နေရာခိုင်မြဲသူယျ

နေရာခိုင်မြဲသူယျ
July 10, 2018 Asian Fame Media
နေရာခိုင်မြဲသူယျ

ကြမ်းပြင်ထက်တွင် ဒူးတုပ်ထိုင်လျက် ရိုသေစွာရှိခိုးကန်တော့နေကြ သော သမီးနှင့်သမက်ကို ကြည့်၍ ဦးစိုးလွင်နှင့် ဒေါ်နုနုရီတို့သည် ဆုံး မစကားများ ပြောကြားနေကြသည်။

“အိမ်ထောင်ကျပြီးသွားတဲ့ မိန်း ကလေးတစ်ယောက်ဟာ မိဘအိမ်မှာ နေထိုင်သလိုမျိုး လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး နေထိုင်လို့မရတော့ဘူး သမီး။ မယားဝတ္တရားငါးပါးနဲ့အညီ နေထိုင်ကျင့်ကြံရုံသာမက ယောက္ခမ တွေကိုလည်း ကိုယ့်မိဘလိုမျိုး သ ဘောထားပြီး ပြုစုလုပ်ကိုင်ပေးရမယ်။သူတို့ ဆိုဆုံးမတာတွေကိုလည်း နား ထောင်လိုက်နာရမယ်။ကိုယ့်ခင်ပွန်း ရဲ့ဝေယျာဝစ္စတွေနဲ့ တခြားအိမ်မှုကိစ္စ တွေကိုလည်း တတ်နိုင်သလောက် မ လစ်ဟင်းအောင် ဆောင်ရွက်ပေးရ မယ်”

“ဟုတ်ကဲ့ပါ မေမေ”

“ငါ့သမီးကို ဖေဖေမှာချင်တာက တော့ ဘယ်ကိစ္စမဆို စိတ်လိုက် မာန် ပါမလုပ်ပါနဲ့။ အရာရာကို တတ်နိုင် သလောက် သည်းခံပြီး စိတ်အေး အေး၊ ခေါင်းအေးအေးထားပြီး ဆုံး ဖြတ် လုပ်ကိုင်ပါ”

“ဟုတ်ကဲ့ ဖေဖေ”

“မောင်ဝေမင်းအနေနဲ့လည်း သမီးနဲ့ပတ်သက်လို့ စိတ်တိုဒေါသဖြစ် စရာမျိုး ကြုံလာတဲ့အခိုက်အတန့်မှာ အန်တီတို့မျက်နှာကို ထောက်ရှုပြီး သမီးအပေါ်မှာ ငဲ့ညှာပေးပါကွယ်”

“ဟုတ်ကဲ့၊ စိတ်ချပါ မေမေ”

သမီးဖြစ်သူ ခင်နုလွင်၏ ခင် ပွန်းဖြစ်သော ဝေမင်းသည် သူ၏ ယောက္ခမများကို လျင်မြန်သွက်လက် စွာ ကတိပေးလိုက်ပါသည်။ဒေါ်နုနုရီသည် မင်္ဂလာဆောင် ပြီးသည်မှာ လေးငါးရက်ခန့်ရှိပြီဖြစ် သည့် ခင်နုလွင်၏ ချောမောလှပ သော မျက်နှာလေးအား ငေးကြည့် ရင်း သျှောင်နောက်ဆံထုံးပါ ဆိုသ ကဲ့သို့ မောင်ဝေမင်းနေထိုင်ရာ မြို့ သို့ လိုက်ပါသွားမည့် သမီးကို ကြည့် ရင်း စိတ်မချသလိုမျိုး၊ သမီးနှင့် မခွဲ ချင်သလိုမျိုး ခံစားချက်သည် ပေါ် ပေါက်လာသည်။ ထိုခံစားချက်သည် သမီးကို လာရောက်တောင်းရမ်းစဉ် က တစ်ကြိမ်၊ သမီး မင်္ဂလာဆောင် သည့်အချိန်တုန်းက တစ်ကြိမ်။ နှစ် ကြိမ်တိတိပေါ်ပေါက်ခဲ့သော ထိုခံ စားချက်သည် ထိုစဉ်က သီးချိန်တန် သီး၊ ပွင့်ချိန်တန်ပွင့် ဟူသော လော က ဓမ္မတာနှင့် ဖြေသိမ့်အစားထိုးနိုင် ခဲ့သည်။ သို့သော် ယခုလို နဖူးတွေ့၊ ဒူးတွေ့ လက်တွေ့ကျကျ ခွဲခွာရသော အခါ သူမအနေဖြင့် ခံနိုင်ရည်မရှိ သလိုမျိုး၊ နာကျင်ဝမ်းနည်းရသလို မျိုး၊ တစ်ခုခုကို လက်လွှတ်ဆုံးရှုံးမှု ကြီးမားသလိုမျိုး စသည့်ခံစားချက် ပေါင်းစုံများကို ရြေွာပမ်းခံစားနေရ လေ၏။

“သမီးတို့ သွားတော့မယ် မေ မေ”

သမီးဖြစ်သူ၏ နှုတ်ဆက်စကား ကြောင့် ဒေါ်နုနုရီသည် စိတ်ကိုထိန်း ၍ ခေါင်းညိတ်လိုက်သည်။တစ်ထပ် တိုက်ပုလေး၏ ရှေ့တွင်ရပ်ထားသော ဟွန်ဒါဖစ်အမျိုးအစားကားအဖြူ ရောင်လေးပေါ်သို့ ခင်နုလွင်၏ အ ဝတ်အစားသေတ္တာနှင့် အခြား တိုလီ မိုလီပစ္စည်းများထည့်ထားသည့် ခရီး ဆောင်အိတ်များကို ဝေမင်းနှင့် ခင်နု လွင်၏ မောင်ဖြစ်သူတို့က သယ်ယူ တင်ဆောင်နေကြသည်။ ဝေမင်း၏မိဘများ၊ ဆွေမျိုးသားချင်းများနှင့် သူငယ်ချင်းတချို့သည် မင်္ဂလာပွဲပြီး သည့် နောက်တစ်နေ့တွင် သူတို့နေ ထိုင်ရာမြို့သို့ ပြန်သွားကြသော်လည်း ဒေါ်နုနုရီ၏ “သားနဲ့သမီးနှစ်ယောက် စလုံး အေးအေးဆေးဆေးနေပြီးမှ ပြန်ကြ” ဟူသောစကားကြောင့် ခင်နု လွင်တို့ ဇနီးမောင်နှံသည် ယခုလို လေးငါးရက်ခန့်ကြာမှ ပြန်ရခြင်းပင် ဖြစ်သည်။ ခင်နုလွင်၏ ခင်ပွန်းဝေ မင်းသည် တခြားမြို့ ဇာတိဖြစ်၍ ဆန်စက်၊ ဆီစက်များပိုင်သော သူ ဌေးသားတစ်ဦးပင်ဖြစ်သည်။ ခင်နု လွင်သည် သူငယ်ချင်းတစ်ယောက်၏ မိတ်ဆက်ပေးမှုကြောင့် ဝေမင်းနှင့် သိကျွမ်းခင်မင်၍ နဖူးစာရွာလည်ခဲ့ရ ခြင်းပင်ဖြစ်သည်။ သူမတို့မြို့နှင့် ဝေ မင်း၏ မြို့သည် လမ်းပန်းဆက်သွယ် ရေးလွယ်ကူချောမွေ့၍ ခရီးအကွာ အဝေးအားဖြင့် မိုင် ၆၀ နီးပါးခန့် ရှိသည်။

“ကဲ ကဲ သွားကြတော့၊ နေမမြင့် ခင် ကားကိုလည်း ဖြည်းဖြည်းမောင်း သွားကြဦး”

ဦးစိုးလွင်သည် ကားမောင်းသူ နေရာတွင် ထိုင်နေသော သမက်ဖြစ် သူဝေမင်းကို ကား၏ နံဘေးတွင်ရပ် နေရင်းဖြင့် ပြောဆိုသတိပေးလိုက် သည်။

“ဟုတ်ကဲ့ ဖေဖေ၊ သားတို့ သွား တော့မယ်”

“သမီးတို့ သွားပြီနော် မေမေ”

“အေး အေး၊ သားနဲ့ သမီး။”

ဦးစိုးလွင်နှင့် ဒေါ်နုနုရီတို့သည် ခြံပေါက်ဝတွင် ရပ်လျက် ထွက်ခွာ သွားသော ကားအဖြူလေး၏ နောက် မြီးအား ငေးကြည့်ရင်း ကျန်ရစ်ခဲ့ သည်။ ကျောခိုင်းထွက်ခွာသွားပြီဖြစ် သော သမီးဖြစ်သူ၏ မျက်နှာကို မြင် ယောင်ရင်းဖြင့် ဒေါ်နုနုရီ၏ စိတ် သည် ယခုလိုဖြစ်ရပ်မျိုးနှင့် ထပ်တူ နီးပါးတူညီနေသော လွန်ခဲ့သည့် နှစ် ပေါင်း၂၆ နှစ်ကျော်၏ အချိန်ကာ လတစ်ခုသို့ ပြန်လည်ရောက်ရှိသွား လေ၏။

“အမေ၊ သမီးတို့ သွားတော့ မယ်။ ရထားချိန်က နီးနေပြီ။ ဒါနဲ့ အဖေကကော”

နုနုရီသည် မိခင်ဖြစ်သူ ဒေါ် စောရီကို ခပ်သွက်သွက်ကန်တော့ ရင်း ဖခင်ဖြစ်သူဦးဘသော်ကို မတွေ့ မိသဖြင့် မေးမြန်းလိုက်သည်။

“နင့်အဖေ သိပ်နေမကောင်းလို့ အခန်းထဲမှာ အိပ်တော့မယ်လို့ ပြော ပြီး အစောကြီးကတည်းက အခန်းထဲ ဝင်သွားတော့တာပဲ သမီး”

“ဟာ အဖေကလည်း ဒီမှာ ကန်တော့မလို့ပါဆို။ ဟိုမှာ ရထားက လာတော့မှာ …။ အဲဒါဆိုလည်း သီတင်းကျွတ်ကို ဒီခဏပြန်လာမှပဲ ပေါင်းကန်တော့လိုက်တော့မယ်”

“အေး အေး ငါ့သမီး။ အမေ လည်း ဘူတာကို လိုက်မပို့တော့ဘူး နော်။ နင့်အစ်ကိုတွေနဲ့ အစ်မတွေ လိုက်ပို့ကြလိမ့်မယ်”

“ဟုတ်ကဲ့ပါအမေ။အမေနဲ့အ ဖေလည်း ကျန်းမာရေး ဂရုစိုက်ကြ နော်။ ရုံးပိတ်ရက်တွေများတဲ့အခါ မျိုးမှာ သမီးတို့ အလည်ပြန်လာပါ့ မယ်”

“အေး…အေး…သမီး။အဖေနဲ့အမေအတွက် မပူပါနဲ့ကွယ်။စိတ်ချပါ။ နင့်အစ်ကိုကြီးနဲ့ အစ်မကြီး တို့ရှိနေကြတာပဲလေ”

“ဟုတ်ကဲ့ အမေ။ အဲဒါဆို သမီး သွားပြီနော်”

နုနုရီနှင့်စိုးလွင်သည် သူတို့၏ ရှေ့မှ ဘူတာသို့ ထွက်ခွာသွားသော အစ်ကိုနှင့်အစ်မဖြစ်သူ နောက်သို့ ခပ်သွက်သွက်လိုက်လာခဲ့ကြသည်။စိုးလွင်သည် မကြီးမားလွန်းသော ခရီးဆောင်အိတ်ကိုလွယ်၍ နုနုရီမှာ မူ စလင်းဘတ်အိတ်အညိုရောင်ကို သိုင်းလွယ်ထားလေ၏။ နုနုရီ၏အစ် ကိုကြီးသည် စက်ဘီး၏ ကယ်ရီယာနောက်ခုံပေါ်တွင် နုနုရီ၏ အ ဝတ်အစားများ ထည့်ထားသည့် သံ သေတ္တာကို တင်ဆောင်လျက် စက် ဘီးကို ဘူတာသို့ တွန်းလာသည်။ နုနု ရီ၏အစ်မကြီးမှာမူ ထိုအဝတ်အစား သေတ္တာအား ကြိုးဖြင့် တုပ်နှောင် ထားသော်လည်း စက်ဘီးပေါ်မှ ပြုတ်ကျမည်ကို စိုးရိမ်ဟန်ဖြင့် လက် ဖြင့် ထိန်းကိုင်ရင်း စက်ဘီး၏နောက်မှ ထက်ကြပ်မကွာလိုက်ပါလာ သည်။ နုနုရီတို့အိမ်နှင့် ဘူတာသည် မနီးမဝေးဖြစ်သဖြင့် ဘူတာသို့ရောက် ရန် အချိန်မကြာမြင့်ချေ။ စိုးလွင်နှင့် နုနုရီတို့သည် မိမိတို့၏နယ်မြို့ အသီး သီးမှ မန္တလေးတက္ကသိုလ်သို့ လာ ရောက်ကျောင်းတက်ရင်းဖြင့် ထို အမိတက္ကသိုလ်ကြီး၌ပင် ဆုံစည်းခဲ့ ကြပြီး ဖူးစာဆုံခဲ့ကြလေသည်။ကျောင်းပြီးသည့်နောက်တွင် စိုးလွင် သည် သူ၏ဇာတိမြို့ရှိ ရုံးတစ်ရုံးတွင် အငယ်တန်းစာရေးရာထူးဖြင့် အလုပ်ရခဲ့လေသည်။

နုနုရီ၏ မိဘ များမှာ ကုန်သည်များဖြစ်ကြ သဖြင့် သူမ အနေဖြင့် မိဘများ၏လုပ်ငန်း ကိုသာ ဝိုင်းကူလုပ်ကိုင်ရင်း ဖြင့် အစိုးရဝန် ထမ်းအလုပ်အား မလုပ် ဖြစ်ခဲ့ချေ။ ယခုအခါတွင်တော့ သူမ သည်မင်္ဂလာပွဲပြီးသည့်နောက် တွင်မိဘများ၊ အစ်ကိုနှင့် အစ်မများ နှင့်ခွဲခွာ၍ ခင်ပွန်း ဖြစ်သူ စိုးလွင်၏ ဇာတိမြို့သို့ လိုက်ပါလာရလေတော့ သည်။
ရထားသည် ဘူတာမှ ဥဩဆွဲ၍ ထွက်ခွာလာ၏။ စိုးလွင်သည် သူ၏နံဘေးတွင် မျက်နှာအနည်းငယ် ညှိုး စွာဖြင့် လိုက်ပါလာသော ဇနီးဖြစ်သူ နုနုရီကိုကြည့်၍ နားလည်သဘော ပေါက်ဟန်ဖြင့် မည်သည့်စကားမျှ မပြောဘဲ ရထားပြတင်းပေါက်သို့သာ ငေးမောကြည့်နေသည်။

အတန်ကြာသောအခါ စိုးလွင် သည် နုနုရီ၏ လက်ကလေးအား အသာအယာကိုင်၍ မေးလိုက်လေ၏။
“နုနု နေကောင်းရဲ့လား”

“ကောင်းပါတယ် … မောင် …”

“အင်း … မောင်သဘော ပေါက်ပါတယ်။ နုနုရဲ့ခံစားချက်ကို”

စိုးလွင်သည် မိဘများနှင့် ခွဲခွာ ၍ မိမိနောက်သို့ လိုက်လာခဲ့ရသော နုနုရီ၏ ခွဲခွာခြင်းဝမ်းနည်းမှတ်တမ်း ကို ဖတ်ရှုနားလည်ကိုယ်ချင်းစာသည့် သဘောဖြင့် ပြောဆိုလိုက်သည်။

“မောင်တို့ အမေ့ကို ကန်တော့ မယ့်အချိန်မှာ အဖေက အခန်းထဲမှာ ငိုနေတာမို့လား”

“အင်း …အဖေက အသံ မ ထွက်ဘဲ ငိုနေမှာသေချာတယ် မောင် …”

“အမေလည်း အခုချိန်ဆို ငိုနေ လောက်ပြီ ထင်တယ်”

“အင်း …အမေက မင်္ဂလာ ဆောင်တဲ့ ညဦးပိုင်းကတည်းက မီးဖို ချောင်ထဲမှာ တစ်ယောက်တည်းကြိတ် ငိုနေတာ မောင်။ မောင်က အဲဒီအ ချိန်တုန်းက မောင့်မိဘနဲ့သူငယ်ချင်း တွေ ပြန်ဖို့အတွက် ဘူတာလိုက်ပို့နေ လို့ မသိတာ”

“ဪသာ်”

သူတို့နှစ်ဦး၏ စကားသံသည် ဝမ်းနည်းမှုအချို့ဖြင့် ဖုံးလွှမ်းနေပါ သည်။ အတန်ကြာသည်အထိ ထပ်မံ စကားမပြောဖြစ်ကြပါ။ ရထားခုတ် မောင်းသံနှင့်အတူ တရိပ်ရိပ်ဖြတ် ကျော်လာခဲ့သော မှောင်နှင့်မည်း မည်းလယ်ကွင်းတချို့နှင့် တဲငယ် လေးများကို ရထားပြတင်းပေါက် မှနေ၍ ငေးမောကြည့်နေမိကြသည်။ခဏအကြာတွင် နုနုရီသည် စိုးလွင် ၏ ပခုံးစွန်းပေါ်တွင် ဦးခေါင်းကို မှေးတင်ရင်း အိပ်ပျော်ရန် ကြိုးစား လိုက်လေသည်။ သူမ၏ စိတ်အတွေး ထဲ၌ မောင်နှင့်အတူ သာယာကြည်နူး စွာ၊ ပျော်ရွှင်ချမ်းမြေ့စွာ လျှောက် လှမ်းသွားကြတော့မည့် နှစ်ယောက် တစ်ကမ္ဘာအချိန်များကို မျှော်တွေး မိရင်း သူမ၏ နှုတ်ခမ်းလေးသည် ပြုံးယောင်သန်းလာသလိုဖြစ်လာ၏။
ဒေါ်နုနုရီသည် သူမ မိဘများ ၏ ထိုစဉ်တုန်းကခံစားချက်ကို ကိုယ် တိုင်မခံစားဖူးခဲ့သော်လည်း ယခုအ ချိန်တွင်မူ ယခင်ထက်ပိုမို၍ နက် ရှိုင်းစွာ၊ စူးနစ်စွာ ခံစားတတ်လာ သည်။ ပို၍ ကိုယ်ချင်းစာတတ်လာ သည်။

အတောင်စုံသော ငှက်တစ် ကောင်အဖြစ် ပျံသန်းထွက်ခွာလာခဲ့ သော မိမိသည် မွေးဖွားသည့်အချိန် ကာလကတည်းက ရင်အုပ်မကွာ စောင့်ရှောက်လာခဲ့သော မိဘနှစ်ပါး ၏ သံယောဇဉ်နှင့်ချစ်ခြင်းမေတ္တာကို ယခုလို ကိုယ်တိုင်ကိုယ်ကျ ထိုဇာတ် ရုပ်ကို ကပြရသည့်အခန်းရောက်မှ သာ ပိုမိုနားလည်ခံစားတတ်လာလေတော့သည်။ ယခုအခါတွင်တော့ သူမ၏ မိဘများ ကွယ်လွန်သွားသည် မှာ ၁၀ နှစ်ဝန်းကျင်ခန့်ရှိပြီဖြစ်၏။သူမသည် စိတ်ထဲမှ မငိုမိအောင် ကြိုးစားရင်း နံဘေးရှိ ခင်ပွန်းဖြစ်သူ ဦးစိုးလွင်ကို ကြည့်လိုက်သည်။ နှစ် ပေါင်းများစွာ ပေါင်းသင်းလာခဲ့သ ဖြင့် သူမ၏စိတ်နှင့်အမူအရာများကို နားလည်သဘောပေါက်သော ဦးစိုး လွင်သည် သူမကို ကြင်နာစွာကြည့်ရင်း စကားတစ်ခွန်း ပြောဆိုလိုက်လေသည်။

“နောက်ထပ် ၇ ရက်လောက် ကြာတဲ့အခါ အဲဒီမြို့မှာမင်္ဂလာဆောင် ကြဦးမှာဆိုတော့ သမီးလေးနောက်ကို ငါတို့လိုက်သွားရမှာပဲလေ။ အဲဒီအခါ ကျ သမီးနဲ့တွေ့ရမှာပဲကွယ်။ နောက် လည်း မကြာခဏဆိုသလို သမီးဆီ ကို သွားလည်ကြရအောင်လေ”

လေးစားစွာဖြင့်
ခိုင်မြဲသူယျ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*