စာယောင်

စာယောင်
August 7, 2018 AsianFame MediaGroup
စာယောင်

ရွာတိုင်းရွာတိုင်းမှာ ပညာရှိတစ် ယောက်စီမရှိရင်သာ နေမယ်။ ရွာ တိုင်းရွာတိုင်းမှာ ဦးနှောက်ပုံမမှန်တဲ့ အရူးတစ်ယောက်စီတော့ ရှိနေတတ် တာ လောကသဘာဝပါပဲ။ တချို့ရွာ များမှာဆို အရူးတစ်ယောက်မက ရှိ နေတတ်ပါတယ်။ အဲသည်လိုသဘော သဘာဝရှိနေလို့ ၁၉ ရာစု အင်္ဂလိပ် ဝတ္ထု၊ ပြဇာတ်တွေမှာ ‘ရွာသားအရူး’ Village’s Fool ဆိုတဲ့ ဇာတ်ကောင် မျိုးကို တွေ့ရလေ့ရှိပါတယ်။ မြန်မာ ဝတ္ထုအများစုမှာတော့ အဲသလိုဇာတ် ကောင်မျိုး မပါရှိတတ်ပါဘူး။ မြန်မာ့ လူ့အဖွဲ့အစည်းဟာ ‘ယောနိသော မနသိကာရ’ အသင့်အတင့်နှလုံး သွင်းတတ်ကြလို့ အင်္ဂလိပ်လူ့အဖွဲ့ အစည်းလောက် အရူးမများဘူးလို့ လည်း ဆိုနိုင်ပါလိမ့်မယ်။ အရူး ထောင် (ခေါ်) စိတ္တဇဆေးရုံ (ခေါ်) စိတ်ရောဂါကုဆေးရုံတွေကို အင်္ဂလိပ် တွေက အင်္ဂလန်မှာ စွန့်ဦးတီထွင်ထူ ထောင်ခဲ့တာလို့လည်း မှတ်သားဖူးပါ တယ်။ လွန်ခဲ့တဲ့နှစ် ၃ဝ လောက်က ဖျက်သိမ်းလိုက်တဲ့ ‘တံတားကလေး ဆေးရုံ’ဆိုတာ ကိုလိုနီခေတ်က နယ် ချဲ့အင်္ဂလိပ်တွေ တည်ထောင်ခဲ့တဲ့ ဆေးရုံပ။ ယခုခေတ်မှာတော့ ‘ရွာ သာကြီးဆေးရုံ’လို့ ပြောလိုက်ရင် ‘စိတ်ကူးယဉ်ဂေဟာ’မှန်း လူတိုင်းနား လည်ကြပါတယ်။

ဗုဒ္ဓဘာသာအလိုအရတော့ စိတ္တဇဝေဒနာသည်တွေဟာ ရှေး အတိတ်ဘဝက ကျူးလွန်ခဲ့တဲ့ အကု သိုလ်ကံတွေအတွက် သည်ဘဝမှာ ပေးဆပ်နေကြရရှာတဲ့ ဒုက္ခိတသတ္တ ဝါတွေပါ။ စိတ်ပညာအရ ကြည့်မယ် ဆိုရင်လည်း သူတို့ဟာ လူစဉ်မမီတဲ့ စိတ်ဝေဒနာရှင်တွေပါ။

စာပေလောကမှာလည်း သူ့ နယ်ပယ်နဲ့သူ အင်္ဂါရပ်ပြည့်စုံအောင် ‘စာရူး’တွေ ရှိနေတတ်ကြတယ်။ အဲ သည်စာရူးတွေက စာရူးအတုပါ။ စာ ပေနဲ့ နီးစပ်နေပေမယ့် ဦးနှောက်မူ မမှန်တော့ စာပေအပေါ် သူ့ရဲ့ တုံ့ ပြန်မှုက ကိုးရိုးကားရားနဲ့ သဘာဝ ကျကျ မဟုတ်တော့ပါဘူး။ ‘စာရူး အစစ်’ဆိုတာက စာအုပ်ပုံထဲက ခေါင်းမဖော်နိုင်အောင် စာပေမှာ အလွန်အကျွံ မွေ့လျော်နေတတ်တဲ့ စာသမားကြီးတွေပါပဲ။ ဥပမာ ဆိုရ ရင် စာရေးသူရေးခဲ့သမျှ စာတိုပေစ တွေကို တစ်ပုဒ်မကျန် လက်လွတ်မခံ ဘဲ ဖတ်ဖူးခဲ့ပြီး ကာယကံရှင် စာရေး သူထက်တောင် စာတွေကို မှတ်မိနေ တဲ့ ထူးခြားပုဂ္ဂိုလ်ပါပဲ။ စာရေးသူက မိမိကိုယ် မိမိနှိမ့်ချတဲ့သဘောနဲ့

”ကြူးနှစ်ကို အဲသလောက်ကြီး အရေးထားစရာ မလိုပါဘူးဗျာ။ သူ က တောရေးတောင်ရေး ကမျောက် ကချောက်ပါ”လို့ ပြောတော့ အဲသည် စာရူးကြီးမျက်နှာပျက်ပြီး နှာခေါင်း ကြီး ပွစိပွစိဖြစ်သွားတယ်။

”နိုး …နိုး မဟုတ်ဘူး။ မ ဟုတ်ဘူး။ သူက ဂရိတ်၊ တကယ့် ဂရိတ်၊ ဝတ္ထုတိုဘုရင်ကြီး”လို့ အ ကျောက်အကန်အော်ပါတယ်။

စာရေးသူက Great မဟုတ်တဲ့ အကြောင်း ကိုယ့်ဘာသာကိုယ် နား လည်ထားပါတယ်။ မြန်မာနိုင်ငံမှာ စာရေးသူထက်သာတဲ့ ဂရိတ်တွေ တစ်ပုံကြီး။ နိုင်ငံတကာမှာဆိုရင် ဂရိတ်တွေမှ ရေတွက်လို့တောင် မ ကုန်နိုင်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ဂရိတ်လို့ ထင်မိရာက ‘စာရူး’ဘဝ ရောက်သွားတဲ့သူတွေကို အများကြီး တွေ့ဖူးလို့ပါ။ စာပေသမုဒ္ဒရာကြီးက ကျယ်လွန်းလို့ ဘယ်စာရေးဆရာမှ သမုဒ္ဒရာရဲ့ ဟိုဘက်ကမ်းကို ရောက် အောင် လက်ပစ်မကူးနိုင်ကြပါဘူး။

၁၉၈ဝ ပြည့်နှစ်များ တစ်ဝိုက် တုန်းက ရန်ကုန်မြို့တော် ပန်းဆိုး တန်းလမ်းမရဲ့ တစ်ဖက်တစ်ချက်ဆီ က စာအုပ်အဟောင်းဆိုင်တစ်ဆိုင်မှာ လူတစ်ယောက်ကို သတိထားမိခဲ့ တယ်။ အသက် ၃ဝ ကျော်လောက် ပိန်ပိန်ပါးပါး၊ ဆံပင်ကွက်ကျား ဖြူလို့။ ဝတ်ပုံစားပုံကလည်း ဖိုသီဖတ်သီနဲ့ ပုဆိုးနွမ်းနွမ်း အင်္ကျီနွမ်းနွမ်းပါပဲ။ အဲသည်စာအုပ်ဆိုင်ကို ရောက်တိုင်း သူ့ကို အမြဲတွေ့ရတယ်။ တွေ့တိုင်း မှာလည်း သူက အင်္ဂလိပ်စာအုပ်ထူ ကြီးတစ်အုပ်ကို ခပ်တိုးတိုးအသံထွက် ဖတ်နေတာ ဘေးဘီပတ်ဝန်းကျင်ကို လုံးဝဂရုမစိုက်ဘူး။ စာအုပ်နဲ့ မျက် နှာမခွာဘူးဆိုတာမျိုးပေါ့။ တစ်နေ့ တော့ သူမရှိတာနဲ့ စာအုပ်ဆိုင်ရှင် ကို သူ့အကြောင်း စပ်စုကြည့်မိတယ်။

”သူက မိကောင်းဖခင်လူကုံထံ ရဲ့သား။ ဘီအက်စ်စီဘွဲ့ရပြီးသား။ စာတွေ သိပ်ဖတ်လွန်းလို့ (ချောင်) သွားတာ။ ဒါပေမဲ့ စာနဲ့ပတ်သက်ရင် မှတ်ဥာဏ်ကောင်းတယ်။ ဒေါက်တာ ထင်အောင် အင်္ဂလိပ်လို ရေးတဲ့ မြန် မာ့ရိုးရာပုံပြင်စာအုပ်ထဲက ဘယ်ပုံ ပြင်ကိုမဆို အင်္ဂလိပ်လို အစအဆုံး အလွတ်ရွတ်ပြနိုင်တယ်။ ရှိတ်စပီး ယားရဲ့ (ရိုမီယိုနဲ့ ဂျူးလိယက်) ပြ ဇာတ်ထဲက သိပ်လှတဲ့မေတ္တာဘွဲ့တွေ ကိုလည်း အင်္ဂလိပ်လို အမှားအယွင်း မရှိ ရွတ်ပြနိုင်တယ်”

”အား …ဗုဒ္ဓေါ”

”ခက်တာက သူ့ခေါင်းထဲမှာ စာ ပဲရှိတယ်။ တခြားဘာမှမရှိဘူး။ ကျုပ် ဆိုင်မှာ နေ့တိုင်းစာလာဖတ်တဲ့အလုပ် ပဲ လုပ်တယ်။ အရင်က အစိုးရဝန် ထမ်း၊ ခုတော့ (ချောင်)နေလို့ အလုပ် ပြုတ်သွားပြီ။ ဖတ်လိုက်ရင်လည်း အင်္ဂလိပ်စာအုပ်အထူကြီးတွေချည်း ပဲ”

”အိုး …ဘုရား ဘုရား … နှမြောဖို့ကောင်းလိုက်တာ”

”ဟုတ်ပ၊ သူ့ကို စာက သတ် လိုက်တာ”

စာပေက လူကို အကျိုးပြုရမှာ ကို (ဘယ့်နှယ်) စာပေက လူသတ် တယ်လို့ပဲ။ စာအုပ်စာပေလူ့မိတ်ဆွေ ဆိုသမို့လား။ တွေးကြည့်ပြန်တော့ လည်း စာရူး ရူးတယ်ဆိုတာအတိုင်း အတာရှိတယ်။ အတိုင်းအတာလွန် သွားရင် ခေါင်းထဲမှာ (ငါသိ) မရှိ တော့ဘဲ (စာသိ)တွေသာ ပြည့်ကျပ် ပြီး လူ့လောကနဲ့ အံမဝင်နိုင်တော့ ဘူး။ လူ့ရပ်လူ့ရွာ လူ့ကမ္ဘာဆိုတာ စာပေနဲ့ တည်ဆောက်ထားတာမှ မဟုတ်ဘဲကိုး။

ရန်ကုန်နဲ့ မနီးမဝေး နယ်မြို့ ကလေးတစ်မြို့မှာလည်း ‘စာရူး’တစ် ယောက်ရှိတယ်။ သူ့အလုပ်က အစိုး ရကျောင်းဆရာ။ ကျောင်းလည်း မှန် မှန်မသွားပါဘူး။ ရန်ကုန်က စာပေ သမားတချို့ဆီပဲ ရောက်ရောက်နေ တတ်တယ်။ ရန်ကုန်စာပေသမား ကဗျာဆရာ၊ စာရေးဆရာ တော် တော်များများကလည်း ယမကာလု လင်တွေ၊ စာရူးကျောင်းဆရာက ယမကာဝိုင်းနဲ့ တွေ့ရင်လည်း ဝင် မော့တာပဲ။ လက်ဖက်ရည်ဆိုင်မှာ ဆိုရင်တော့ လက်ဖက်ရည်သောက် တာပေါ့။

သူ့ရဲ့ ဝိသေသကတော့ စာပေ အကြောင်းပြောတော့မယ်ဆိုရင် မျက်နှာထားကြီးက တည်ကြည်အေး စက်သွားတာပဲ။ စကားပြောတဲ့လေ သံကလည်း ပီပီသသမာကျောနေ တတ်တယ်။ တစ်နေ့တော့ စကားဝိုင်း မှာ သူက အရင်းမရှိ အဖျားမရှိနဲ့။

”အဘိုး သခင်ကိုယ်တော်မှိုင်း ရဲ့ လေးချိုးကြီးတွေဟာ ဆိုလို့ .. ဆိုလို့ …ဆိုလို့ရှိရင် ”

ပြဿနာက အဲဒါပါပဲ။ သူက စကားဝါကျတစ်ကြောင်းကို ဘယ် တော့မှ အဆုံးသတ်လေ့မရှိပါဘူး။ ကြည့်ပါ။

”ဆရာမြ မြန်မာပြန်တဲ့ စစ်နဲ့ ငြိမ်းချမ်းရေးဝတ္ထုကြီးက ဆိုလို့ .. ဆိုလို့ …ဆိုလို့ရှိရင်”

ရန်ကုန်က စာရေးဆရာ၊ ကဗျာ ဆရာ တချို့ကတော့ နားလည်ခွင့် လွှတ်မှုနဲ့ သူ့ကို တန်းတူရည်တူပဲ ဆက်ဆံကြပါတယ်။ သူကလည်း စာ ပေသမားတွေ ကြားမှာ စာအကြောင်း ပေအကြောင်း နားထောင်နေရရင် ထမင်းမေ့ဟင်းမေ့ပါပဲ။ တစ်ခါတ လေ တိုက်ပုံအင်္ကျီအိတ်ထဲက စာ ရွက်အတိုအစကလေးထုတ်ပြီး သူက မှတ်စုဆန်ဆန်စာပိုဒ်ကလေးတွေ ချ ရေးလိုက်သေးတာ။ ပြီးတော့ …

”ဆရာတို့ စကားဝိုင်းကနေ ဒီ ကနေ့ ကျွန်တော်ကဗျာတစ်ပုဒ်ရသွား ပြီ။ အိမ်ကျမှ အချောပြန်ရေးမယ်” လို့ ခပ်တည်တည်ကြီးနဲ့ မိန့်တော်မူ ပြန်တယ်။ သူ့အကြောင်း နောက်မှသိ ရတယ်။ ကဗျာတစ်ပုဒ်ကို အစအဆုံး ဘယ်တော့မှ မရေးနိုင်ဘူး။ စာတစ် ကြောင်း စာတစ်ပိုဒ်နဲ့ တိုးလိုးတန်း လန်းတွေချည်းပဲ။

သူနေတဲ့အခန်းကို တစ်ခါလိုက် လည်ဖူးတယ်။ စာရူးပေရူးသာဆို တယ်။ သူ့မှာ ဘာစာအုပ်မှ မရှိဘူး ခင်ဗျ။ စက္ကူစုတ်အတိုအစတွေပဲ တွေ့ရတယ်။ သူ့ကိုတော့ စာရူးလို့ မခေါ်တော့ဘဲ သက်သက်ညှာညှာနဲ့ စာယောင်ယောင်ပေယောင်ယောင် လူစားမို့ ‘စာယောင်’လို့ပဲ ခေါ်လိုက် ပါတော့မယ်။

ကြူးနှစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*