ကျွန်တော်နေခဲ့သောအိမ်(၈)

ကျွန်တော်နေခဲ့သောအိမ်(၈)
July 3, 2018 AsianFame MediaGroup
ကျွန်တော်နေခဲ့သောအိမ်(၈)

၁၉၇၃ ခုနှစ်မှာ ကျွန်တော် တောင်ဥက္ကလာပမှ ကမာရွတ်လှည်းတန်းသို့ပြောင်း သည်။ လှည်းတန်းက ဦးထွန်းလင်းခြံ လမ်းမှာ အိမ်ခန်းကလေးတစ်ခန်းငှား ပြီးနေသည်။ ထိုအိမ်ခန်းကလေးသည် ကျွန်တော့်ဘဝမှာ အရေးကြီးသော အလှည့်အပြောင်းတစ်ခုစတင်သည့် အိမ်ဖြစ်သည့်အတွက် အမှတ်ထင် ထင်ဖြစ်စရာများ ပြည့်နေသောနေရာ ကလေးဖြစ်ပါသည်။ ထိုအလှည့် အပြောင်းမှာ ‘ဖူးစာဖက်’နှင့် လက် ထပ်ပြီး တစ်အိုးတစ်အိမ်စတင်ထူ ထောင်သော အလှည့်အပြောင်းဖြစ်ပါ သည်။

လက်ထပ်ပြီးလျှင် သီးသန့်နေ ထိုင်ကြရန် နှစ်ဦးသဘောတူဆုံးဖြတ် ထားသည့်အတိုင်း ဦးထွန်းလင်းခြံ လမ်းက အိမ်အမှတ် (၃၅)၏ အပေါ် ထပ်ကလေးကို ကြိုတင်ငှားထားလိုက် သည်။ အောက်ထပ်မှာ အိမ်ရှင် မိသားစုနေသည်။ အပေါ်ထပ်ကို စပေါ်ငွေကျပ် ၂ဝဝဝ၊ အိမ်လခ တစ် လကျပ် ၆ဝ ဖြင့် ငှားလိုက်သည်။

အိမ်ကလေးကို ‘ကျဉ်းကျဉ်း ရှည်ရှည်ကလေး’ဟု ဝိသေသပြုရပါ လိမ့်မည်။ ခန်းဖွင့်က ၁၂ ပေလောက် သာရှိသည်။ နောက်ဘက်ကိုတော့ ပေ ၄ဝ လောက်ရှည်ပါသည်။ အိမ် ပေါ်ထပ်ကို တက်ဖို့ အိမ်ထဲမှာ လှေ ကားရှိသည်။ အိမ်ရှေ့မျက်နှာစာမှာ ဝရန်တာကလေးရှိသည်။ ဧည့်ခန်း ထိပ်မှာ ဘုရားစင်ရှိသည်။ အိပ်ခန်း က ခုတင်တစ်လုံးချသာရုံမျှဖြစ်သည်။ ပြီးတော့ မီးဖိုခန်းမှာ မီးဖိုနှင့် ထမင်း စားပွဲထားသည်။ ပြီးတော့ အောက် ဆင်းသည့်နောက်ဖေးဘက်လှေကား ရှိသည်။ လှေကားဘေးမှာ အိမ်သာ ရှိသည်။ အိမ်ရှင်များနှင့်အတူတူ သုံး ရသည်။ အိမ်သာအမိုးနှင့်ဆက်ပြီး ရေသုံးဖို့ ကပြင်ကလေးလုပ်ထား သည်။ ကျဉ်းသော်လည်း သပ်သပ် ရပ်ရပ်ရှိသည်။

ကျွန်တော်တို့မှာ အိုးအိမ်ထူ ထောင်စဖြစ်သည့်အတွက် အိမ် ထောင်ပရိဘောဂများများ မရှိပါ။ ဧည့်ခန်းမှာ ဆက်တီတစ်စုံ၊ နောက်မှီ ကြိမ်ထိုးထားသော ကုလားထိုင်များ နှင့် ဆက်တီစားပွဲပါသည်။ အိပ်ခန်း ထဲမှာ ခုတင်နှင့်မှန်တင်ခုံရှိသည်။ မီးဖိုထဲမှာ ထမင်းစားဖို့ လေးထောင့် စားပွဲခုံကလေးနှင့် ကုလားထိုင်နှစ် လုံးရှိသည်။ ကြောင်အိမ်တစ်လုံးရှိ သည်။ ဒါပါပဲ။

ထိုအိမ်ကလေးမှာ စုပြီးနေက တည်းက အိမ်အကြောင်းပြောပြီဆို လျှင် ဈေးနီးကျောင်းနီးဆိုသောစ ကားကို ကျွန်တော်ရော ဇနီးပါ ပြော လေ့ရှိသည်။ အိမ်နောက်ဘက်လှည်း တန်း ၃ လမ်းက ထွက်လိုက်သည်နှင့် လှည်းတန်းဈေးကို ရောက်သည်။ ပြီး တော့ ကျွန်တော်တို့အိမ်က တက္က သိုလ်တွေနှင့်လည်း နီးသည်။ လက်ထပ် စတွင် ကျွန်တော်က (ရန်ကုန်) ပညာ ရေးတက္ကသိုလ်မှာ တာဝန်ကျသည်။ ဇနီးက ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ် မှာ မဟာဝိဇ္ဇာကျမ်းပြုဆဲ။ နှစ် ယောက်စလုံးအတွက် အဆင်ပြေသည်။

အိမ်ရှင်မိသားစုမှာ အိမ်ရှင် ‘ကြီးကြီး’၊ သမီးသမက်နှင့် မြေးမိန်း ကလေးနှစ်ယောက်၊ စုစုပေါင်းငါး ယောက်ဖြစ်သည်။ အေးအေးဆေး ဆေးနေထိုင်ကြသူများဖြစ်သည်။ ကျွန်တော်တို့ ပြောင်းလာတော့ မြေး အကြီးက ကျောင်းတက်စ၊ မြေးအ ငယ်ကလေးက ကျောင်းတောင်မနေ ရသေးပါ။ အနေကြာလာတော့ အိမ် ရှင်မိသားစုနှင့် ဆွေမျိုးတွေလို ခင် မင်သွားကြသည်။ အိမ်နီးချင်းတွေ နှင့်လည်း ခင်မင်သွားကြသည်။ သိုက်သိုက်ဝန်းဝန်းနှင့် နေလို့ထိုင်လို့ ကောင်းသော ရပ်ကွက်ကလေးဖြစ်ပါ သည်။ လမ်းနာမည်ကို ‘ထွန်းလင်းရိပ် သာ’ဟူ၍လည်း ခေါ်ကြပါသည်။

ထိုအိမ်သို့ ရောက်သည်နှင့် ကျွန်တော့်အနေအထား လုံးဝပြောင်း လဲသွားပါသည်။ ယခင်အိမ်တွေမှာ တုန်းကတော့ ကျွန်တော်က အုပ် ထိန်းသူ အဒေါ်များ၊ အစ်မများနှင့် အတူနေသော ‘လူငယ်’မျှသာဖြစ် သည်။ လူကြီးတွေက ဦးဆောင်နေ သည့်အတွက် လူငယ်ပီပီကြောင့်ကြမဲ့ အေးအေးဆေးဆေးနေရသည်။ အိုး အိမ်ထူထောင်ပြီး ဤအိမ်သို့ ရောက် လာချိန်ကစ၍ ကျွန်တော်ရော ဇနီး ပါ ကိုယ့်အိုးကိုယ့်အိမ်မှာ ကိုယ်ထူ ကိုယ်ထလှုပ်ရှားရသော ‘လူကြီး’များ ဖြစ်လာကြပါပြီ။ ကိုယ့်အိမ်ကိစ္စကစ ပြီး သာရေးနာရေးလူမှုရေးကိစ္စတွေ ခေါင်းထဲမထည့်ဘဲနေ၍ မရတော့ ပါ။ နှစ်ဖက်ဆွေမျိုးများနှင့် ဆက်ဆံ ရေး၊ အပေါင်းအသင်း မိတ်ဆွေများ နှင့်ဆက်ဆံရေး၊ ရပ်ရေးရွာရေးသာ မက လမ်းစဉ်ပါတီခေတ်ဖြစ်သည် နှင့်အညီ ပါတီရေးရာကိစ္စတွေပါ ပတ်သက်ရာ ပတ်သက်ကြောင်း ဖြစ် လာရပါသည်။ သူ့အိမ်မှာ ကလေး လိုနေခဲ့သော ဇနီးမှာလည်း အိမ်ရှင် မကြီးဖြစ်နေပါပြီ။

မနက်မိုးလင်းသည်နှင့်ဇနီးက ခြင်းဆွဲပြီး ဈေးသွား၍ သားငါးဟင်း လျာဝယ်ခြမ်းပြီး ပြန်လာတော့ ချက် ပြုတ်ပြင်ဆင်၊ ပြီးတော့ ကိုယ့်အလုပ် ခွင်ကိုယ်သွားကြ၊ ညနေပြန်လာတော့ အိမ်မှုကိစ္စတွေလုပ်၊ ညစာစားပြီး တော့ စာဖတ်ချင်ဖတ်၊ ရေဒီယိုတို့ ကက်ဆက်တို့ နားထောင်ချင်ထောင် (တီဗီမပေါ်သေးပါ။)ကျောင်းက အလုပ် တွေပါလာလျှင် လုပ်ကြနှင့်ပင် တစ် နေ့တာကုန်သွားသည်။

ကျွန်တော်တို့ အိမ်ထောင်ရေး ဘဝ စတင်ကတည်းက အိမ်မှာ ဧည့် သည်ပြတ်လှသည်မရှိပါ။ လမ်းသင့် သည့်အတွက် ဖြတ်သွားဖြတ်လာ လုပ်ဖော်ကိုင်ဖက်မိတ်ဆွေများ အိမ် ဝင်လာပြီး စကားစမြည်ပြောကြ သည်။ စားကြသောက်ကြသည်။ ကျွန်တော်တို့ကလည်း ဧည့်သည်မ လာလျှင် မျှော်နေတတ်ကြစမြဲဖြစ် သည်။ နယ်မှ ဆွေမျိုးများကတော့ ညအိပ်ညနေ ရောက်လာတတ်ကြ သည်။ ဇနီး၏ သူငယ်ချင်းတွေ လူစု ပြီး လာအိပ်ကြတာမျိုးလည်း ရှိသည်။ အိမ်ရှေ့ဧည့်ခန်းမှာ တန်းစီပြီး အိပ် ကြသည်။ ဆွေမျိုးများ၏ကလေးတွေ ပါလာလျှင် လူဆံ့အောင် ကျွန်တော် လည်း ခုတင်မှာ အိပ်ရာကို ကန့်လန့် ခင်းပြီး ကလေးတွေနှင့်အတူ အိပ်ကြ သည်။ တိုးတိုးဝှေ့ဝှေ့နှင့် ပျော်စရာ ကောင်းပါသည်။

ဧည့်သည်လာလျှင် ပျော်စရာ ကောင်းသော်လည်း ဧည့်စာရင်းတိုင် ရသည့် အလုပ်ကတော့ စိတ်ညစ်စ ရာကောင်းသည်။ ရပ်ကွက်ပြည်သူ့ ကောင်စီရုံးက ‘ဆင်ရေတွင်း’ရပ်ကွက် မှာ ဖွင့်ထားသည့်အတွက် ဧည့်စာ ရင်းတိုင်ဖို့ တော်တော်ဝေးဝေး လမ်း လျှောက်သွားရသည်။ မိုးထဲလေထဲ သွားရလျှင် ပိုစိတ်ညစ်ဖို့ကောင်းသည်။

ပါတီကလာပ်စည်း အစည်း အဝေးတွေလည်း တက်ရသည်။ လူစု မိလျှင် ဟိုအကြောင်းသည်အကြောင်း သောင်းပြောင်းထွေလာပြောရင်း အစည်းအဝေးပြီးသွားသည်။ အိမ် တွေမှာ အလှည့်ကျ အစည်းအဝေး လုပ်လျှင် အိမ်ရှင်က ကော်ဖီတို့လက် ဖက်သုပ်တို့နှင့် ဧည့်ခံသည်။ ရပ်ကွက် သူရပ်ကွက်သားချင်း ပို၍ခင်မင်ရင်း နှီးရသည့် အခွင့်အလမ်းဖြစ်သည်။

မေဒေးနေ့ ကျိုက္ကဆံကွင်းသို့ ချီတက်ရာတွင်လည်း ပါတီကလာပ် စည်းများစုပြီး တပျော်တပါးချီတက် ကြသည်။ နေပူထဲမှာ ပင်ပင်ပန်းပန်း ချီတက်ပြီး ကျိုက္ကဆံကွင်းရောက်တော့ ခြေပစ်လက်ပစ် ပင်ပန်းနေကြပါပြီ။ အခမ်းအနားအစီအစဉ်တွေကိုလည်း ဂရုမပြုနိုင်ကြတော့ပါ။ ခြေကုန်လက် ပန်းကျပြီး ပြန်လာကြရသည်။အမှတ် တရဖြစ်စရာကလေးများပါ။

ထိုစဉ်က ဦးထွန်းလင်းခြံလမ်း ထဲမှာ ‘အမျိုးသမီး ဘော်ဒါဆောင်’ ဟုခေါ်ကြသော ပုဂ္ဂလိက ကျောင်းသူ ဆောင်များရှိသည်။ ကျူရှင်ခန်းက နှစ်ခန်းလောက်ရှိသည်။ သည်တော့ ကျောင်းသားကျောင်းသူများ ကျောင်းတက်ကြ၊ ကျောင်းပြန်ကြ သွားကြလာကြနှင့် စည်စည်ကားကား ရှိပါသည်။ လွတ်လပ်ရေးနေ့ဆိုလျှင် တော့ လမ်းထဲမှာ ကစားပွဲတွေ စည် စည်ကားကားကျင်းပပါသည်။ ခြံ ပတ်ပြေးပွဲများ၊ ကစားနည်းအမျိုးမျိုး ပါသည့် ကစားပွဲများ၊ ထုပ်ဆီးတိုးပွဲ များ စသည်ဖြင့်မြိုင်မြိုင်ဆိုင်ဆိုင် ရှိ လှပါသည်။

၁၉၇ဝ ပြည့်နှစ် ကျော်ကစ၍ အရေးအခင်းအမျိုးမျိုး တစ်ခုပြီး တစ်ခုဖြစ်သည်ကို အကြောင်းပြုပြီး ကျွန်တော်တို့ရပ်ကွက်ကလေးမှာ လှုပ်လှုပ်ရွရွ ဖြစ်လေ့ရှိသည်။ ထိုစဉ် က ကမာရွတ် ရဲစခန်းမှာလည်း လှည်းတန်းမီးပွိုင့်အနီး၊ အင်းစိန် လမ်းနှင့် ပြည်လမ်းဆုံသည့်နေရာနား မှာ ရှိသည့်အတွက် စီခနဲအသံတစ်ခုခု ကြားသည်နှင့် ရပ်ကွက်ထဲကလူတွေ အင်းစိန်လမ်းပေါ် ထွက်ကြည့်ကြစမြဲ ဖြစ်သည်။ လုံထိန်းရဲတွေ ဒိုင်းတွေ ကိုင်ပြီး လှုပ်ရှားနေကြပုံမျိုးကိုလည်း မြင်ရသည်။ မျက်ရည်ယိုဗုံးများဖြင့် ပစ်ကြခတ်ကြသည်ကိုလည်း ကြုံရ သည်။ သို့သော် ကြောက်ရလန့်ရမှန်း မသိပါ။ တစ်ခုခု အသံကြားသည်နှင့် လမ်းထိပ်ရောက်လာပြီး စူးစမ်းကြစမြဲ ဖြစ်သည်။ ထိုကာလတစ်လျှောက်ဖြစ် ခဲ့သော အရေးအခင်းအမျိုးမျိုး၊ လှုပ် ရှားမှုအမျိုးမျိုးကို မျက်မြင်ကိုယ်တွေ့ အနီးကပ် ကြည့်ခွင့်မြင်ခွင့်ရပါသည်။

ကျွန်တော်တို့ ဇနီးမောင်နှံအ တွက် အမှတ်တရဖြစ်ရပ်ကလေးများ လည်း ရှိသည်။ ကျွန်တော်တို့ လက် ထပ်စက ညနေကျောင်းမှ ပြန်ရောက် ပြီးနောက် ညစာစားပြီးလျှင် သူငယ် ချင်းမိတ်ဆွေများ အိမ်သို့အလည် အပတ်သွားလေ့ရှိကြပါသည်။ တစ်ခါ တွင် ဇနီး၏ သူငယ်ချင်းအိမ်သို့ သွား လည်ရင်း စကားစမြည်ပြောကြစဉ် သူငယ်ချင်း၏ အမေက ‘တစ်နေ့ဟင်း ဖိုး ဘယ်လောက်ကုန်သလဲ’ဟု မေး၍ ဇနီးက ‘၅ ကျပ်လောက်ကုန်ပါတယ်’ ဟုပြောသောအခါ သူငယ်ချင်းအမေ က တစ်နေ့ ၅ ကျပ်တောင် သုံးရသလား ဟု ဇနီးကို ဆူပါတော့သည်။ ထိုစဉ် က ကုန်ဈေးနှုန်းအခြေအနေကို ဖော်ပြ သော စကားကလေးအဖြစ် အမှတ် တရရှိပါသည်။ ”အဲဒီတုန်းက ဘုရားပန်း ဝယ်ရင် ၂ ကျပ်လောက်ပဲကျတယ်” ဟု ဇနီးက မကြာခဏပြောလေ့ရှိပါသည်။

သည်းထိတ်ရင်ဖိုဖြစ်ရပ်တစ်ခု ကိုလည်း သတိရပါသည်။ ‘ဦးသန့် အရေးအခင်း’ကာလက ရန်ကုန်တက္က သိုလ်သမဂ္ဂအဆောက်အအုံနေရာ ကွက်လပ်မှာ ဦးသန့်၏ ရုပ်ကလာပ် ကို ဂူသွင်းပြီး ကျောင်းသားများ ည စဉ်ဟောကြပြောကြသည်။ ထိုတရား ပွဲသို့ လာရောက်နားထောင်သူများ ဖြင့် ညစဉ်စည်ကားနေသည်။ ကျွန် တော်တို့ နှစ်ယောက်လည်း ညစဉ် သွားပြီး ‘တရားနာ’လေ့ရှိပါသည်။ တော်တော်ညည့်နက်မှ ပြန်လာလေ့ ရရှိသည်။ တစ်ညတွင်မူ ကျောင်းဝင်း ထဲသို့ ချက်ချင်းဝင်၍မရဘဲ လူတန်း ကြီးတန်းစီ စောင့်နေသည်ကို တွေ့ ရသည်။ ကျွန်တော်တို့လည်း ဝင်ပြီး တန်းစီသေးသည်။ ထူးခြားသလိုလို ထင်မိသဖြင့် အနီးအနား အကဲခတ် ကြည့်သောအခါ မြင်နေကျမဟုတ် သော မျက်နှာစိမ်းတွေကို တွေ့ရ သည်။ အမူအရာလည်း တစ်မျိုးဖြစ် နေသည်ဟု ထင်မိသည်။ လူတွေ သိပ်များပြီး အထဲဝင်ဖို့ ရှေ့မှာ လူ တွေ ရှိနေသေးသဖြင့် မဝင်ကြတော့ ဘဲ အိမ်ကို ပြန်ခဲ့ကြပါသည်။ ထိုည သန်းခေါင်ကျော်တွင် တရားပွဲလာ နားထောင်သည့်လူအားလုံးကို လက် နက်ကိုင်များက ဝိုင်းဖမ်းပြီးကားများ ဖြင့် ခေါ်သွားကြသည်။ အနီးအနား က အသိအကျွမ်းများ ပါသွားကြ သည်။ လနှင့် နှစ်နှင့်ချီ၍ ကြာပြီးမှ သူတို့ ပြန်လွတ်လာကြသည်။ ထိုည က ကျွန်တော်တို့နှစ်ယောက်သာ ပါ သွားလျှင် ဘယ်သွားမှန်း ဘယ်ရောက် မှန်း ဘယ်သူမှ သိကြမှာမဟုတ်ပါ။ ကျွန်တော်တို့နှစ်ယောက်အတွက် မမေ့ နိုင်စရာ ဖြစ်ရပ်တစ်ခုပါ။

မောင်ခင်မင် (ဓနုဖြူ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*