သစ်ရွက်တီးတဲ့ဗုံ

သစ်ရွက်တီးတဲ့ဗုံ
July 17, 2018 AsianFame MediaGroup
သစ်ရွက်တီးတဲ့ဗုံ

မျက်ဝန်း။ ကျွန်တော့်ကဗျာတွေ သိပ်ကိုလူလားမြောက်တဲ့နေ့ ပေါ့လေ။ ဝေဒနာဟာ ပြာနှမ်းလာ တယ်။ ဒီအတွက် ခူးဆွတ်မှုတွေကို ဆွတ်ခူးချင်လို့ ကျွန်တော့်နှလုံးသား မှာ ကပ်ငြိနေတဲ့ရေညှိရေမှော်တွေကို ရွပ်ရွပ်ချွံချွံ ရှင်းလင်းပြီး ပိုးသားတွေ သွန်းထည့်ထားခဲ့တယ်။

နာရီဟာ နာရီလက်တံကို အသံ ထွက်အောင် ဆယ်ကြိမ်မြောက် နှိပ် လိုက်ချိန်မှာ ကဗျာလမ်းကလေး အတိုင်း ဝိုင်းဝိုင်းစက်စက် မျက်ဝန်း နက်ကို ကိုက်ချီပြီး ပန်းချီဆိုင်လေး နိုးထလာပြီ။ ဒီအချိန်သိမ်ငယ်မှုတွေ ပေနေတဲ့ ကျွန်တော့်မှာ မျက်ဝန်း လွတ်ကျတတ်တဲ့ ကဗျာလမ်းကလေး ကို ကြိုပြီးစောင့်ရှောက်နေကျ။

အပေါစားတွေ မသုံးတတ်တဲ့ မျက်ဝန်းဟာ ကျွန်တော့်ရဲ့ မီးလင်း ဖို။ ကျွန်တော့်ရဲ့ သွေးထဲသားထဲမှာ စမ်းချောင်းလေး မျိုမိသလို ဘယ်လို မှမဝလို့ ပန်းချီဆိုင်ရှေ့က ကဗျာလမ်း ကလေးထဲ ကျွန်တော်ဝဲရင်း မျက်ဝန်း ကို ခဏလောက်သွေးခွင့်ရဖို့ ကျွန်တော့် မှာ ခဏလောက် ဝေးလွင့်ရတယ်။ ဒါပေမဲ့ စက္ကန့်လေးရဲ့ ခဏထဲမှာ တွေ့မိပြီဆိုတော့လည်း ခဏထဲသိမ်း ဆည်းထားဖို့ မေ့ရင်း အကြည့်ချင်းဖိ သွင်းလိုက်တဲ့အသံက နှလုံးသားထဲ ထိအောင် ခေါ်ဆောင်လို့။

အဲဒီလိုနဲ့ မျက်ဝန်းငင်ရာကို လိုက်ပါပြီး ကျွန်တော်ဟာ စာတန်း ထိုးမပါတဲ့ ကဗျာလမ်းကလေးထဲမှာ ဒိတ်အောက်နေတဲ့ အကြည့်တွေကို သာ ဖမ်းဆုပ်မိခဲ့တယ်။ တစ်ခါတလေ ပေါ့၊ လေထဲမှာ ပျက်ကျသွားတဲ့ မျက် ဝန်းကို ကျွန်တော်ဖြင့် သွေးတက် လွန်းလောက်အောင် နှမြောလိုက် တာ။ ကျွန်တော်လေ မျက်ဝန်းကို ကျွန်တော်တစ်ယောက်တည်းပဲ ဆွဲဆွဲ ငင်ငင်ထိုင်ဆွဲချင်တာသိလား။ ကျွန်တော့်ရင်ဘတ်ထဲမှာ သိုးတွေ အအုပ်လိုက်၊ အစုလိုက်မောင်းသွင်း ထားတယ်ဆိုတာလည်း အသိ။ တစ်နေ့လုံး သွေးခြေမဥသေးတဲ့ မျက်ဝန်းကို ကျွန်တော့်ကဗျာထဲ ဆွဲ ဆွဲသွတ်ရတာ ကျွန်တော့်မှာ စိမ်း လန်းလွန်းလို့။

ဘာပဲဖြစ်ဖြစ်၊ ကျွန်တော်က တော့ ကျွန်တော့်ရဲ့ ရိုးရာယဉ်ကျေးမှု တွေကို ကဗျာလမ်းကလေးထဲ ဝက် ဝက်ကွဲအောင် စိမ်ခဲ့မိတယ်။ တကယ် ပါ။ ကဗျာလမ်းကလေးကို သွန်မပစ် လိုက်ပါနဲ့။ ကျွန်တော်ပြောမယ်။ နှလုံးသားတည့်တည့်ကို ပစ်ဖောက် လိုက်ကြတဲ့ အကြည့်တွေဟာ မီးကုန် ယမ်းကုန်။ ဘယ်သူ့အကြည့်တွေဟာ ဘယ်ထိအောင်ရွက်လွှင့်နေပြီး ဘယ် ပစ်မှတ်ကို ဘယ်လိုထိမှန်နေကြပြီ လဲ။ ကျွန်တော်ဟာ အဝေးက မော့ ကြည့်ရင်း တစ်စင်းမှငွေသံ မမြည်လို့ ညှို့ဓာတ်ပါတဲ့မျက်ဝန်းလည်း အကြည့် ကျဲလာတယ်။ ငွေသံ ဆွတ်လိမ်းထား တဲ့ အကြည့်တွေရဲ့အလယ်မှာ မျက် ဝန်းဟာ သိပ်ကို မှော်အောင်နေတယ်။ မျက်ဝန်းတစ်ချက် လှုပ်ခါလိုက်တိုင်း နောက်ထပ်အကြည့်တွေ နောက်ထပ် ရောက်လာတယ်။ ငွေသံမမြည်တဲ့ အကြည့်တွေဟာ ကျွန်တော့် ကိုယ်ထဲ ပြန်ပြီး နစ်ဝင်နေချိန်မှာတော့ မျက်ဝန်းဟာ ငွေသံမြည်တဲ့ အကြည့် တွေကို ပုံသွင်းလို့။ တေးမဝသေးတဲ့ သွေးကြောထဲမှာ အကြည့်တွေ အတောင်ကျွတ်၊ ဘယ်သူလွတ်ဖူးလဲ။ မျက်ဝန်းဟာ ဘယ်အချိန်ကတည်းက စပြီး တေးကြိုက်တတ်ခဲ့မှန်း ဘယ်သူ မှမသိကြ။ ဒါပေမဲ့ ကျွန်တော့်နှလုံး သားဟာ အသည်းကွဲ ဖတ်စာတွေကိုမှ ကြိုက်တတ်တယ်ဆိုတာ ဒဏ်ရာတွေ ကကြိုပြီး သိနေခဲ့သလို သွေးမထွက်ခဲ့ ဖူးတဲ့ နှလုံးသားရယ်လို့ ဘယ်ရင် ဘတ်မှာမှ မရှိခဲ့ပါဘူး။ ဘဝဟာ ဒူး ထောက်ပြီး လျှောက်လဲချက်ပေးလို့ မရမှတော့ အရာအားလုံးကို လွတ် လမ်းမရှိအောင် ရင်ဆိုင်တိုးကြည့်လိုက် ရုံ။ ဒါဆိုဒုက္ခတွေပြီးသွားမှာလား။

မျက်ဝန်း၊ မျက်ဝန်းရဲ့ မျက်ဝန်း ကြို၊ မျက်ဝန်းကြားမှာ ပိုးမျှင်တွေ လည်း ရဲပဒေါင်းခတ်လို့။ ပိုးမျှင်တွေ နဲ့ တစ်ခါသုံးနှလုံးသားတွေကို ပွက် ပွက်ဆူအောင် ကျုံးသွင်းပြီး နေကြာ လိုခေါင်းညိတ်တတ်အောင် မှုတ် သွင်းပြန်တယ်။ ဒါပြင်သစ်မဟုတ်ဘူး ကွယ့်။ နေကြာတွေကို ခေါင်းခါ လိုက်စမ်းပါ။ ပန်းချီဆိုင်လေးရှေ့က ကဗျာလမ်းကလေးတစ်ခုလုံး နှလုံး သား ဆန်ချင်လို့။ ဒီလိုနဲ့ပဲ မျက်ဝန်း ဟာ ကြယ်သားစားပြီး ကြယ်တံခါးကို တားမြစ်ထားပြန်ပေါ့။ ကဗျာလမ်း ကလေးထဲမှာ ကျွန်တော်ဟာ အသည်းကွဲဖတ်စာတွေနဲ့ မျက်နှာ သစ်ရင်း မျက်ဝန်းရဲ့ ခြိမ်းခြောက်မှု တစ်ခုပြီး တစ်ခုအောက်မှာ ဈေးဆစ် လို့မရအောင် တွေ့ဆုံခွင့်တွေပျောက် ဆုံး။ နောက်ဆုံးမှ ရောက်လာတဲ့ လရောင်အခွံပေါ်မှာ ကျွန်တော်ဟာ လွတ်လွတ်ကျွတ်ကျွတ် ထိုင်နေရ တယ်။ အဲဒီလို အစိမ်းရောင်တောက်ပ နေတဲ့ ပန်းချီဆိုင်လေးရှေ့က ကဗျာ လမ်းကလေးထဲမှာ ဖြစ်သွားတဲ့အဖြစ် အပျက်က ကြေကွဲဖို့တော့ကောင်း သား။ မထင်မှတ်တဲ့အချိန်မှာ မထင် မှတ်ဘဲနဲ့ မထင်သလို မိုးပေါက်တွေ ဝုန်းဒိုင်းကြဲအိတွဲလာတယ်။ မိုးပေါက် တွေ ကိန္နရီချောင်းခြား။ ပြန်သိမ်း ထားလိုက်ရတဲ့ အလင်းဖွဲ့လမ်းတွေ၊ ချစ်ခြင်းဖွဲ့ အနမ်းတွေ။

ကျွန်တော်ဟာ မိုးပေါက်တွေကို အရေးတကြီး ဖာထေးပြီးချိန်မှာ ကြည်ပြာရောင်ဆွတ်နေရောင်လွတ် လာတဲ့ လေပြေထဲရွက်ဆွဲပြီး မပြော မဆိုနဲ့ မျက်ဝန်းပြန်သွားပေါ့။ ထား တော့။ ဘာကြောင့်များ ကျွန်တော့် ကို ဓားခုတ်ရာတွေနဲ့ ချန်ထားချင်ရ တာလဲ။ ကျွန်တော့်မှာ အနေခက် အကြွေခက်၊ မျက်ဝန်းကို ရေတွက်လို့ မရအောင် မျက်တောင်တွေ စူးနစ် ခဲ့ပေါ့။ ဆိုတော့ ကျွန်တော့်မှာ မျက် ရည်စက်လက်။ နေ့ခင်းနက်နက်ထဲ မှာ ကျွန်တော်ဟာ အိမ်ကိုခါပစ်ပြီး တဲ့နောက် တိမ်စိတ်ပေါက်သွားတယ်။

မျက်ဝန်း။ ကျွန်တော့်ရဲ့ အသံ မပါတဲ့သီချင်းကို ဘယ်ကစပြီး ဘယ်သူ့ကက်ဆက်တွေထဲ ထိုးစွဲရ မှာလဲ။ အဲဒီမှာ မီးကျိုးမောင်းပျက် ကက်ဆက်တွေကရော၊ သီးခြားထုတ် ခွင့်ပေးမှာလား အစရှိသဖြင့် ဖြေဆို ခွင့်မရတဲ့ မေးခွန်းတွေထဲမှာ ကျွန်တော်ဟာ ထိုင်ခုံပျောက်ရင်း မျှော်လင့်ခြင်းတွေလည်း ဒိန်ခဲကုန် နေပြီ သိလား။ လေဖိအားနည်းရပ် ဝန်းတစ်ခုရဲ့ လမ်းပြကြယ်တွေခေါင် တဲ့ ကဗျာလမ်းကလေးထဲမှာ ကျွန်တော်ဟာ တစ်ယောက်တည်း ညံ့ဖျင်းမှုတွေကို အလူးအလဲဝတ်ဆင် လို့။ အခုချိန်မှာ ကျွန်တော့်ရဲ့ အလို အပ်ဆုံးအရာကတော့ မျက်ဝန်းနဲ့ အနီးဆုံးရောက်နိုင်မယ့် သံလိုက်အိမ် မြှောင်လေးတစ်ခုပေါ့။ နောက်ဆုံး တော့လည်း တဖွဲဖွဲယိုနေတဲ့ အထီး ကျန်ခြင်းရဲ့ ဖေးမမှုကလွဲလို့ ကျွန်တော်ဟာဆို့တက် သင်္ဘောပျက် လို လမ်းခွဲကိုရှုနေရတယ်။

ဘယ်အချိန်ကစခဲ့မှန်း ဘယ်သူ မှမသိလိုက်ကြတဲ့ ကဗျာလမ်းကလေး ဟာ ဘယ်အချိန်မှာ ပြီးဆုံးမယ်မှန်း ဘယ်သူမှမသိလောက်အောင် ဘယ် သူမှလည်း မသိခဲ့ဘူး။ ဒါပေမဲ့ ကျွန်တော်ရဲ့ ကဗျာလမ်းကလေးကို ဖြစ်လေ့ဖြစ်ထရှိတဲ့ အလေ့အထ တစ်ခုလိုမျိုး နေ့မကူးဘဲ ဆေးစက် ကွဲသွားမယ်လို့ အာလူးစားသူတွေက အရိုးစွဲနေကြတယ်။

ကျွန်တော့်ရဲ့ ကဗျာလမ်းက လေးဟာ သူတို့အရိုးစွဲသလို ဆေး စက်မကွဲဘဲနဲ့ ကံစီမံရာအတိုင်း အကြည့်တွေထက်ခြမ်းကွဲရင်း ပန်းချီ ဆိုင်လေးလည်း တစ်ဝက်တစ်ပျက် ဖြစ်သွားခဲ့တယ်။ ကျွန်တော်ဟာ တစ်ဝက်တစ်ပျက် ပန်းချီဆိုင်လေး ရှေ့က ကဗျာလမ်းကလေးထဲ ချော် လဲနေတုန်းပေါ့။ ရှိပါစေတော့။

ခုဆိုရင် မျက်ဝန်းတွေပြန်ပြီး ဟည်းထလာဦးမလားလို့ ကျွန်တော် ဟာ ကဗျာလမ်းကလေးကို စောင့် ဖတ်ရင်း ပိုးလွတ်တဲ့ ကောင်းကင်ကို တစ်ရာသီလုံး သီကုံးထားမိတယ်။ ယုံကြည်စွာ ကွေ့လိုက်ပါတော့။ ဒါပေမဲ့ မျက်ဝန်းဟာ မေ့တတ်ခြင်း အတတ်တွေ ပိုပြီးအိုင်ထွန်းလာသလို ပဲ။ ဘာပဲဖြစ်ဖြစ် ခဲရာခဲဆစ်မဟုတ် တဲ့ ကျွန်တော့်ကဗျာတွေကို နှလုံး သားနဲ့ တစ်ဖဲ့လောက်တောင် မရှုချင် ဘူးလား။ မျက်ဝန်းရှင်သန်နေတဲ့ ကွင်းထဲမှာ လူကြုံလေးဖြစ်ဖြစ်၊ ကျွန် တော့်ကို စိုက်ပျိုးသင့်တာပေါ့။ အခု တော့ မျက်ဝန်းတွေဆီက ဘာကြေး နန်းမှ မရလို့ ကျွန်တော့်မှာ မီးသွား ပေါ် ရပ်နေရသလို။ အင်းပေါ့ မျက် ဝန်းဟာ အရည်လဲ့နေတဲ့ ပန်းတစ်ပွင့် ဖြစ်နေမှာကိုး။ ဒီတော့ ဘာအပင် မှမဟုတ်တဲ့ ကျွန်တော့် ရင်ဘတ်ထဲကို ပန်းတွေဘယ်ပွင့်ချင်ပါ့မလဲ။ အဲဒီလို မပွင့်ရလို့လည်း ပွင့်ဖတ်လေးတွေ၊ ဝတ်မှုန်လေးတွေဟာ တစ်ဖတ်ချင်း၊ တစ်မှုန်ချင်း လျော့သွားမှာမှမဟုတ် တာ။ တစ်ချိန်ချိန်မှာ ရနံ့တွေဟာ ကိုယ့်ပွင့်ဖတ်ထဲ ကိုယ်ပြန်ပြီး အိပ် စက်မယ်ဆိုတာ ကျွန်တော်လည်း သိတာပေါ့။ ဒါပေမဲ့ ရနံ့တွေက ဒီလောက်ကြီး ပွင့်ဖတ်စောတတ်မှန်း မထင်ခဲ့မိဘူး။

မျက်ဝန်း၊ ကဗျာလမ်းကလေးကို ပြန်ပြီးဖွင့်လိုက်စမ်းပါ။ နှလုံးသား ထက်ပိုပြီ့း ဘယ်လိုငွေကြေးက ဘဝ ကို လုံခြုံမှုပေးနိုင်မှာလဲ။ တကယ် တော့ ကျွန်တော့်နှလုံးသား မခွဲစိတ်တခင် ကတည်းက ကျွန်တော်ဟာ ကံကြမ္မာ ကို ပြန်ပြောပိုင်ခွင့်မရှိခဲ့ဘူး။ ကျွန်တော်ဟာ ပျော်ရွှင်ခြင်းကို မမြည်တတ်တဲ့ တစ်ခွန်းဆိုင်စစ်စစ် ထဲက ကြိုးမျှင်လေးပါ။ အဲဒီကြိုးမျှင် ရဲ့ ကီးကလည်း ကကြီးခခွေး။ အဲဒီ လို ဆိုရကရအောင် ကျွန်တော့်မှာ စာမျက်နှာ မရှိတော့ အင်ထရိုလေး တစ်လုံးစ နှစ်လုံးစတောင်မှ ပျော်ရွှင် ခြင်းထဲ လွှတ်ကျောင်းခွင့် မရလိုက် တာဟာ မဆန်းပါဘူး။ အဲဒီအတွက် ကျွန်တော့်မှာ နောင်တတစ်ပွေ့တစ် ပိုက်ကြီးနဲ့ ခုထိပျာယာခတ်လို့။

တကယ်ဆို အသံကိုအသံ ပေါက်ရုံဖြစ်ဖြစ်၊ တီးပြမှုတ်ပြသင့် တာပေါ့။ ဒါပေမဲ့ ကျွန်တော်ဟာ လက်ခုပ်ထဲတောင်မှ အသံမထည့် တတ်ခဲ့သူပါလေ။ ကဗျာတွေ မှိုတက် နေတဲ့ ကျွန်တော့်ရဲ့ အိမ်ပြန်ချိန်ဟာ ကဗျာလမ်းလေးထဲ စွန်းထင်းလာပြန် ပြီ။ ဒီအချိန် ကျွန်တော့်ရဲ့ လက်တွေ လည်း အဆစ်လွဲနေတုန်းပေါ့။ ပြီး တော့ အချိန်အခါ မဟုတ်ဘဲနဲ့ ခိုတွေ အတန်းလိုက် ညည်းနေလိုက်တာများ။

ကျွန်တော်သတိရခြင်းတွေကို သတိရလိုက်တာ။ ကျွန်တော့်နှလုံး သားကို ဖွင့်လိုက်၊ ပိတ်လိုက်လုပ်နေ ကြတဲ့ မျက်ဝန်းတွေကလည်း မျက်ဆံ လွဲလို့ ကျွန်တော့်မှာ စိတ်ပျက်အိပ် မက်တွေ ညမရှိတော့ပါဘူး။

ဘဝဟာ ဝက်သစ်ချပင်ကို သဲလွန်စမရသေးလို့ ချစ်ခြင်းတွေ လည်း အူလှိုက်သည်းလှိုက် ခေါင်း ကိုက်နေရော့မယ်။ ဒါနဲ့စကားမစပ် သက်သတ်လွတ်တနင်္ဂနွေဟာ တနင်္ဂ နွေရဲ့ ဘယ်နှကြိမ်မြောက် တနင်္ဂနွေ လဲဆိုတာ အောင်စာရင်း ထွက်ပြီ လား။ ခုဆိုရင် လက်စလက်နရှိတဲ့ အောင်မြင်ခြင်းတွေ ကိုယ်တိုင်က အထက်တန်းကျနေရောပေါ့။ သြော် မေ့နေလိုက်တာ။ ပန်းချီဆိုင်လေး ဟာ မျက်ဝန်းသစ်တွေနဲ့ ထပ်ပြီး သစ်နေချိန်မှာ ကျွန်တော်ကတော့ ကဗျာလမ်းကလေးထဲ လန့်ကွဲရင်း ကြွင်းခဲ့တဲ့အလွမ်းတွေကို နေ့စဉ် ရက်ဆက်ဖုန်ဖျက်နေမိတယ်။ ဒါတွေ ဟာ ဖျော်ရည်စက်ထဲက သစ်သီးတွေ သစ်ပင်ပေါ် ပြန်မရောက်သလိုမျိုးပေါ့။ နောက်ဆုံးတော့လည်း ကျွန်တော် ဟာ ပုံစံစက်ထဲက နေထိုင်မှုအဟောင်း စက်စက်ကို ပိုင်ဆိုင်ခွင့်ရလိုက်ရုံ ဘာ မှမပြီးဆုံးတဲ့ ပြီးဆုံးမှုနဲ့ နောက်ကျခြင်း တွေစောလို့ . . .။

သစ်ထွဏ်းဦး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*