ကျွန်တော်နေခဲ့သောအိမ် (၉)

ကျွန်တော်နေခဲ့သောအိမ် (၉)
July 11, 2018 Asian Fame Media
ကျွန်တော်နေခဲ့သောအိမ် (၉)

ကမာရွတ်လှည်းတန်း၊ ဦးထွန်းလင်းခြံလမ်း၊ အိမ်အမှတ် ၃၅ အပေါ် ထပ်ကလေးမှာ ကျွန်တော်တို့ မိသားစုအနေကြာခဲ့ပါသည်။ ၁၉၇၃ ခုနှစ် မှ ၁၉၉၄ ခုနှစ်အထိ ၂၁ နှစ် များတောင်ကြာခဲ့တာပါ။ ကျွန်တော် နှင့် ဇနီးတို့ ကိုယ်ထူကိုယ်ထအိုးအိမ်ထူ ထောင်ပြီး အေးအေးချမ်းချမ်းနေ ထိုင်ခဲ့ရသော အိမ်ဂေဟာကလေးဖြစ် သည့်အတွက်ကြောင့် ထိုအိမ်ကလေး ကို များစွာသံယောဇဉ်တွယ်ပြီး စိတ် ထဲမှာ စွဲနေသည်။ ကျွန်တော်တို့ ထို အိမ်ကလေးနှင့် ခွဲခွာခဲ့သည်မှာ ယခု ဆိုလျှင် ၂၄ နှစ်ပင် ရှိပါပြီ။ အိမ်က လေးလည်း မရှိတော့ပါ။ တိုက်ခန်း များ အဖြစ်ပုံပြောင်းသွားပါပြီ။ သို့ သော် ကျွန်တော်တို့နှစ်ယောက် ထို အိမ်ကလေးကို မကြာခဏ အိပ်မက် ထဲမှာ ယခုအချိန်အထိ မြင်တွေ့နေ ဆဲဖြစ်ပါသည်။

၂၁ နှစ်အတွင်းမှာ ကျွန်တော် နှင့်ဇနီးတို့ အိမ်ကလေးနှင့် ၂ နှစ်စီ လောက် တစ်လှည့်စီ ခွဲခွာပြီး နေခဲ့ ရပါသည်။ အလုပ်တာဝန်ဖြင့် နယ် ပြောင်းကြရသောကြောင့်ပါ။ လက် ထပ်ပြီး အိမ်ထောင်သက် ၄ နှစ်သာ ရှိသေးသည်။ ၁၉၇၇ ခုနှစ်မှာ ကျွန် တော် ပုသိမ်ကောလိပ်သို့ နောက် တစ်ကြိမ် ပြောင်းရသည်။ ဇနီးမှာ အမှတ် (၁) ဒေသ ကောလိပ်၊ ရန် ကုန် (နောက် ဗိုလ်တထောင်ကော လိပ်)မှာ အလုပ်ရသည့်အတွက် ရန် ကုန်မှာနေခဲ့ရသည်။ ကျွန်တော် နောက်ဆံမတင်းရအောင် အစီအစဉ် တစ်ခုလုပ်သည်။

ဇနီးနှင့် ညီအစ်မလို ခင်မင်သောသူငယ်ချင်းတစ်ယောက် က အိမ်မှာ လာနေပေးခြင်းဖြစ်သည်။ ပုသိမ်မှာ ဇနီး၏ မိဘဆွေမျိုးများ ရှိ သည့်အတွက် ကျွန်တော့်အဖို့များစွာ အဆင်ပြေသည်။ နောက်ပိုင်းမှာတော့ အားနာသည့်အတွက် အဆောင်သို့ ပြောင်းပြီး ကျောင်းသားများနှင့် အတူနေသည်။ ရန်ကုန်သို့ တစ်လ တစ်ကြိမ်၊ နှစ်လ တစ်ကြိမ်ပြန်ဖြစ် သည်။ ကျွန်တော်တို့ ဘဝအတွက် ထူးခြားသောဖြစ်ရပ်မှာ ကျွန်တော် ပုသိမ်မှ ရန်ကုန်သို့ ပြန်မပြောင်းရွေ့ ခင် ဇနီးက မီးဖွားခွင့်ဖြင့် ပုသိမ်သို့ လိုက်လာပြီး မိဘဆွေမျိုးများ၏ အစောင့်အရှောက်ဖြင့် ကျွန်တော်တို့၏ တစ်ဦးတည်းသော သမီးကလေးကို ပုသိမ်မှာ ဖွားမြင်ခြင်းဖြစ်ပါသည်။ ကျွန်တော်ရန်ကုန်ပြန်ပြောင်းပြီးတော့ အိမ်မှာ အိမ်သားတစ်ယောက် တိုး လာပါပြီ။ ဇနီး၏ သူငယ်ချင်းက အလိုက်သိစွာ အိမ်ပြောင်းသွားသည်။ သမီးကလေးနှင့်အတူ ကျွန်တော်တို့ အေးအေးချမ်းချမ်းနေထိုင်ကြပါသည်။

သမီးကလေး ဆယ်နှစ်သမီး အရွယ်မှာ ဇနီးက ပခုက္ကူကောလိပ် သို့ တာဝန်ဖြင့် ပြောင်းရွှေ့ရသည်။ သည်အကြိမ်မှာတော့ ကျွန်တော်တို့ သားအဖအိမ်မှာ နေခဲ့ရသည့် အ လှည့်ဖြစ်သည်။ သမီးကို သူ့အမေနှင့် အတူထည့်လိုက်ဖို့ စိတ်ကူးဖြစ်သည်။ သမီးက ကျောင်းမပြောင်းချင်သည့် အတွက် ကျွန်တော်တို့ သားအဖဖြစ် သလို ချက်ပြုတ်စားသောက်ပြီး ရန် ကုန်မှာ နေခဲ့ကြသည်။ ဇနီးက နောက်ဆံတင်းရှာသည်။ တစ်လတစ် ကြိမ်၊ နှစ်လတစ်ကြိမ် အိမ်ပြန်လာ ပြီး ချက်ပြုတ်လုပ်ကိုင်ပေးခဲ့သည်။ နှစ်စေ့၍ ဇနီးပြန်ပြောင်းရပြီးနောက် ကျွန်တော်တို့ သုံးယောက် အိမ်က လေးမှာ ပျော်ပျော်ရွှင်ရွှင်နေကြရပါ သည်။

ကျွန်တော်တို့နှစ်ယောက်အလုပ် တာဝန်များသည့်အခါများတွင် သမီး ကလေးကို အိမ်အောက်ထပ်က အိမ် ရှင်မိသားစုနှင့် ထားခဲ့ရသည်။ အိမ် ရှင် “ကြီးကြီး” ၏ မြေးညီအစ်မနှစ် ယောက်က သမီးကို ချစ်ခင်ကြသည်။ သမီးကလည်း သူများနှင့် အဆင်ပြေ အောင် နေတတ်သည့် အလေ့အကျင့် ငယ်ငယ်ကတည်းက ရသည်။ အသက်အရွယ်အမျိုးမျိုးနှင့် အပေါင်း အသင်းဖြစ်သည်။ သက်တူရွယ်တူ သူငယ်ချင်းများနှင့် ကစားသလို ကလေးလေးများနှင့်လည်း ကစား သည်။ အဘွားအရွယ်၊ အဒေါ် အရွယ်၊ အမေအရွယ်များနှင့်လည်း တည့်အောင်နေသည်။

ကျွန်တော်တို့ နေထိုင်သော ဦး ထွန်းလင်းခြံလမ်းမှာ ဆရာကြီး မင်း သုဝဏ်၏ သပြေညို အိမ်ရှိနေခြင်း ကလည်း အဆင်ပြေမှုတစ်ခုဖြစ်ပါ သည်။ ရန်ကုန်တက္ကသိုလ် မြန်မာစာ ဌာနမှာ ဆရာကြီးမင်းသုဝဏ် ပါမောက္ခအဖြစ် ဆောင်ရွက်သည့်နှစ် တွင် ကျွန်တော်မြန်မာစာဂုဏ်ထူး တန်းတက်ရသည့်အတွက် ဆရာကြီး ၏ သင်ကြားပို့ချမှုကို ခံယူရသည်။ ထိုလမ်းထဲသို့ ကျွန်တော်တို့ ပြောင်း လာတော့ ဆရာကြီးနှင့် ပို၍နီးစပ် လာသည်။ အိမ်ကို အဝင်အထွက် များလာပြီး ဆရာကြီးကို မေးမြန်း ဆည်းပူးခွင့်ရသည်။ ဆရာကြီး၏ မွေးနေ့မှာနှစ်စဉ်ကျင်းပသော ထမနဲ ပွဲကို အမြဲတက်ရသည်။ ဆရာကြီးက အိမ်ရှေ့မှာ စာအုပ်ဗီရိုများဖြင့် စာ အုပ်များထားပြီး စာကြည့်တိုက်ဖွင့် ပေးသည်။ ရပ်ကွက်ရှိ လူငယ်များက စာအုပ်ငှားသည့် အစီအစဉ်ကိုဆောင် ရွက်ပေးသည့်အတွက် စာကြည့်တိုက် ကလေးမှာ စာအုပ်ငှားသူများဖြင့် စည်ကားနေပါသည်။

ကလေးချစ်သော ကလေးက ဗျာစာဆိုကြီး ဆရာကြီးမင်းသုဝဏ် နှစ်စဉ်ဆောင်ရွက်သည့်အစီအစဉ် တစ်ခုမှာ လွတ်လပ်ရေးနေ့ ရောက် တိုင်း လမ်းထဲက ကျောင်းမနေရသေး သော ကလေးများအတွက် ကစားစ ရာများ၊ အရုပ်များ မဲဖောက်ပေးခြင်း ဖြစ်သည်။ ရပ်ကွက်ထဲမှာ အားကစား ပွဲတွေ တပျော်တပါးကျင်းပနေစဉ် ကလေးမိဘများက ကလေးများကို ချီပြီး ဆရာကြီး၏ အိမ်မှာ မဲများနှိုက် ပြီးနောက် မဲပေါက်သော ကစားစ ရာများဖြင့် ပျော်ရွှင်စွာပြန်လာလေ့ ရှိကြပါသည်။ ကျွန်တော်တို့ သမီး ကလေးလည်း ကျောင်းမနေခင် နှစ် တိုင်းကစားစရာများ ရပါသည်။

နောက်အစီအစဉ်တစ်ခုမှာ လူ ငယ်များကို ပရိတ်တော်များ သင်ပေး သည့်အစီအစဉ်ဖြစ်သည်။ ဆရာကြီး ၏ အစီအစဉ်ဖြင့် ဆရာမတစ်ဦးက လမ်းထဲရှိ လူငယ်များကို ပရိတ်တော် များ သင်ပေးပြီး ပရိတ်အဖွဲ့က အိမ် များမှာ အလှည့်ကျပရိတ်ရွတ်ခြင်း ဖြစ်သည်။ အရွယ်ရောက်စပြုနေပြီ ဖြစ်သော ကျွန်တော်တို့ သမီးကလေး လည်း ပရိတ်အဖွဲ့မှာ ပါဝင်ပါသည်။ အိမ်တွေက အလှည့်ကျဖိတ်ကြားပြီး ပရိတ်ရွတ်ကြပါသည်။ ပရိတ်ရွတ်သံ၊ အမျှဝေသံ၊ ကြေးစည်သံများကိုကြား ရသည်မှာ ကြည်နူးစရာကောင်းပါ သည်။

မြန်မာနိုင်ငံမှာ ရုပ်မြင်သံကြား ပေါ်ခါစက အကြောင်းကလေးများ ကိုလည်း သတိရစရာဖြစ်ပါသည်။ ၁၉၈၀ ပြည့်နှစ်လောက်မှာ မြန်မာ့ ရုပ်မြင်သံကြားအစီအစဉ်တွေ စတင် သည်။ ထိုအချိန်က အိမ်တိုင်းမှာ ရုပ် မြင်သံကြားမဝယ်နိုင်သေးပါ။ ငွေ ကြေးတတ်နိုင်သော အိမ်တွေက ရုပ် မြင်သံကြားဝယ်တော့ ထိုအိမ်တွေကို သွားပြီး ရုပ်ရှင်ရုံမှာ ရုပ်ရှင်ကြည့်သ လို ရုပ်မြင်သံကြားကြည့်ကြသည့် အလေ့တစ်ခုပေါ်လာပါသည်။ ကျွန် တော်တို့ လမ်းထဲက အိမ်တစ်အိမ်က အများကြည့်နိုင်အောင် ရုပ်မြင်သံ ကြားစက်ကို အိမ်ရှေ့မှာထားပြီး လမ်းပေါ်က မြင်ရအောင် ဖွင့်ပေး ထားရာ လူအများလာပြီး ကြည့်ရှုကြ ပါသည်။

“သတင်းများကို ဒေါ်ခင် အေးလွင်က ကြေညာပါတော့မယ် ရှင်၊ ဆိုသော အသံနှင့်အတူ ဒေါ်ခင် အေးလွင်ကြေညာသောသတင်းများ ကို နားထောင်ရသည်။ လမ်းထဲက ရုပ်မြင်သံကြားရှိသော အိမ်များက လာကြည့်ကြဖို့ဖိတ်ခေါ်သည့်အတွက် သွားကြည့်ကြရသည်။ ကျွန်တော့် သမီးကလေးလည်း ရုပ်မြင်သံကြား သွားကြည့်သည့် ပရိသတ်ထဲမှာပါ သည်။ အိမ်နီးချင်းကလေးများက သမီးကို ချီပြီးခေါ်သွားကြသည်။ အစီအစဉ်ပြီးတော့ အိမ်ကို ပြန်ပို့ သည်။ တခြားအိမ်တွေမှာ သမီးသွား သွားကြည့်နေရသည်ကို စိတ်မ ကောင်းသည့်အတွက် ရုပ်မြင်သံကြား အသေးတစ်လုံးကြိုးစားပြီး ဝယ် လိုက်သည်။ အိမ်မှာ ရုပ်မြင်သံကြားရှိ လာတော့ အခြားအိမ်ခန်းမှ လာ ကြည့်ကြသည်ကို လိုလိုလားလား ဖိတ်ခေါ်ရသည်။ အိမ်တွေမှာ ရုပ် မြင်သံကြားကိုယ်စီရှိလာတော့မှ အိမ် လည်ပြီးကြည့်သည့် အလေ့ပျောက် သွားပါသည်။ ထိုအချိန်က အလေ့ တစ်ခုကို သတိတရဖော်ပြခြင်းဖြစ်ပါ သည်။

ရှစ်လေးလုံးအရေးအခင်းမှာ တော့ ကျွန်တော်တို့ လမ်းကလေးမှာ စည်လည်း စည်ကားသည်။ အထိတ် တလန့်လည်းဖြစ်ရသည်။ တစ်ခါတစ် ခါရဲတွေ၊ လုံထိန်းတွေ လမ်းထဲဝင် လာသည့်အတွက် အထိတ်တလန့် ဖြစ်ကြရသည်။ တစ်ခါမှာတော့ ကျွန် တော်ရော ဇနီးပါ ကိုယ့်ကျောင်းတွေ မှာ ရုတ်တရက်တာဝန်ကျသည့် အတွက် အိမ်ကို မပြန်နိုင်သဖြင့် အိမ်မှာ ရှိနေသော သမီးငယ်ကျောင်း ကားနှင့် ပြန်လာလျှင် ခေါ်ထားပေး ဖို့ အောက်ထပ်က အိမ်ရှင်မိသားစုကို အနီးအနားက ဖုန်းဖြင့် လှမ်းပြော ထားရသည်။ နှစ်ယောက်စလုံး တော် တော်မိုးချုပ်မှ အိမ်ပြန်ရသည်။တော် ပါသေးသည်။ သမီးကို အောက်ထပ် မှ အိမ်ရှင်များက ကြည့်ထားပေး သည်။ သမီးကို အေးအေးဆေးဆေး တွေ့ရ၍ စိတ်အေးသွားသည်။

တစ်ရက်မှာတော့ ဇနီးကျောင်း က ပြန်လာပြီးနောက် သူတပည့် ကျောင်းသားကလေး လေးငါး ယောက် နောက်ကလိုက်လာပြီး အိမ် ပေါ်တက်လာသည်။ ထိုအချိန်တွင် လမ်းထဲကို လုံထိန်းရဲတွေ ဒိုင်းကိုယ် စီဖြင့် ရောက်လာပြီး အိမ်တွေရှေ့မှာ တန်းစီရပ်နေကြသည်။ ကျောင်းသား တွေက တော်တော်ကြောက်နေသည်။ လုံထိန်းတွေ တစ်အိမ်တက်ဆင်း လိုက်ရှာမလိုလို ကြားရသည်။ ကျွန် တော်လည်း ရုတ်တရက်လန့်သွားပြီး ဘာလုပ်ရမှန်းမသိဖြစ်နေသည်။ ဇနီး က ခဏစဉ်းစားပြီး ကျောင်းသားတွေ ကို နောက်ဖေးလှေကားမှဆင်းခိုင်း ပြီး နောက်ဖေးခြံတံခါးဖွင့်ပေးဖို့ အိမ် နီးချင်းများကို အကူအညီတောင်း တော့အဆင်ပြေသွားသည်။ ကျောင်း သားများ အေးအေးဆေးဆေးထွက် သွားကြသည်။ ခဏကြာတော့ လုံထိန်း များ ပြန်ရုပ်သိမ်းသွားကြပါသည်။

တစ်ညနေမှာတော့ သမီး၏ ကျောင်းကား အချိန်မီပြန်မရောက် သဖြင့် ကျွန်တော်တို့နှစ်ယောက် သမီး၏ကျောင်းသို့ ပြေးကြရသည်။ သမီးက ပညာရေးတက္ကသိုလ်လေ့ ကျင့်ရေးကျောင်းမှာ တက်နေသည်။ လမ်းတွေ ပိတ်ထားပြီး အခြေအနေ လှုပ်လှုပ်ရွရွဖြစ်နေသည်။ ကျွန်တော် တို့ နှစ်ယောက်သထုံလမ်း (ကျောင်း လမ်း)အပေါ် သုတ်သုတ်လျှောက်ပြီး သွားတော့ သမီးတို့ ကျောင်းကား မထွက်သေးဘဲ အခြေအနေကြည့် နေသည်ကို တွေ့ရသည်။ ဆရာ၊ ဆရာမများလည်း စောင့်ပေးနေ သည်။ သမီးကို ကျောင်းကားပေါ်က ခေါ်လိုက်ပြီး သုံးယောက်အတူ သုတ် သုတ်ပြန်လာကြသည်။ သေနတ်သံ တွေ ကြိုးကြားကြိုးကြား ပေါ်လာ သည်။

ထိုစဉ်က လှည်းတန်းထိပ်မှာ ရှိသော ကမာရွတ်ရဲစခန်းရှေ့ကဖြတ် ပြီး အိမ်ဘက်သို့ အပြေးအလွှားသွား ရသည်။ သေနတ်သံတွေ နောက် ဘက်မှာ ကြားရသည်။ အိမ်ရောက် တော့မှဟင်းချနိုင်တော့သည်။ လှည်း တန်းဈေးဘက်မှ သေနတ်သံ တစ် ချက်တစ်ချက်ကြားရသည်။ မတော် တဆသေနတ်ကျည်ဆန် အိမ်ထဲဝင် လာတတ်သည်ဆို၍ အထိတ်တလန့် ဖြစ်ရသေးသည်။ ထိုစဉ်က ကြုံရ သော သည်းထိတ်ရင်ဖိုဖြစ်ရပ်ပါ။

အိမ်ခန်းကလေးကို တစ်လကျပ် ၆၀ နှင့် စငှားရာ လခတွေတိုး၊ ကုန် ဈေးနှုန်းတွေ တက်သော်လည်း အိမ် ရှင်များက တစ်ခါမှ တိုးမတောင်းပါ။ ကျွန်တော်တို့က အလိုက်သိစွာ တိုး တိုးပေးရင်း ၁၉၉၄ ခုနှစ်မှာ တစ်လ ကျပ် ၂၀ဝ ပေးနေပါသည်။ သမီးမှာ လည်း အဋ္ဌမတန်းကျောင်းသူကြီးဖြစ် နေပါပြီ။ ထိုအချိန်တွင် အလှည့် အပြောင်းတစ်ခုကြုံရပါသည်။ ကျွန် တော်လက်ထပ်စကတည်းက တက္က သိုလ်မှာ နှစ်စဉ်အိမ်ခန်းလျှောက်ခဲ့ သော်လည်း တစ်ခါမှမရပါ။ သားသ မီးတစ်ယောက်တည်းရှိ၍ သားသမီး အမှတ်နည်းသဖြင့် အိမ်ချပေးသည့် အမှတ်စဉ်က ရှေ့မတိုးဘဲနောက် ဆုတ်ဆုတ်သွားပါသည်။ ထိုနှစ်မှာ တော့ ထူးထူးခြားခြား လှိုင်တက္ကသိုလ် နယ်မြေထဲက တက္ကသိုလ်ဆရာများ အိမ်ရာမှာ အိမ်ခန်းချပေးပါသည်။ လုပ်သက်နှစ် ၃၀ အကြာ၊ ကထိက ဖြစ်မှ အိမ်ခန်းရခြင်းဖြစ်ပါသည်။ သို့ ဖြင့် လက်ထပ်သည့်နေ့ကစ၍ ၂၁ နှစ်ကြာ နေထိုင်ခဲ့သော ဦးထွန်းလင်း ခြံလမ်းက အိမ်ခန်းကလေးကို မခွဲနိုင် မခွာရက်ဖြစ်သော်လည်း ရတောင့် ရခဲရသည့် တက္ကသိုလ်က အိမ်ခန်း သို့ ပြောင်းရွှေ့ခဲ့ကြပါသည်။

မောင်ခင်မင် (ဓနုဖြူ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*