ကျွန်တော်နေခဲ့သောအိမ်(၁၀)

ကျွန်တော်နေခဲ့သောအိမ်(၁၀)
July 17, 2018 AsianFame MediaGroup
ကျွန်တော်နေခဲ့သောအိမ်(၁၀)

ယခုတစ်ကြိမ် ကျွန်တော်ရွှေ့ပြောင်း ရသော အိမ်ကတော့ ‘အစိုးရ အိမ်’ဟု ခေါ်ရပါမည်။ ကိုယ့်ဘာသာ ငှားနေသော အိမ်မဟုတ်ဘဲ တက္ကသိုလ်ဝန်ထမ်းအိမ်ရာချထား ရေးအဖွဲ့က ချပေးသော အိမ်ဖြစ်ပါ သည်။ ရန်ကုန်တက္ကသိုလ် (လှိုင် နယ်မြေ) ဝင်းအတွင်းမှာ ရှိပါသည်။ ဝင်းတစ်ခုထဲမှာ အိမ်အလုံး ၄ဝ ကျော် တစ်စုတစည်းတည်းရှိနေ သည်။ ဝင်ပေါက်ထိပ်မှာ ‘လှိုင်တက္က သိုလ်ဆရာများ ရိပ်သာ’ ဟု ဆိုင်း ဘုတ်တပ်ထားသည်။

အိမ်ကလေးတွေ အားလုံးဆင် တူဖြစ်သည်။ အပေါ်ထပ်မှာ အခန်း ကျယ်တစ်ခန်း၊ အခန်းကျဉ်းတစ်ခန်း ပါသည်။ အောက်ထပ်မှာ ဧည့်ခန်း၊ ထမင်းစားခန်း၊ မီးဖိုခန်းတို့ရှိသည်။ အပေါ်ထပ်အခန်းကျယ်မှာ ကျွန် တော်တို့ ၂ ယောက်၏ အိပ်ခန်းဖြစ် ပြီး အခန်းကျဉ်းက သမီး၏ အိပ်ခန်း ဖြစ်သည်။ ကျွန်တော်ဆရာငယ်ဘဝ ၁၉၆၅ ခုနှစ်လောက်က ထိုအိမ်များ ပေါ်ပေါက်တည်ရှိလာခြင်းဖြစ်သည်။ ရုရှက ဆောက်လုပ်ပေးခြင်းဖြစ်သည် ဟု ကြားဖူးသည်။ သန့်စင်ခန်းက အပေါ်ထပ်လှေကား ထိပ်နားမှာရှိ သည်။ အိမ်ဆောက်ပြီးစက လက် ထောက် ကထိက အိမ်ထောင်သည် များကို ချထားပေးသည်။ အိမ်လိပ်စာ ကို ရည်ညွှန်းရာတွင် ကျွန်တော်တို့ ဌာနက ဆရာတစ်ယောက်က ‘ဆရာ များ အိမ်ရာ’ ဟု ရိုးရိုးပင် ရည်ညွှန်း သည်။ နောက်တစ်ယောက်က ‘ကထိ ကရိပ်သာ’ဟု ရည်ညွှန်းသည့်အတွက် ပိုပြီး ခမ်းနားသွားသလို ထင်ရသည်။ ကျွန်တော်ကတော့ လုပ်သက် နှစ် ၃ဝ ပြည့်ပြီး ကထိကဘဝကျမှ ထို အိမ်မှာ နေထိုင်ခွင့်ရပါသည်။ အိမ် တွေကို အုပ်စု ၄ စုခွဲထားရာ ကျွန်တော်တို့အိမ်မှာ အုပ်စု ၃၊ အိမ်အမှတ် ၅ ဖြစ်ပါသည်။ (ယခု ထိုအိမ်များ မရှိတော့ပါ။ ဖျက် လိုက်ပါပြီ။)

ပတ်ဝန်းကျင်မှာ သစ်ပင်များ အုပ်အုပ်ဆိုင်းဆိုင်းနှင့် အရိပ်အာဝါ သကောင်းသည်။ ဝင်းထဲဝင်လိုက် သည်နှင့် အေးအေးမြမြခံစားရသည်။ တက္ကသိုလ်ဆရာဆရာမများ၊ အရာ ထမ်းများကို အိမ်ရာချထားပေးခြင်း ဖြစ်သည့်အတွက် တက္ကသိုလ်အမျိုး မျိုးမှာ အမှုထမ်းရင်း မကြာခဏဆုံ စည်းရသော မိတ်ဆွေအပေါင်း အသင်း လုပ်ဖော်ကိုင်ဖက်များ အိမ် နီးချင်းဖြစ်ရသည်။ တစ်အိမ်နှင့် တစ်အိမ်သွားကြလာကြ၊ ကလေးချင်း ကစားကြနှင့် အသက်ဝင်လှုပ်ရှားနေ သည်။ ရပ်ရေးရွာရေး၊ သာရေးနာရေး ရှိလျှင် စုပေါင်းဆောင်ရွက်ကြသည်။

လှည်းတန်းမှာနေတုန်းကလို တော့ သွားရေးလာရေး မလွယ်လှပါ။ ဈေးသွားချင်လျှင် အင်းစိန်လမ်းပေါ် က ဘာတာဈေးသို့ သွားရသည်။ လမ်းလျှောက်သွားလျှင် နည်းနည်း ဝေးသည်။ ဆိုက်ကားစီးသွားလျှင် ပို၍အဆင်ပြေသည်။ ရန်ကုန်တက္က သိုလ်သို့ သွားချင်လျှင် ပြည်လမ်းက ကားမှတ်တိုင်ရောက်အောင် တော် တောက်လျှောက်သွားရသည်။ ကျောင်းတွေ ပိတ်ထားချိန်ဆိုလျှင် လှိုင်နယ်မြေဝင်းထဲသို့ ဘတ်စကား များ မဝင်တော့ပါ။ သည်တော့ ပြည် လမ်းနှင့်လည်း မနီးလှ။ အင်းစိန် လမ်းနှင့်လည်း မနီးလှသည့်အတွက် သွားရေးလာရေး အဆင်မပြေလှပါ။ ကိုယ့်မှာ ကားမရှိတော့ ဆိုက်ကားစီး လျှင် စီး … မစီးလျှင် ကိုယ့်ခြေ ထောက် ကိုယ် အားကိုးရပါတော့ သည်။

အမှတ်တရကလေးတစ်ခုရှိပါ သည်။ တစ်ညတွင် သမီးက တော် တော်နေမကောင်းဖြစ်နေသည်။ သမီးကို ဆေးခန်းသွားပြဖို့ ကားထွက် ငှားတော့ အငှားကားလည်း မလာ၊ ဆိုက်ကားလည်း မလာ၊ အချိန်တွေ ကြာသွားမှာစိုးသည့်အတွက် သမီးကို ချီပြီး အင်းစိန်လမ်းဘက်သို့ လျှောက် ရပါတော့သည်။ မိုးတွေ ရွာလာသဖြင့် ဇနီးက ထီးမိုးပေးပြီး လိုက်ရသည်။ အင်းစိန်လမ်းပေါ်က ဆေးခန်း ရောက်တော့ တော်တော်မောနေပါ ပြီ။ ဆရာဝန်နှင့်ပြပြီးတော့မှ စိတ် အေးသွားပါတော့သည်။ သွားရေး လာရေးခက်သောနေရာမျိုးမှာနေဖို့ တော်တော်စိတ်ကုန်သွားပါသည်။

ကျွန်တော်တို့ ဝင်းကလေးက ရပ်ကွက်ကလေးတစ်ခုလို ဖြစ်နေ သည်။ အလယ်နားလောက်မှာ ဓမ္မာ ရုံအဆောက်အအုံကလေးတစ်ခု လည်း ရှိသည်။ စုပေါင်းဆောင်ရွက် သည့် အလှူများတွင် ဓမ္မာရုံသို့ သံဃာတော်များ ပင့်ပြီး လှူဒါန်းကြ သည်။ ဥပုသ်သီလယူပြီး တရားနာ ကြသည်။ ရိပ်သာ၏ သာယာရေး ကော်မတီဖွဲ့ထားပြီး သာရေးနာရေး ကိစ္စများ ဆောင်ရွက်ကြသည်။ သန့် ရှင်းရေးအတွက် မြက်ရှင်းသည့် အလုပ်၊ အမှိုက်သရိုက်ရှင်းသည့် အလုပ်များလည်း လုပ်ကြသည်။ ဝင်း ပေါက်နားမှာ ကင်းတဲလို အဆောက် အအုံကလေးဆောက်လုပ်ထားပြီး ဘကြီး တစ်ယောက်ကို အစောင့် တာဝန်ပေးထားသည်။ လူဝင်လူထွက် သတိထားကြည့်ရပြီး ဝင်းလုံခြုံရေး အတွက် စောင့်ရှောက်ပေးရသည်။

ပြဿနာတစ်ခုပေါ်လာသေး သည်။ အနီးအနားရပ်ကွက်များမှ မိန်းကလေးတချို့ ဝင်းထဲက အိမ် တွေမှာ အဝတ်လာလျှော်ပေးကြ သည်။ အဝတ်လျှော်သည့်အိမ်များမှ လျှော်ဖို့ထည့်ထားသည့် အင်္ကျီတစ် ထည်စ နှစ်ထည်စ ပျောက်သွားတာ မျိုး၊ ရေချိုးခန်းထောင့်က သတ္တုချိုင့် ရှာမတွေ့တာမျိုးတွေဖြစ်လာတော့ အိမ်ချင်းတိုင်ပင်ကြပြီး သူတို့အဝတ် လျှော်ပြီးအပြန်မှာ လမ်းက ဆီးပြီး သူတို့ပစ္စည်းတွေရှာတော့ အိမ်များမှ သူတို့တိတ်တိတ်ဝှက်ပြီး ယူဆောင် လာသော လျှော်လက်စအင်္ကျီတွေ ဘူးတွေ ခွက်တွေ ထွက်လာသည်။ သူတို့ကို ဓမ္မာရုံထဲခေါ်သွားပြီး စစ်ကြဆေးကြတော့မှ ဘယ်အိမ်က ဘာပစ္စည်းပျောက်သွားလို့ဆိုသော အမှုတွေ ပေါ်လာသည်။ သူတို့ အိမ်တွေကို အကြောင်းကြားပြီး အမှု လုပ်မယ် ဘာမယ် ခြောက်တော့မှ ပစ္စည်းအချို့ပြန်ရသည်။ သူတို့ လက်ပြောင်းလက်လွှဲလုပ်ပြီးသည့် ပစ္စည်းတွေတော့ ပြန်မရတော့ပါ။ ဝင်းကိုစောင့်သည့် ဘကြီးက ”နောက် ထပ်ဒီဝင်းထဲကို ဘယ်တော့မှ မလာ ကြနဲ့။ လာတာတွေ့ရင် ဖမ်းပြီး ရဲစခန်းပို့မယ်” ဟု ကြိမ်း မောင်းပြီး ပြန်လွှတ်လိုက်သည်။ သူတို့လည်း နောက်ထပ်မလာရဲတော့ပါ။

နောက်ထပ်ကြုံရသော ဇာတ် လမ်းက ‘ခြ ဇာတ်လမ်း’ ဖြစ်သည်။ ရောက်စကတော့ သတိမထားမိပါ။ နောက်မှ ခြအန္တရာယ်ကို တဖြည်း ဖြည်းသိလာပါသည်။ အောက်ထပ် အမိုးထောင့်မှာ ပစ္စည်းတင်ဖို့ တောက်လျှောက်ခင်းထားသော အဆင့် တစ်ခုရှိသည့်အတွက် ထိုအဆင့်ပေါ် မှာ စာအုပ်တော်တော်များများ တင် ထားမိသည်။ တစ်ခါတွင် စာအုပ် တစ်အုပ်ကြည့်စရာရှိ၍ အဆင့်ပေါ် မှယူပြီး စာအုပ်အဖုံးကို လှန်လိုက် ရာ ရုတ်တရက်လန့်သွားပြီး ပါးစပ် က ‘ဟာ’ခနဲအသံထွက်သွားပါသည်။ ကတ်ထူအဖုံးကို လှန်လိုက်သည်နှင့် အထဲမှာ စက္ကူတစ်ရွက်မှ မတွေ့ရ တော့ဘဲ ခြစာတွေနှင့် မည်းနေသော အပြင်ကြီးတစ်ခုက ကြိုဆိုနေသော ကြောင့်ဖြစ်ပါသည်။ ဤစာအုပ်တွေ ကို ကမန်းကတန်းလှန်ကြည့်တော့ ထိုပုံစံအတိုင်းပင် ခြစားထားသည် ကို တွေ့လိုက်ရပါတော့သည်။ တချို့ စာအုပ်တွေက ခြတွေ တရွရွနှင့် စား လက်စဖြစ်သည်။ အားလုံးကို ချက် ချင်းသယ်ပြီး အိမ်နောက်ဘက်က ချောက်ထဲသို့ ပစ်ချလိုက်ရပါတော့ သည်။ အနှစ်နှစ်အလလ စုဆောင်း ထားသော ကျမ်းစာအုပ်များ အားလုံး ခြစာဖြစ်သွားပါတော့သည်။

နောက်တစ်ခါကျတော့ အခိုင် အမာလုပ်ထားသည့် သစ်သားပုံးကြီး ထဲမှာ စာရွက်စာတမ်းတွေ၊ ဓာတ်ပုံ တွေ အပြည့်ထည့်ပြီး အဖုံးကို သေ သေချာချာပိတ်ထားသည်။ အောက် ဘက်မှာလည်း အုတ်ခဲများ ခံထား သည်။ ထိုပုံးကြီးထဲက စာရွက်စာ တမ်းတွေယူဖို့ မကြာမကြာ အဖွင့် အပိတ်လုပ်သည်။ အလုပ်များသည့် အချိန် တစ်ချိန်မှာ ထိုပုံးကြီးကို မဖွင့် ဖြစ်ဘဲ နည်းနည်းကြာသွားသည်။ တစ်နေ့မှာ ရှာစရာရှိ၍ ပုံးကို ဖွင့် လိုက်တော့ မျက်နှာပြင်တစ်ခုလုံးမှာ ရွှံ့ပြင်ကြီးဖြစ်နေသည်ကို အထိတ်တ လန့်တွေ့လိုက်ရတော့သည်။ စာရွက် စာတမ်းတွေ ဘာမှမရလိုက်တော့ပါ။

တစ်ခါတစ်ခါမှာတော့ အိမ် နောက်ဖေးဘက် ဆင်းပြီး မြေကြီး ပေါ်မှာ ကုလားထိုင်များချ၍ ရေနွေး ကြမ်းဝိုင်းဖွဲ့ရင်း စကားစမြည်ပြောရ သည့် အရသာကို ခံစားရပါသည်။ သစ်ရိပ်ဝါးရိပ်နှင့် အေးအေးမြမြရှိပြီး စိတ်ကြည်နူးစရာကောင်းပါသည်။ အနေကြာလာလေလေ၊ အချင်းချင်း ခင်မင်သွားလေလေဖြစ်ပြီး ကလေး များလည်း ကစားဖော်များ၊ ကျောင်း သွားဖော်များအဖြစ် ပို၍ခင်ကြပါ သည်။ အပြင်သွားစရာရှိ၍ ဝင်းထိပ် မှာ ကားရပ်စောင့်နေလျှင် ဝင်းထဲက ကားရှိသူများနှင့် ကြုံပါက ခေါ်တင် သွားလေ့ရှိသည့်အတွက် အဆင်ပြေ ပါသည်။

ကျွန်တော်တို့နေသော အုပ်စု ၃၊ အိမ်အမှတ် ၅ နှင့်ပတ်သက်သည့် စိတ်ဝင်စားစရာ ဇာတ်လမ်းတစ်ခုကို လည်း နောက်မှပြန်ပြီး ဆက်စပ် ကြည့်မိပါသည်။ ထိုအိမ်များဆောက် ပြီးစက လက်ထောက်ကထိက အိမ် ထောင်သည်များ စပြီး နေထိုင်ကြပါ သည်။ ကျွန်တော်နေသောအိမ်မှာ နေခဲ့သော သင်္ချာဌာနက လက် ထောက်ကထိကဆရာတစ်ယောက် အကြောင်း ထိုစဉ်က သတင်းစာထဲ မှာပါဖူးသည်။ ထိုဆရာအိပ်ပျော်နေ စဉ် ညဘက်တွင် အိမ်ကို သူခိုးဝင် ခိုးသည်။ ဆရာနိုးလာပြီး သူခိုးနှင့် ထွေးလားလုံးလားဖြစ်ရာမှ သူခိုးက ဓားနှင့် ထိုးသဖြင့် ဆရာ့လက်မှာ ဒဏ်ရာရသွားကြောင်း သတင်းစာ ထဲမှာ ဖတ်ရှုလိုက်ရဖူးသည်။ ကျွန် တော် ထိုအိမ်မှာနေရသော အချိန် တွင် ထိုဆရာမှာ အကြီးအကဲဆရာ ကြီးတစ်ဦးဖြစ်နေပါပြီ။ တစ်ခါတွင် ဆရာကြီးနှင့် ဆုံ၍ ထိုအကြောင်း မေးကြည့်သောအခါ ဆရာကြီးက ‘ဟုတ်တယ်ဗျ’ဟု ပြောပြီး အကျိုး အကြောင်း ပြောပြဖူးပါသည်။

လှိုင်နယ်မြေအတွင်း ကျောင်း ဆောင်များနှင့်အတူ ထိုအိမ်များကို ဆောက်ခဲ့ခြင်းဖြစ်သည်။ သိရသည် ကတော့ မူလဆောက်ပေးစဉ်က ထို အိမ်များကို စာရေးဝန်ထမ်းများ အတွက် ရည်ရွယ်ပြီး ဆောက်ခြင်း ဖြစ်ကြောင်း၊ အိမ်များ ပြီးသွားသော အခါ တော်တော်ကောင်းနေသည့် အတွက် အရာရှိအဆင့်ပေးရန် သတ် မှတ်ပြီး လက်ထောက်ကထိကများကို ချပေးခြင်းဖြစ်ကြောင်း သိရခြင်းဖြစ် သည်။ ကျွန်တော်တို့ အိမ်ရသည့် အချိန်မှာတော့ ထိုအိမ်များတွင် ကထိကများ၊ တွဲဖက်ပါမောက္ခများ ကို နေရာချပေးနေပြီဖြစ်ပါသည်။

အိမ်လခအဖြစ် ပေးရသော ငွေ မှာ မများသည့်အပြင် ရေမပူရ၊ မီးမပူရသည့်အတွက် စိတ်အေးချမ်း သာ နေနိုင်ခဲ့ပါသည်။ ၁၉၉၄ ခုနှစ် တွင် နေအိမ်ကလေးရှိပြီး ၃ နှစ်နေ ပြီးနောက် နိုင်ငံ့တာဝန်ဖြင့် ပြည်ပသို့ သွားရောက်သည့်အခါ ထိုအိမ်ကလေး ကို ပြန်အပ်ခဲ့ရပါသည်။

မောင်ခင်မင် (ဓနုဖြူ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*