မျက်ရည် မိတ္ထူ

မျက်ရည် မိတ္ထူ
July 16, 2018 AsianFame MediaGroup
မျက်ရည် မိတ္ထူ

ကျွန်တော်တစ်လသားအရွယ်မှာ အဖေကွယ်လွန်ဆုံးပါးသွားခဲ့သည်။ ထိုစဉ် ကအမေသည် တင့်တယ်လှပ သောအရွယ်နှင့် ရုပ်ရည်ရှိသော် လည်း ကျွန်တော်၏ ကိုယ်ရေးမှတ် တမ်းထဲသို့ ‘ပထွေး’ဆိုသော ဝေါဟာ ရရေးမပေးခဲ့ပေ။ ထို့နောက်သူ၏ မေတ္တာနှင့် ချွေးစက်များကို ရောစပ် ကာ ကျွန်တော့်ဘဝထဲသို့ မြေသြဇာ ထည့်ပေးခဲ့သည်။ သူကိုင်စွဲလိုက် သည်က တောင်းတစ်လုံးနှင့် ချိန်ခွင် တစ်လက်ဖြစ်၏။
ထို့နောက် ကျွန်တော်၏ မူလ တန်းနှင့် အလယ်တန်းစာသင်နှစ် များကို ရွာမှာပင် ကျောင်းတက်စေ ခဲ့ပြီး ‘နဝမတန်း’အရောက်တွင် ရန်ကုန်ရှိ ဦးလေးတစ်ယောက်၏အိမ်မှာနေရင်း ပညာသင်ကြားစေခဲ့ သည်။ ထို့ကြောင့် တစ်နှစ်လျှင် အမေနှင့် နှစ်ကြိမ်သာ တွေ့ခွင့်ရသ လိုကျွန်တော်ရွာပြန်ရောက်သည့် နေ့ များတွင်အမေကပျော်နေပြီး ရှိရင်းစွဲ အသက်ထက်နုပျိုနေပုံလည်းရသည်။

သို့သော် ကျွန်တော်ရန်ကုန် ပြန်မည့်ရက်တွင် အမေ့မျက်နှာ နွမ်း ပြီးကြေကွဲနေပြန်သည်။ ထို့နောက် မျက်ရည်ပိုးပိုးပေါက်ပေါက်ကျနေ သည့် အမေ့မျက်နှာကိုကြည့်ရင်း ကျွန်တော့် ကိုယ်ပိုင်မျက်ရည်တွေကို လည်း မထိန်းသိမ်းနိုင်ခဲ့ပေ။ သား အမိ နှစ်ယောက်၏ ရင်ကွဲနာကျခန်း ပင်ဖြစ်သည်။

နှစ်ဆယ့်လေးနာရီကို အရေး အဖတ် သီချင်းနားထောင်၊ လက် ဖက်ရည်ဆိုင်ထိုင်နှင့် ဖြတ်သန်းခဲ့ သည်မှာတစ်နှစ်ကျော်ခဲ့ပြီဖြစ်၏။ ထို့ကြောင့် နေ့စဉ်ထိတွေ့နေရသော အရာများကို စိတ်ပျက်လာသည်။ ထိုအရာ တွေကို ခေတ္တကျောခိုင်းပြီး အသစ်တချို့ကို ဘဝထဲခေါ်ချင် သည်။ သို့သော် အဟောင်းများနှင့်သာ အ သားသေခဲ့သည်။

သည်လိုနှင့် တစ်ရက်တွင် မိုး နတ်မင်းကြီး၏ ဝန်ဆောင်မှုကြောင့် အဝေးခရီးစဉ်လေးတစ်ခုတွင် စာရေးဆရာ ဦးပဉ္စင်းလေးတစ်ပါးနှင့် သူ့ဇာတိရွာလေးသို့ လိုက်ပါခွင့်ရခဲ့ သည်။ ထို့ကြောင့်စာအုပ်တွေ ရေးလက်စစာမူတွေကို ခေတ္တသိမ်း၊ သောက်နေကျလက်ဖက်ရည်ဆိုင် ကိုမေ့၊ YBS ကို မှတ်ဥာဏ်က ဖျောက်၊ လုပ်နေကျအလုပ်တွေကို ဥပေက္ခာပြုပြီး မြင်ကွင်းသစ်ခံစားမှု အသစ်တို့နှင့်အတူ ကျေးလက်၏ ရိုး သားမှုအလှမှာ ကျွန်တော်ကြည်ကြည် လင်လင် ပျော်ဝင်ခဲ့သည်။

ကျွန်တော်ကဘုန်းကြီး ကျောင်း မှာတည်းခိုရသောကြောင့်ကိုရင် ကလေးများနှင့် နေ့တိုင်းထိတွေ့ရ သည်။ ရွာတို့၏ ထုံးစံအတိုင်း ကျောင်းပိတ်သည်နှင့် ကလေးများကို ရှင်ပြုပေးကြသည်။ ထိုအခါ တချို့ ကိုရင်က တစ်ပတ်၊ ဆယ်ရက်လောက် ဝတ်ပြီး၊ တချို့က လူမထွက်တော့ဘဲ ဆက်ဝတ်ကြသည်။ တချို့ကိုရင်ဝတ် နှင့် ကျောင်းပြန်တက်သည်။ (ကျေး ရွာများတွင် စတုတ္ထတန်းအထိ သင်္ကန်းဝတ်ဖြင့် ကျောင်းတက်ကြ သည်။)

ထိုကိုရင်လေးများထဲတွင် ကျွန်တော်နှင့် အရင်းနှီးဆုံး ကိုရင် လေးမှာ ‘အရှင်တိက္ခနန္ဒ’ဖြစ်သည်။ သူက ယခုနှစ် စတုတ္ထတန်း ဖြေဆို ထားသော ၁ဝ နှစ်အရွယ်ဖြစ်သော် လည်း အနေအထိုင်တည်ငြိမ် သည်။ တခြားကိုရင်လေးတွေလို ပြေးလွှား ကစားခြင်းမရှိပေ။ နောက်တစ်ချက် ထိုကိုရင်လေးကို လေးစားသည်မှာ သာသနာ၏မျိုးဆက်အဖြစ် ရန်ကုန် ကိုလိုက်ပြီး စာသင်တိုက်တစ်ခုမှာ ပရိယတ္တိ စာပေသင်ကြားတော့ မည်ဆိုသောဆုံးဖြတ်ချက်ပင်ဖြစ် သည်။

သုံးရက်လောက်ကြာပြီးနောက် ကျွန်တော်ရန်ကုန်တို့ပြန်တော့မည့်အချိန် တွင် သေတ္တာတစ်လုံးနှင့်အတူ သူ့ အမေရောက်လာသလို၊ ကိုရင် လေးကလည်း ကျွန်တော့်အနားမှာ ရှိနေ၏။ ကိုရင်လေး ရန်ကုန်လိုက် ပါသွားမည့်ကိစ္စ သူ့အမေသဘော တူ သည်ကို ကျွန်တော်သိထားသော် လည်း သားအမိနှစ်ယောက် တကယ် တမ်းခွဲခွာရမည်ဆိုသောအခါ သူ့ အမေ၏မျက်ဝန်းထဲမှာ မျက်ရည် စတွေကို တွေ့လိုက်ရသလို ကိုရင် လေး၏ မျက်နှာပေါ်က မျက်ရည်နှင့် ဝမ်းနည်းခြင်းတွေကိုလည်း ကျွန် တော်ခံစားလိုက်ရသည်။

”ကဲ အားလုံးပဲသွားပြီ”

မိတ်ဆွေဦးပဉ္စင်းလေးက နှုတ် ဆက်စကား ဆိုလိုက်သလို ကားဂိတ် သို့ လိုက်ပို့မည့် ယာဉ်မောင်းကလည်း ကားပေါ်တက်လိုက်သည်။ ထိုအ ခိုက်အတန့်လေးမှာပင် ကိုရင်လေး ၏ အမေကို တစ်လှည့်၊ ဘေးမှာ ကပ် ထိုင်နေသည့် ကိုရင်လေးကို တစ်လှည့် ကြည့်လိုက်မိသည်။

သူ့အမေမျက်နှာက ကျွန်တော့် အမေမျက်နှာဖြစ်ပြီး ကိုရင်လေး မျက်နှာက ကျွန်တော့်မျက်နှာဖြစ် နေလေသည်။

မောင်မြင့်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*