မြန်မာပရိသတ်တွေဆီကနေ ချစ်ခြင်းမေတ္တာတွေ ရချင်ပါတယ် ဗီယက်နမ် မင်းသမီး ငုရင်ထရန်ဟုရန်မေ

မြန်မာပရိသတ်တွေဆီကနေ ချစ်ခြင်းမေတ္တာတွေ ရချင်ပါတယ် ဗီယက်နမ် မင်းသမီး ငုရင်ထရန်ဟုရန်မေ
July 17, 2018 AsianFame MediaGroup
မြန်မာပရိသတ်တွေဆီကနေ ချစ်ခြင်းမေတ္တာတွေ ရချင်ပါတယ် ဗီယက်နမ် မင်းသမီး ငုရင်ထရန်ဟုရန်မေ

ငုရင်ထရန်ဟုရန်မေက သူ့ရဲ့ ပထမဦးဆုံးပွဲထွက် ရုပ်ရှင်ဇာတ်ကားဖြစ်လာတဲ့ တိမ်တိုက်တံတား(Bridge of Cloud) ရုပ်ရှင်ဇာတ်ကားကို မြန်မာနိုင်ငံမှာ စတင်ပြသနေပြီဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံသူတစ်ဦးဖြစ်တဲ့ ငုရင်ထရန်ဟုရန်မေဟာ မြန်မာနိုင်ငံက နာမည်ကျော် ထိပ်တန်းမင်းသားတစ်ယောက်ဖြစ်တဲ့ အကယ်ဒမီနေတိုးနဲ့ တွဲဖက်သရုပ်ဆောင်ခွင့်ရခဲ့တဲ့အပေါ် အင်မတန်ကြည်နူးရတယ်လို့ ဇူလိုင်လ ၈ ရက်နေ့က ရန်ကုန်မြို့ Junction City မှာ ပြုလုပ်ခဲ့တဲ့ Press Show မှာပြောကြားခဲ့ပါတယ်။

နောက်တစ်ခုကတော့ သူမဟာ ဒီရုပ်ရှင်ဇာတ်ကား(Bridge of Cloud) ကို ပါဝင်ရိုက်ကူးခဲ့စဉ်အခါက သူ့မှာ သရုပ်ဆောင်မှု အတတ်ပညာကို သိပ်ပြီးအကျွမ်းတဝင်မရှိသေးတာမို့ စိုးရိမ်စိတ်တွေရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အကယ်ဒမီနေတိုးအပါအဝင် အားလုံးရဲ့ ထောက်ပံ့ကူညီပေးမှုကြောင့် အဲဒီစိုးရိမ်စိတ်တွေကို ဖြတ်ကျော်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

”အထူးသဖြင့် သရုပ်ဆောင်ပိုင်းပါ။ သိပ်စိုးရိမ်ခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ကိုနေတိုးအပါအဝင် ရုပ်ရှင်အဖွဲ့သားတွေအားလုံးက ဝိုင်းဝန်းကူညီကြတာမို့ ဖြတ်ကျော်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်မအနေနဲ့လည်း အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့တယ်လို့ ယုံကြည်တယ်။ ပြီးတော့ ကျွန်မအခက်အခဲကြုံခဲ့တာက ခံစားမှု မထည့် နိုင်တာပဲ။ အဲဒါကိုလည်း ကိုနေတိုးကပဲ ကူညီပေးခဲ့တာပါ။ ရိုက်ကွင်းပေါ်မှာလည်း ကိုနေတိုးကပဲ အများဆုံး သင်ပြ ပေးခဲ့တယ်။ အဲဒါကြောင့် အခုလို သရုပ်ဆောင်မှု ကောင်းကောင်းမွန်မွန်ဖြစ်လာတဲ့အတွက် ကိုနေတိုးအပါအဝင် ရုပ်ရှင်ဖန်တီးကြသူ အဖွဲ့သားများအားလုံးကို ကျေးဇူးတင်ပါတယ်” လို့ ငုရင်ထရန်ဟုရန်မေက ပြောပြပါတယ်။

ငုရင်ထရန်ဟုရန်မေဟာ တိမ်တိုက်တံတား(Bridge of Cloud) ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်ရတဲ့ အခန်းအရေ အတွက် နည်းပါးပေမယ့်လည်း ပါဝင်သရုပ်ဆောင်ခဲ့ရတဲ့ ဇာတ်ဝင်ခန်းတိုင်းမှာ အကောင်းဆုံး ကြိုးစားသရုပ်ဆောင်သွား ခဲ့တာကို တိမ်တိုက်တံတား(Bridge of Cloud) ရုပ်ရှင်ဇာတ်ကားရဲ့ ပိတ်ကားထက်မှာ ပေါ်လွင်စွာမြင်တွေ့နေရပါတယ်။

အဲဒါကြောင့်လည်း ငုရင်ထရန်ဟုရန်မေက မြန်မာပြည်က ပရိသတ်တွေကို တစ်ခုတောင်းဆိုလိုက်တာက သူ့ကို အားပေးကြပါဆိုတာပါပဲ။ အခုလည်း သူမကို မြန်မာနိုင်ငံကပရိသတ်တွေ အားပေးနေကြတဲ့အတွက် သူ့ကိုယ်သူ အရမ်းကံကောင်းမိတယ်လို့ ခံစားရမိကြောင်းလည်းဆိုလာပါတယ်။

”ကျွန်မအနေနဲ့ မြန်မာပရိသတ်တွေဆီကနေ ချစ်ခြင်းမေတ္တာတွေရချင်ပါတယ်။ အခုအားပေးနေကြတဲ့ ပရိသတ်ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ အဲ့ဒါကြောင့်လည်း ကျွန်မရဲ့ လာမယ့်အနာဂတ်အစီအစဉ်တွေ ထဲမှာ မြန်မာနဲ့လက်တွဲပြီး အလုပ်တွေ လုပ်ကိုင်ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ ရုပ်ရှင်ရိုက်ကူးတာ တစ်ခုတည်းတင် မဟုတ်ဘဲနဲ့ အခြားလှုပ်ရှားမှုတွေလည်း အများကြီးလုပ်သွားဦးမှာဖြစ်ပါတယ်။ လုပ်ဆောင်သွားမယ့်အထဲမှာ ပရဟိတပွဲတွေ အတွက်လည်း ပါဝင်ပါတယ်”လို့ ငုရင်ထရန်ဟုရန်မေ က ပြောပြပါတယ်။

ငုရင်ထရန်ဟုရန်မေက သူ့ကို အိုက်တင်ပိုင်း အပါ အဝင် သရုပ်ဆောင်မှု အတတ်ပညာတွေကို ရိုက်ကူးရေး ပြုလုပ်နေစဉ်အတွင်း သင်ပြပေးခဲ့တဲ့ အကယ်ဒမီနေတိုး အပေါ် သူ့ရဲ့အမြင်ကို ပြောပြခဲ့တာကတော့ ”ကျွန်မတို့ကြားက အဓိကအခက်အခဲတစ်ခုက ဘာသာ စကားပါ။ ကိုနေတိုးက ကျွန်မဘဝအတွက် ဆရာတွေထဲက တစ် ယောက်လို့ ပြောလို့ရတယ်။ သူ ကျွန်မကို အိုက်တင်တွေ အများကြီးသင် ပေးခဲ့တယ်။ ခံစားမှုဘယ်လိုထည့်သွင်းတယ်။ ပြီးတော့ ခန္ဓာ ကိုယ်မှာရှိနေတဲ့ခံစားမှုကို ပြောင်းသွားအောင် လုပ်ဖို့ အတွက်လည်း သင်ပေးခဲ့တယ်။ ပြောရရင် Body Language တွေ ဘယ်လို တည်ဆောက်ရမယ် ဆိုတာကအစ သင်ပြပေးခဲ့တယ်။ ပြီးတော့ ကိုနေတိုးက ကြင်နာတတ်တယ်။ အလွန် လဲဖော်ရွေတယ်။ နွေးထွေးပျူငှာတဲ့ သူတစ်ဦးလည်းဖြစ်တယ်”လို့ ပြောပြ ခဲ့တယ်။

ငုရင်ထရန်ဟုရန်မေက လာမယ့် အနာဂတ်မှာလည်း အခု တိမ်တိုက်တံတား (Bridge of Cloud) ရုပ်ရှင်ဇာတ်ကားလို မျိုးဇာတ်ကား ကောင်းတွေကို မြန်မာနဲ့အတူ တွဲပြီး ထပ်မံရိုက်ကူးချင်သေးတယ်လို့ သူ့ရဲ့ ဆန္ဒကို ထုတ်ပြောခဲ့ပါတယ်။

”ကျွန်မ အတွက် တိမ်တိုက်တံတား (Bridge of Cloud) ရုပ်ရှင်ဇာတ်ကားက ပထမဦးဆုံးဖြစ်တဲ့အတွက် အားနည်း တာတွေရှိရင် ခွင့်လွှတ်ပေးကြပါလို့တော့ ပြောချင်ပါတယ်။ ပြီးတော့ မြန်မာနဲ့အတူ တွဲပြီး ဇာတ်ကားတွေ ထပ်မံရိုက်ကူးချင် ပါသေးတယ်။ ပြီးတော့ ပရဟိတကိစ္စ တွေလည်း မြန်မာမှာပူးပေါင်းပြီး လာ ရောက်လုပ်ကိုင်ဖို့ရှိပါသေးတယ်”လို့ သူက ပြောပြပေးခဲ့ပါတယ်။

ထက်လူ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*