ပိတ်နေတဲ့တံခါးဘယ်သူ့အားနဲ့ဆွဲဖွင့်နိုင်ခဲ့လဲ

ပိတ်နေတဲ့တံခါးဘယ်သူ့အားနဲ့ဆွဲဖွင့်နိုင်ခဲ့လဲ
July 25, 2018 Asian Fame Media
ပိတ်နေတဲ့တံခါးဘယ်သူ့အားနဲ့ဆွဲဖွင့်နိုင်ခဲ့လဲ

မေးခွန်းကို ကဗျာဆရာတင်မိုးရဲ့ သမီးငယ်လေး မိုးချိုသင်းက ဖွင့်ဟဖော်ထုတ်ဖြေကြားသွားတယ်။ ဖြေ(ဖြည်)ပြသွားတယ်။ လွန်ခဲ့တဲ့ ၂၇ နှစ်က ဖြစ်တယ်။

မိုးချိုသင်းက အနုပညာပစ္စည်း လေးတစ်ခု ဖန်တီးပြီး တင်ပြခဲ့တာ ပါ။ ၁၉၉၁ ခုနှစ်မှာ သူက ကျွန်တော် တောင်းလို့ ‘အိမ်ရှေ့တံခါး’ ဆိုတဲ့ ဝတ္တုတစ်ပုဒ်ရေးပြီး ပေးပါတယ်။ အဲ ဒီဝတ္တုကို ၁၉၉၁ ခုနှစ်မှာထုတ်တဲ့ ရွှေဝတ်ရည်မဂ္ဂဇင်းထဲမှာ ဖော်ပြခဲ့ တယ်။ အဲဒီရွှေဝတ်ရည်မဂ္ဂဇင်း အမှတ် ၈ ဟာ နောက်ဆုံးထုတ်ပါပဲ။ တံခါးတွေက ပွင့်မှ မပွင့်ဘဲကိုး။

အဲဒီဝတ္တုကလေးကို အခုပြန် ဖတ်မိတဲ့အချိန်က ၂ဝ၁၈ ခုနှစ် ဇွန်လထဲ မှာပါ။ ပြန်ဖတ်ဖြစ်စေတဲ့ အကြောင်း က မိုးတစ်မိုးကြောင့်ပါ။ ကဗျာဆရာ တင်မိုးရဲ့ သမီးကြီး မိုးစံရေးတဲ့ တက္ကသိုလ်ဘာသာပြန်နဲ့ စာအုပ် ထုတ်ဝေရေးဌာနအကြောင်းကို လိုင်း ပေါ်မှာ ဖတ်လိုက်ရတယ်။ သူ့စာဖတ် မိတော့ အလွမ်းဝေဒနာခံစားရတယ်။ ဒါနဲ့ မိုးစံဆီ ဒီလိုရေးမိ။

သမီးမိုးစံ
ဘာဖြစ်လို့ စာနယ်ဇင်းတွေမှာ စာမရေးတာလဲ၊ ဖတ်ရတာ လွမ်း သွားတာပဲ။ တင်မိုး၊ မင်းကျော်၊ ကျော်အောင်၊ မင်းလှညွန့်ကြူးတို့နဲ့ အတူ ဘာသာပြန်ဌာနမှာ တွေ့ကြ၊ ပြောကြ၊ စားကြ၊ လွမ်းတာပေါ့။
ဘဘလာတဲ့အခါ မင်းကျော် အိမ်မှာ အိပ်၊ သမီးမိုးစံတို့အိမ်မှာ အိပ်၊ အဲဒီတုန်းက မိုးတွေက ငယ် သေးတယ်။
ဂျမ်းရော စမ်းရော လွမ်း
မောင်သစ်လွင် (လူထု)
၂၉.၅.၂ဝ၁၈

ဒီအလွမ်းစာလေး လေထဲလွင့် သွားလိုက်တာ မိုးစံဆီရောက်သွား၊ ပြန့်သွား ဆိုတော့ မိုးအေးတို့ မိသား စုအရုပ်အရိပ်တွေ အသံတွေ၊ မိုးချို သင်းတို့ အရုပ်အရိပ်တွေ အသံတွေ ကျွန်တော်ဖတ်ရရော။ ကျွန်တော့် ညာလက်ညှိုးလေး ရွေ့လျားကစားလို့ နေရပေါ့။

ဒီတော့ တင်မိုးနဲ့ မိုးကလေးတွေ ဖြတ်သန်းရင်ဆိုင်ကြရတဲ့ ခေတ်စနစ် ပုံရိပ်တွေကိုလည်း ပြန်လည်တွေးနေ မိရဲ့။ တင်မိုးဆို ၁၉၉၁ ခုနှစ်ထဲ ရောက်တာနဲ့ စစ်အစိုးရက ဖမ်းဆီး ထောင်ချခံခဲ့ရ။ အဲဒီကာလမှာ မိုးချို သင်းက ကျွန်တော့်ဆီ စာရေးတယ်။

— အခုအချိန်က ညဥ့် အနက် ဆုံးပါပဲ ဦးလေး။ သန်းခေါင်ထက် ညဥ့်မနက်နိုင်တော့ပါဘူး။ ချိုသင်း တို့ မောင်နှမတွေဟာ အမှောင်ထဲမှာ နေသားကျလို့ အမှောင်ကို မကြောက် ကြပါဘူး။ အဲဒီအမှောင်ထဲမှာ ဖန်မီး အိမ်ရအောင် ထွန်းပြီး အသက်ဆက် ရှင်မှာပါ။

ဦးလေး — သီချင်းတစ်ပုဒ်ထဲ မှာ နေညိုချိန်လွန်ရင် ညတစ်ခုဖြတ် လာမယ်တဲ့။ အခုအချိန်လောက်ဆို ရင် ညကို ဖြတ်နေတဲ့အချိန်ရောက် လောက်ပြီလို့ ချိုသင်းထင်ပါတယ်။ ဒါဆိုမနက်ဆိုတာလည်း ရှိရမှာပေါ့ နော်။ အရုဏ်ဆိုတာကိုလည်း ချို သင်းတို့ ဦးလေးတို့ မြင်ခွင့်ရရမှာပေါ့ နော်။

တူမ ချိုသင်း
ဒီစာအပြင် မိုးနှင်းရဲ့စာ၊ မိုး အေးရဲ့ စကားတွေလည်း ကျွန်တော် ဖတ်နေ ကြားနေရတယ်။ မိုးချိုသင်း ရဲ့ စာကိုကြည့်ရင် သူတို့ ဘယ်လိုဘာ ကြောင့်အားတင်းထားလဲ၊ ဘယ်လို ဘာ့ကြောင့် ဒီလိုအားမာန်တင်းတဲ့ စိတ်တွေ ဝင်နေဖြည့်နေနိုင်သလဲ၊ ဒီ ခွန်အားတွေ ဘယ်တုန်းက ဘယ်သူ့ ဆီက ရပါလိမ့်။ ကျွန်တော်တွေးပြီ။ ဘယ်သူ့စိတ်ဓာတ်ခွန်အားမျိုး ပါ လိမ့်။

အိုး —- ‘အိမ်ရှေ့တံခါး’ကို ပြန်ဖတ်တော့ ဟား —- အိမ်ရှေ့ တံခါးထဲက အဘွားကို သတိရ။

ကဲ – အဲဒီတော့ ချိုသင်းဖွင့်ဆို ပြောပြတဲ့’အိမ်ရှေ့တံခါး’ ထဲက အဘွား ရဲ့ အရည်အသွေးနဲ့ လှုပ်ရှားရုန်း ကန်မှုတွေကို ကြည့်ပါ။ တခြားသူ မဟုတ်ပါဘူး။ ဒီအဘွားပါ။ ရင်းနှီး ချစ်ခင်မေတ္တာရေစင်သွန်းဖြိုးပေးမိ ကြပါလိမ့်မယ်။

ကျွန်တော့်အဘွားကတော့ ကျွန်တော်တို့နှင့် လားလားမျှမဆိုင်၊ သတ္တိရှိသည်၊ ရဲရင့်သည်၊ ထက်မြက် သည်၊ မှန်မှန်ကန်ကန်လည်း ပိုင်းခြား တတ်သည်။ မဟုတ်တာလုပ်လို့က တော့ နည်းနည်းမျှ သည်းမခံ။ ဒီလို စိတ်ဓာတ်တွေက ဟို …ရှေးရှေး က ငယ်စဉ်တောင်ကျေးကလေးဘဝ ကလို့ ချီပြောစရာမဟုတ်သေး။ ယခု အသက်ခြောက်ဆယ်ကျော်သည့်တိုင် ဖျတ်လတ်တုန်း၊ သွက်လက်တုန်း၊ မျက်လုံးတွေက စူးရှတုန်း။ အဘွား စကားတွေက ရဲရင့်တုန်း၊ ချက်ကျကျ ပြောတတ်တုန်း။

အဘွားတို့က ကော့ကရိတ်မှာ အခြေချနေထိုင်ကြသည်။ တစ်နေ့ မှာ ကြီးပွားချမ်းသာအောင်လုပ်မည် ဆိုသည့် ရည်ရွယ်ချက်ဖြင့် အဘွား ရန်ကုန်သို့ တစ်ယောက်တည်းပေါက် ချလာသည်။ အားကိုးစရာ အဖော် မရှိ။ သို့ပေမဲ့ အဘွားက ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှုအပြည့်အဝရှိသည်။ အဘွားက မိန်းမတန်မယ့် သတ္တိရှိ သည်။ ရန်ကုန်လို လူရှုပ်တွေ ပေါပါ သည်ဟု နာမည်ကြီးသည့် တကယ့် မြို့ကြီးကိုမှ အဘွားက ခြေချရဲသည်။ သည်အကြောင်း မေမေ ပြောပြစဉ်က ကျွန်တော့်မှာ အံ့အားအသင့်ကြီးသင့် ရပြီး ‘အားပါး တယ်ဟုတ်တဲ့ ငါတို့ အဘွားပါလား’ ဟု အော်မိသည်အထိ အားရမိပေသည်။

အဘွားက ရန်ကုန်မှာ အခြေချ ပြီး စီးပွားရေးလာဘ်မြင်တော့ တစ်စ တစ်စကြီးပွားတိုးတက်လာသည်။ လုပ်တတ်ကိုင်တတ်တော့ သူ့နေရာ နှင့် သူတွင်ကျယ်လာသည်။ မိန်းမ သားတစ်ဦးပင်ဖြစ်လင့်ကစား အား နွဲ့မနေ၊ တက်တက်ြ<ွကြ<ွက ကိုယ်တိုင် ကိုယ်ကျလုပ်သည်။ ဖိဖိစီးစီးချုပ်ကိုင် သည်။ သပ်သပ်ရပ်ရပ်လုပ်သည်။ စနစ်တကျစီမံခန့်ခွဲသည်။

ကျွန်တော်က အဘွားသတ္တိကို သဘောကျသည်။ အဘွားလို စိတ် ဓာတ်မျိုးရှိချင်သည်။ မိန်းမပေမယ့် ယောက်ျားတွေနှင့် တန်းတူရင် ပေါင် တန်း ပခုံးချင်းယှဉ်ရဲသည့် စိတ်။

အဘွားမျက်နှာမှာ ပါးရေ အနည်းငယ်တွန့်နေသည့်ကြားမှ တည် ကြည်နေပေသည်။ အဘွားနှုတ်ခမ်း က ပါးလှပ်လှနေပြီး အမြဲတမ်း တင်း စေ့ထားတတ်သည်။ အဘွားသည် ဘယ်တော့မှ ခါးကုန်းမနေ၊ ကိုယ်ကို အမြဲမတ်မတ်ထားသည်။ မျက်လုံး အောက်ခြေမှ အသားစိုင်များ တွဲ သယောင်ရှိနေသော်လည်း အဘွား မျက်လုံးတို့က နက်မှောင်၍ကောင်း တုန်းပင်ဖြစ်သည်။ အဘွား၏လက် ချောင်းတို့မှာမူ ဘဝကို ရုန်းကန်ရ သည့် အမူအရာတို့ အပေါ်ဆုံးနေရာ ဖြစ်ပေသည်။ ထို့ပြင် အောင်မြင်မှု ၏ ပြယုဂ်တစ်ခုဟုလည်း ကျွန်တော် ထင်မိသည်။
သို့သော် ကျွန်တော်တို့နှင့် နား လည်မှုလွဲသော အိမ်တစ်အိမ်နှင့် မျက်နှာချင်းဆိုင်ကျနေသည်ဟု ဝမ်း နည်းမည်ဆိုပါက ဝမ်းနည်းစရာပင်။
သူတို့ကတော့ ထိုသို့မဟုတ်။ ဒီ အိမ်ဘာလုပ်သလဲ အသေးစိတ်လိုက် ကြည့်နေသည်က စိတ်ပျက်စရာ ကောင်းလှသည်။

ကျွန်တော်တို့မှာ သူတို့ဘာပြော ပြော မှုပင်မမှုငြားလည်း အနေအ ထိုင်ကျဉ်းကျပ်လှသည်။ အိမ်ထဲမှာမို့ လွတ်လွတ်လပ်လပ်နေ၍မရ။ ဆီလို အပေါက်ရှာနေသူတွေ မဟုတ်လား။

ကြာတော့ ကျွန်တော်တို့ သည်း မခံနိုင်တော့၊ အိမ်ရှေ့တံခါးကို လုံးဝ အသေပိတ်လိုက်လေတော့သည်။ သူ တို့နှင့် မဆက်ဆံချင်၊ မထိတွေ့ချင်၊ မမြင်ချင်။ သူတို့စကားပဲ့ စကားရွဲ့ တွေကိုလည်း မကြားချင်။

နောက်တော့ ကျွန်တော်တို့ အိမ်၏ စိတ်ဆင်းရဲမှုကို အဘွားသိ သွားလေတော့သည်။ အဘွားက ဖေဖေနှင့် မေမေတို့ အဝေးမှနေ၍ အပြစ်တင်၏။ ဘာလို့ ငုံ့ခံနေရတာ လဲ၊ ဒီလောက်နုံရသလား။ အေးတာ ကောင်းပါတယ်၊ ဒါပေမဲ့ အခုဟာက နွားကျလွန်းနေပြီ။ နင်တို့ ဒီလိုငုံ့ခံနေ လို့ ဒီလောက်ရဲတင်းဗြောင်ကျနေ တာပေါ့။ ကိုယ်က နဂါးမှန်းသိအောင် အမောက်တော့ ထောင်ပြလိုက်ဦးမှ၊ ဒီလင်မယားလောက်နေအေးတာ ကြုံဖူးပေါင်တော် …

ကိုယ့်အိမ်ကိုယ်တောင် ရဲရဲမနေ ရဲတဲ့ဘဝ။ မမှန်တာကို ငုံ့ခံနေရင် လူ ဖြစ်ကျိုးရှုံးတယ်ဟေ့သိလား။ ဤစ ကားများသည် အဘွားစကားများသာ ဖြစ်ပါ၏။

သိပ်တော့လည်း မကြာလှ။ အဘွားတစ်ယောက် ‘နင်တို့က ငြိမ်ခံ၊ ငုံ့ခံနိုင်ပေမယ့် ငါက ငါ့မြေးတွေ ဘက်က မခံနိုင်ဘူးဟေ့’ဟုဆိုကာ ကျွန်တော်တို့ အိမ်သို့ ပေါက်ချလာ တော့သည်။ အဘွားလုပ်ပုံကိုကြည့်ပါ။

ပထမဦးဆုံး အမြဲပိတ်ထား သည့် အိမ်ရှေ့တံခါးကို ဝုန်းခနဲဆွဲ ဖွင့်လိုက်ကာ ‘ဘယ်သူလဲဟေ့ ငါ့မြေး တွေကို စော်ကားတာ’ဟု စတင်စိန် ခေါ်လိုက်လေတော့သည်။ သည် တော့ကော ဟိုအိမ်က ငြိမ်ခံနေမတဲ့ လား။ ပွက်ပွက်ထနေအောင် ပြန် အော်ကြသည်။ ပြန်ဆူကြသည်။ သူ တို့ကအများ အဘွားက တစ်ယောက် တည်း။ အပြန်အလှန်ဆူကြသည်။ ဒါပေမဲ့ သူတို့အသံတွေကို အဘွား အသံက လွှမ်း၍ လွှမ်း၍သွားသည်။ ဆူတဲ့အထဲမှာ ဟိုဘက်က ဆဲတာတွေ လည်း ပါသည်။ ညစ်ညစ်ပတ်ပတ် လည်းပြောကြသည်။ သို့ပေမဲ့ အဘွား အသံက ရပ်မသွား။ တရစပ် အဆက် မပြတ်စက်သေနတ်ပစ်သလို တဒက် ဒက်နေ၏။

ကျွန်တော်တို့က အံ့သြယူရ သည်။ အဘွားရဲ့ ပြောစရာတို့ ကုန် ၍ မသွား။ အချက်ကလည်း ပိုင် သည်။ တစ်အုပ်လုံးကို အဘွားမို့ ယှဉ်ရဲသည်။

နောက်ဆုံးတော့ ဟိုဘက်အိမ်မှ တစ်စတစ်စငြိမ်၍ သွားတော့သည်။ ကြာတော့ ဘာသံမှ ထွက်မလာတော့။ အဘွားကိုယှဉ်၍ မပြောရဲတော့ပေ။ နဂါးမှန်းသိအောင် အဘွားက အမောက်ထောင်ပြနိုင်ခဲ့ပေပြီ။

အဘွား၏ ထိရောက်သော တုံ့ ပြန်မှုကို ကျွန်တော်တို့ ယခုထိ ခံစား ရပေသည်။

အဘယ်ကြောင့်ဆိုသော် ထိုအ ချိန်မှစ၍ အနှောင့်အယှက်ကင်းကင်း နှင့် အိမ်ရှေ့တံခါးဖွင့်နိုင်လို့ပဲ ဖြစ်ပါ သည်။

(လှလိုက်တဲ့ ဝတ္တုလေးနော်၊ ရေးသူလေးလည်း ကျန်းမာပါစေ)

မောင်သစ်လွင် (လူထု)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*