အနုပညာကို ချစ်မြတ်နိုးတဲ့ အကယ်ဒမီ နေတိုး Movie Studio ဖွင့်ပြီ

အနုပညာကို ချစ်မြတ်နိုးတဲ့ အကယ်ဒမီ နေတိုး Movie Studio ဖွင့်ပြီ
July 4, 2018 AsianFame MediaGroup
အနုပညာကို ချစ်မြတ်နိုးတဲ့ အကယ်ဒမီ နေတိုး Movie Studio ဖွင့်ပြီ

Camera Crew တွေ စတင်ဖွဲ့ကတည်းက ‘STORY BOOK’ ဆိုတဲ့နာမည်ကို ပေးဖြစ်တယ်။ အနုပညာ အလုပ်ဆိုတာ Story လမ်းကြောင်းတစ်ခုပေါ်မှာ အလုပ်လုပ်ကြရတာ။ ဇာတ်လမ်းတွေဆိုတာ စာအုပ်တွေထဲကနေ အခြေခံတာ။ ပြီးတော့ ‘STORY BOOK’ ဆိုတဲ့နာမည်ကို ကိုယ်တိုင်ကြိုက် နှစ်သက်တဲ့အတွက် ပေးခဲ့တာဖြစ်ကြောင်း STORY BOOK’ Movie Studio ဖွင့်လိုက်တဲ့ အကယ်ဒမီနေတိုးက ပြောပါတယ်။ မြောက်ဒဂုံမြို့နယ်၊ တော်ဝင် အိမ်ရာမှာ ဇွန်လ ၂၉ ရက်နေ့က ဖွင့်လှစ်လိုက်တဲ့ နေတိုးရဲ့ စတူဒီယိုကတော့ မြန်မာငွေကျပ်သိန်းပေါင်းသောင်း ချီအကုန်အကျခံပြီး ပြုလုပ်ထားတာပါ။

”ရိုက်ကူးမှုအတွက်ကတော့အဆင်သင့်ဖြစ်နေပါပြီ။ ရိုက်ကူးမှုစတင်တာကတော့ တစ်လလောက်ရှိပါပြီ။ အခု လက်ရှိလည်း Run နေပါပြီ” လို့ နေတိုးကပြောပါတယ်။ ရိုက်ကူးမှု စတင်တဲ့တစ်လအတွင်းမှာ TVC တွေ၊ Music Video ရိုက်ကူးမှုတွေလုပ်နေပြီး နေတိုးပါဝင်သရုပ်ဆောင်နေတဲ့ ဒါရိုက်တာစတီး(လ်)(ဒွေးမေတ္တာ) ရဲ့’နိုင်ငံကြီးသား’ ဇာတ်ကားကိုလည်း STORY BOOK’ မှာပဲရိုက်ကူးသွားမယ်လို့သိရပါတယ်။

”ဒီ Movie Studio က စိတ်ကူးတာနဲ့ ပြီးဆုံးတဲ့အချိန်ဆိုရင် ၄နှစ် ဝန်းကျင်လောက်ကြာ တယ်ပေါ့။ ဒီဇိုင်းရေးတာက ကျွန်တော်တစ်နှစ် လောက် အချိန်ယူပြီးရေးခဲ့ရတယ်။ ဆောက်လုပ် တာကတော့ ၂နှစ်ဝန်း ကျင်လောက်ကြာတယ်ပေါ့။ အဓိကကတော့ ဒီ Movie Studio က နိုင်ငံတကာမှာဆောက်လုပ်တဲ့ Movie Studio ပုံစံမျိုးကို အနီးစပ်ဆုံးနဲ့ နိုင်ငံတကာ System တွေအတိုင်းကို ဆောက်လုပ်ထားတာပါ့” လို့ နေတိုးကပြောပါတယ်။

ရုပ်ရှင်မှာဆိုရင် အကယ်ဒမီတွေလည်းရပြီးပြီ။ ငွေကြေးအင်အားကလည်းတောင့်တင်းပြီ။ အားလုံးပြည့်စုံနေပါပြီ။ ဒါပေမဲ့ နေတိုးကတော့ ကြိုးစားနေတုန်းပါပဲ။ သူဘာကြောင့် ကြိုးစားနေတာလဲဆိုတဲ့ အပေါ်ကိုတော့…..

”အဓိကကတော့ ခံယူချက်လို့ထင်ပါတယ်။ လူတိုင်း လူတိုင်းက ဘယ်အလုပ်မှာမဆို ခံယူချက်ကောင်းဖို့လိုတယ်။ အဓိကကတော့ ကျွန်တော့်အနေနဲ့ အနုပညာကို မင်းသားဖြစ်ချင်တဲ့ စိတ်ကြောင့်လုပ်ခဲ့တာမဟုတ်ဘူး။ ကျွန်တော်က အနုပညာကို ချစ်တယ်။ မြတ်နိုးတယ်။ တန်ဖိုးထားတယ်။ ဒါကြောင့်မို့လို့လည်း ကျွန်တော့်အနုပညာကို အတတ် နိုင်ဆုံး၊ အစွမ်းကုန်ပေးဆပ်ပြီးတော့ပဲရှေ့ဆက်တယ်။ ဒါဟာ စေတနာရဲ့အကျိုးပေးလို့ပဲ ကျွန်တော် မြင်ပါတယ်” လို့ နေတိုး ကပြောပြခဲ့ပါတယ်။

မျိုးမောင်

ဓာတ်ပုံ-အောင်ဇော်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*