်များ၊ တစ်စုတစ် ဝေးတည်း ဆုံရသည့်အတွက် ပျော်စ ရာကောင်းပါသည်။

ပါမောက္ခတွေကို အပြာရောင် မာဇဒါဂျစ်ကားတွေ ထုတ်ပေးထား သည့်အတွက် အခမ်းအနားတစ်ခု ခုသွားပြီဆိုလျှင် ကားပြာတွေ အစု လိုက် တွေ့ရစမြဲဖြစ်သည်။ ကျွန်တော် သိသလောက် ၁၉၉၀ ပြည်နှစ် မတိုင် မီကာလက တက္ကသိုလ် ပါမောက္ခများ ကားမရပါ။ ဌာမှူး၊ ဌာနခွဲမှူး၊ မော်ကွန်းထိန်း စသော ရုံးဘက်က အရာရှိကြီးငယ်များကို အစပ်အဆက် ကားပေးထားသော်လည်း အဆင့်မြင့် အရာထမ်းဖြစ်သည့် ပါမောက္ခများမှာ ကားရသည့် စာရင်းတွင် မပါပါ။ ၁၉၉၀ ပြည့်နှစ်လောက်ကျမှ ပါမောက္ခများကို မာဇဒါဂျစ်ကားပြာ တွေ ချပေးခြင်းဖြစ်သည်။ ယာဉ် မောင်းကိုတော့ မိမိအစီအစဉ်ဖြင့် ဌားရသည်။ ရုံးက မခန့်ပေးပါ။ မြန်မာစာ ပါမောက္ခများ အစဉ် အဆက် လက်ဆင့်ကမ်းရသော မာဇဒါဂျစ်ကားပြာကြီးမှာ ကျွန်တော့် လက်ထဲရောက်သောအခါ လေး ယောက်လောက် လက်ဆင့်ကမ်း ပြီးပြီဖြစ်၍ တော်တော်ယိုယွင်း နေပါပြီ။ စက်ကလည်း မကောင်း၊ ကိုယ်ထည်ကလည်း မကောင်းတော့ ပါ။ မောင်းသွားရင် လမ်းမှာထိုးရပ် သွားသည့်အတွက် ဆင်းတွန်းရသည့် အဖြစ်မျိုး မကြာခဏ ကြုံရပါသည်။ အကြိမ်ကြိမ်ပြင်သော်လည်း ကောင်း မလာပါ။ ကျွန်တော့် နောက်ပါမောက္ခ သုံးဆက် ဆက်ခံပြီးတော့ ကားပြာ များ ‘ဇာတ်သိမ်း’ သွားပါသည်။ ကွက်လပ်တစ်ခုမှာ ကားပြာအပျက် များ အစုကြီး တွေ့လိုက်ရပါသည်။

ထိုအိမ်မှာ ၆ နှစ်ခွဲနေပြီး ကျွန်တော်အငြိမ်းစားယူသည့် အတွက် အိမ်ကိုပြန်အပ်ခဲ့ပါသည်။ နောက်ဆယ်နှစ်လောက်အတွင်းမှာ တက္ကသိုလ်တွင် အကြီးစားပြင်ဆင် မှုများ လုပ်သည့်အတွက် ပါမောက္ခ အိမ်ကြီးများ ငယ်မူငယ်သွေးဖြင့် ပြန်လည်သစ်လွင်နေသည်ကို တွေ့ရ ပါသည်။ ဆက်နေကြရသော လုပ် ဖော်ကိုင်ဖက်များအတွက် ဝမ်းသာ ကြည်နူးမိပါသည်။

မောင်ခင်မင် (ဓနုဖြူ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*