ကျွန်တော်နေခဲ့သောအိမ်(၇)

ကျွန်တော်နေခဲ့သောအိမ်(၇)
June 28, 2018 AsianFame MediaGroup
ကျွန်တော်နေခဲ့သောအိမ်(၇)

ယခုအကြိမ် ကျွန်တော်နေခဲ့ သောအိမ်မှာ ၁၄ နှစ်ကြာ နေခဲ့ရသည့်အတွက် အိမ်နှင့် အိမ် ပတ်ဝန်းကျင်ကို သတိတရဖြစ်စရာ ကလေးများ ရှိနေပါသည်။ မှတ်မှတ် ရရ ၁၉၅၉ ခုနှစ်၊ ဧပြီလဆန်းမှာ မင်္ဂလာရိပ်သာရပ်ကွက် ဖျက်သိမ်း ရသည့်အတွက် ကြိုတင်ချထားပေး သော တောင်ဥက္ကလာပမြို့ ၁၃ ရပ်ကွက်သို့ ကျွန်တော်တို့ မိသားစု ပြောင်းရွှေ့ခဲ့ရပါသည်။

သိမ်းဆည်းထုပ်ပိုးသည့်အလုပ် တွေ တော်တော်နှင့်မပြီးသည့်အတွက် မိုးချုပ်ခါနီးမှာမှ ကားကြီးတစ်စီးမှာ ပစ္စည်းတွေအကုန်တင်ပြီး ပြောင်းရွှေ့ ခဲ့ရသည်။ ချထားပေးသည့် မြေကွက် နံပါတ် ၂၄၁ ကို လိုက်ရှာရင်း ည ၉ နာရီလောက်မှ ရောက်သည်။ မြေ ကွက်နံပါတ်ရေးပြီး စိုက်ထားသော တိုင်ကလေးက ကျွန်တော်တို့ကို ကြို ဆိုနေသည်။ ဘာသစ်ပင်မှမရှိသော ကွင်းခေါင်ခေါင်ဖြစ်သည်။ လယ်ကန် သင်းတွေပင် တချို့တစ်ဝက်ကျန်နေ သေးသည်။ ပင်ပန်းလာကြသည့် အတွက် ယာယီအမိုးအကာကလေး လုပ်၍ လယ်ကန်သင်းခေါင်းအုံးပြီး အိပ်လိုက်ကြသည်။

မနက်မိုးလင်းတော့ ခပ်လှမ်း လှမ်းမှာ ကျိုက်ကဆံစေတီတော်ကြီး ကို ရွှေရောင်တဝင်းဝင်းနှင့် ဖူးရ သည်။ မိုးလင်းမှ လူလုံးကွဲပြီး အိမ်နီး နားချင်းများနှင့် နှုတ်ဆက်ကာ မေး ကြမြန်းကြနှင့် အသက်ဝင်လာသည်။ မြေကွက်ကလွဲပြီး ရေလည်း မရှိပါ။ မီးလည်း မရှိပါ။ လမ်းတွေလည်း မ ဖောက်ရသေးပါ။ ရေရဖို့ အရေးတ ကြီးလိုက်ရှာကြတော့ ကျိုက်ကဆံ ဘုရားဝင်းထဲမှာ ရေတွင်းတွေ့၍ ဝမ်းသာအားရ ရေသွားခပ်ကြသည်။ နေလို့ဖြစ်ရုံ ယာယီတဲများ ထိုးကြ သည်။ အိမ်ဟောင်းများမှ ဖျက်ယူ လာသော သစ်သားများနှင့် တဲ ဆောက်ပြီး၊ တာလပတ်မိုးကြသည်။ ယာယီနေလို့တော့ ရပါပြီ။ လမ်းမကြီး များမှလွဲ၍ လမ်းငယ်များမှာ လမ်း နာမည်တွေဘာတွေလည်း မရှိသေး သည့်အတွက် ကိုယ့်အိမ်နေရာကိုမှတ် မိအောင် ရောင်စုံအဝတ်စ အမျိုးမျိုး ကို အိမ်ရှေ့မှာ အလံထူထားကြရ သည်။ တစ်နေရာရာသွားပြီး ပြန် လာလျှင် ကိုယ်လွှင့်ထူထားသောအလံ ကို အမှတ်အသားလုပ်ပြီး ကိုယ့်အိမ် နေရာကို ရှာကြရသည်။ ကျွန်တော် တို့ထက်အရင် ကြိုပြီး ပြောင်းရွှေ့ခဲ့ကြ သော ရပ်ကွက်များမှာတော့ အိမ် တွေ တော်တော်ပြီးစီးနေပါပြီ။

မှတ်မိပါသေးသည်။ တောင် ဥက္ကလာပက အိမ်တွေမှာ ရောင်စုံ အလံတွေ ထူထားပုံကို ကြေးမုံ သတင်းစာက အပေါ်စီးမြင်ကွင်း ဓာတ်ပုံရိုက်ပြီး ‘ကုလသမဂ္ဂ’ဟု ကျီ စယ်သည်။ ဆရာ ဒဂုန်တာရာက ‘ဥက္ကလာပ’ ကဗျာတွင်၊ ပိုင်နက်နေ ရာ၊ ကိုယ့်ဂေဟာကို၊ သိသာစေရန်၊ အလံမုဆိုး၊ မိုးသို့လွှင့်ထူ၊ တလူလူ တည့်’ဟု အမှတ်တရ သရုပ်ဖော် သည်။

လမ်းတွေ သေသေချာချာ မခင်း ရသေးသည့်အတွက် ဖုန်တသော သောဖြစ်နေသည်။ ကားခေါင်မိုး တစ်ခုလုံး ဖုန်တွေ လွှမ်းသွားရုံမက ကားပေါ်က ဆင်းလာသူတွေမှာ လည်း တစ်ခေါင်းလုံး ဖုန်တွေလွှမ်းပြီး ဖွေး ဖွေးဖြူနေသည်။ ‘ဥက္ကလာပ’ကို ‘ဖုတ်ကလာပ’ဟု လူရွှင်တော်တွေက ပြောင်လှောင်ကြသည်။

မိုးတွင်းရောက်တော့ ဖုန်ထုကြီး မှာ ရွှံ့ဗွက်များအဖြစ် အသွင်ပြောင်း သွားသည်။ အချို့နေရာတွေမှာ ရေ တွေ ဒူးလောက် ပေါင်လောက်တက် နေသည်။ ရွှံ့တွေ ရေတွေထဲမှာ ပုဆိုး ခါးတောင်းကျိုက်ပြီး၊ ထဘီ မ,ပြီး သွားလာနေကြသော မြင်ကွင်းမှာ မြင်နေတွေ့နေကျ မြင်ကွင်းဖြစ် သည်။ မိုးတွင်းတွင် သစ္စာလမ်း၊ မေတ္တာလမ်းစသည့် လမ်းမများမှာ ရွှံ့တွေ ဗွက်တွေထနေသည့်အတွက် ဘတ်စ်ကားများ မြို့ထဲမဝင်နိုင်တော့ ပါ။ ကန်ဘဲ့မှာ ဂိတ်ထိုးကြရသည်။ ရန်ကုန်မြို့ထဲသွားချင်လျှင် ကန်ဘဲ့ ဘူတာ၊ ဘောက်ထော်ဘူတာတို့မှာ မြို့ပတ်ရထားစီးချင်စီး၊ ကန်ဘဲ့ကား ဂိတ်မှာ ဘတ်စ်ကားစီးချင်စီး။ ထို နေရာရောက်အောင်တော့ ခြေလျင် လျှောက်လာရစမြဲဖြစ်သည်။ ထိုစဉ် က ပတ်ဝန်းကျင်အခင်းအကျင်းကို ပြန်မြင်ယောင်ကြည့်မိခြင်း ဖြစ်ပါ သည်။

မှတ်မိနေသည်မှာ ရပ်ကွက်များ ကို နာမည်လှလှကလေးများ ပေး ထားခြင်းဖြစ်သည်။ သစ္စာလမ်း၊ မေတ္တာလမ်းတို့၏ ဘေး၊ ရပ်ကွက် တစ်ခုစီ၏ အလယ်လောက်မှာ အဝါ ရောင်နောက်ခံ အနက်ရောင်စာလုံး ဖြင့် ရပ်ကွက်နာမည်ဆိုင်းဘုတ်များ ကို မြင်တွေ့ရပါသည်။ ကျွန်တော်တို့ ၏ ၁၃ ရပ်ကွက်နာမည်က ‘ငွေယမုန် ရိပ်သာ’တဲ့။ အကုန်တော့ မမှတ်မိ တော့ပါ။ ၄ ရပ်ကွက်က နန္ဒဝန်ရိပ် သာ၊ ၈ ရပ်ကွက် ရွှေယင်းမာရိပ်သာ၊ ၁ဝ ရပ်ကွက်က ဟေမဝန်ရိပ်သာ စသည်ဖြင့် နာမည်ပေးထားပါသည်။ ၈ ရပ်ကွက်မှာ ဗဟိုဈေးရှိသည်။ မြေ နေရာချထားရေးအဖွဲ့ရုံးရှိသည်။ အိမ်ကိစ္စများကို ထိုရုံးမှာ ဆောင်ရွက် ရသည်။

ကျွန်တော်တို့ ရသောမြေကွက် က ပေ ၄ဝ x ပေ ၆ဝ ဖြစ်သည်။ အဒေါ်နှစ်ယောက်က မြေကွက်ကို နှစ်ပိုင်းခွဲပြီး အိမ်တစ်လုံးစီဆောက် သည်။ တော်တော်နှင့်တော့ အိမ်မ ဆောက်ဖြစ်ပါ။ ယာယီအိမ်ကလေးကို အရင်ဆောက်ပြီး အတူတူနေကြ သည်။ တစ်နှစ်လောက်ကြာတော့ အိမ်ဆောက်ဖို့ ငွေကြေးအဆင်သင့် စုမိပြီဖြစ်သည့်အတွက် အိမ်ဆောက် ကြသည်။ ထိုအချိန်တွင် ကျွန်တော်က အသက် ၁၉ နှစ်ရှိနေပါပြီ။ အိမ်မှု ကိစ္စတွေ ကူလုပ်နိုင်ပါပြီ။ အစ်ကို တစ်ယောက်နှင့်အတူ အလုံက သစ် ဆိုင်များမှာ အိမ်ဆောက်ဖို့ သစ်တွေ သွားဝယ်ရသည်။ မြေနေရာချထား ရေးရုံးမှာ အိမ်မိုးသွပ်ပြားများရောင်း သည့်အတွက် သွားဝယ်ရသည်။JVC (Joint Venture Corporation) ခေါ် ဖက်စပ်လုပ်ငန်း ကော်ပိုရေးရှင်း တံဆိပ်နှင့် သွပ်ပြား တစ်ချပ်ကို ၆ ကျပ်သာကျပါသည်။ ‘၃၂ ဂိတ်’ ဟုခေါ်သည်ထင်ပါသည်။ ကျွန်တော် တို့၏ အိမ်ကလေးဆောက်ရာတွင် ကိုယ်တိုင်ပါဝင်လုပ်ကိုင်ရသည်ကို ကျေနပ်နေပါသည်။

နောက်ပိုင်းမှာ လမ်းတွေ ကောင်းလာသည်။ ကျွန်တော်တို့ လမ်းနာမည်ကို ‘သီရိနန္ဒာလမ်း’ဟု နာမည်ပေးသည်။ ထိပ်မှာ လမ်းဆိုင်း ဘုတ်လာတပ်သည်။ လမ်းမီးတွေ၊ အိမ်အတွက် လျှပ်စစ်မီးတွေ ရလာ သည်။ ရေရဖို့ကတော့ အဝီစိတွင်း တွေ တော်တော်များများတူးကြသည်။

ကျွန်တော်တို့အိမ်က သွပ်မိုး ပျဉ်ကာ သုံးပင်နှစ်ခန်း၊ တစ်ထပ်အိမ် ကလေးဖြစ်သည်။ ဒေါ်ကြီး၊ အစ်မ အပျိုကြီးနှစ်ယောက်နှင့် ကျွန်တော်၊ စုစုပေါင်း အိမ်သား ၄ ယောက်သာ ရှိသည့်အတွက် အေးအေးချမ်းချမ်း နေရသည်။ ကျွန်တော် ကျောင်းသား ဘဝမှာ အစ်မတွေက စက်ချုပ်သူ ချုပ် ဈေးဆိုင်ထွက်သူထွက်နှင့် ရုန်း ကန်လှုပ်ရှားရသည်။ ကျွန်တော်အ လုပ်ရတော့ အစ်မတွေ မလှုပ်ရှားရ တော့ပါ။ အေးအေးဆေးဆေးနေကြရ ပါသည်။ ကျွန်တော်က ပုသိမ်မှာ စပြီး တာဝန်ထမ်းဆောင်ရသည့် အတွက် ၂ နှစ်သွားနေရသည်။ ထို ကာလမှာတော့ ပုသိမ်ကောလိပ်က ကျောင်းသားဆောင်တစ်ဆောင်မှာ ကျောင်းသားများနှင့်အတူ နေသည့် အတွက် အဆောင်ကို အိမ်သဖွယ် မှတ်ယူပါသည်။ စားရေးသောက်ရေး ကို အဆောင်က စီစဉ်ပေးသည့် အတွက် မပူပင်ရပါ။

ရန်ကုန်ပြန်ပြောင်းပြီးတော့ အဒေါ်၊ အစ်မများနှင့် နေထိုင်ရင်း စာသင်သည့်အလုပ်ကို အချိန်များ များ ပေးပြီးလုပ်ပါသည်။ ထိုအချိန် က ကျူရှင်များ မတွင်ကျယ်သေးပါ။ ကျွန်တော်က ကျူရှင်လည်း မသင်ပါ။ ပင်မအလုပ်ဖြစ်သော ရန်ကုန်တက္က သိုလ် မြန်မာစာဌာနမှာ တာဝန်ထမ်း ဆောင်ရင်း လုပ်သားများကောလိပ် မှာ အချိန်ပိုင်းနည်းပြအလုပ်လည်း လုပ်ခဲ့ပါသည်။ အထူးသဖြင့် ထိုကာ လမှာ တွင်ကျယ်ခေတ်စားသော လူ ငယ့်ရေးရာညကျောင်းမှာ လုပ်အား အပြည့်အဝ ပေးခဲ့ပါသည်။ တောင် ဥက္ကလာက အ ထ က (၁)မှာ ဖွင့် သော လူငယ့်ရေးရာညကျောင်းမှာ သုံးလေးနှစ်သင်ပြီးတော့ အ ထ က (၃)မှာ အသစ်ဖွင့်သော လူငယ့်ရေး ရာညကျောင်းသို့ ပြောင်းပြီးသင် သည်။ ၁၃ ရပ်ကွက်မှာဖြစ်သည့် အတွက် အိမ်နှင့်နီးသည်။ သွားရလာ ရအဆင်ပြေသည်။ လူငယ့်ရေးရာည ကျောင်းစဝင်သည့် ပထမဆုံးနှစ်မှာ လစာမယူပါ။ ကျောင်းက အကြိုအပို့ လုပ်ပေးသည်။ ဧည့်ခံကျွေးမွေးသည်။ နောက်နှစ်တွေကျတော့ လစာ ၁၂ဝ ကျပ်ရပါသည်။ စာအုပ်ဖိုး လက်ဖက် ရည်ဖိုး ရသည့်အတွက် အဆင်ပြေပါ သည်။ အဓိကအကြောင်းကတော့ စာသင်ရတာ ပျော်သည့်အတွက် အချိန်ပေးခြင်းဖြစ်ပါသည်။ အလုပ် တစ်ဖက်နှင့် ကျောင်းတက်နေရသော ဆယ်တန်းအောင်ဖို့ကြိုးစားနေရ သော လူငယ်များကို ကိုယ်တတ်သည့် ပညာဖြင့် ပညာဒါနပြုခြင်းဖြစ်ပါ သည်။ လူငယ့်ရေးရာညကျောင်းမှာ သင်ရသည်ကို မကျေနပ်သေးဘဲ အိမ်နီးနားချင်းများကို အိမ်မှာ ခေါ် သင်ပေးပါသေးသည်။ အင်္ဂလိပ်စာ သင်ပေးရသူများလည်းပါသည်။ မြန် မာစာသင်ပေးရသူများလည်း ပါ သည်။ သည်တော့ မနက်မိုးလင်းပြီး ၈ နာရီလောက် အိမ်က ထွက်ပြီး ကျောင်းတွေ၊ သင်တန်းတွေ ဆက် သင်ရသည့်အလုပ်မှာ လူငယ့်ရေးရာ ညကျောင်းမှ အိမ်သို့ ပြန်ရောက်ချိန် ည ၁ဝ နာရီလောက်မှ အဆုံးသတ် ပါသည်။ တစ်နေကုန်လှုပ်ရှားရသော် လည်း ပင်ပန်းသည်ဟု မထင်ပါ။ ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး လှုပ် ရှားခဲ့ပါသည်။

ကိုကျော်ထွန်း (ဓနုဖြူကျော် ထွန်း/အီကြာကွေး)နှင့် အိမ်နီးချင်း ဖြစ်ရခြင်းမှာလည်း အမှတ်ထင်ထင် အကြောင်းတစ်ခုဖြစ်သည်။ သူ့အိမ် က မင်္ဂလာလမ်း (၁၂ ရပ်ကွက်ဘက် ခြမ်း)မှာ ရှိသည့်အတွက် ကျွန်တော် နှင့် အိမ်ချင်းနီးသည်။ သူ့အိမ်ကို မကြာခဏသွားလည်ရင်း စာအ ကြောင်း ပေအကြောင်းပြောဖြစ်ကြ သည်။ ကိုကျော်ထွန်းကို ခင်မင်လေး စားသော စာသမားလူငယ်တွေ အမြဲ လိုလိုလာကြသည့်အတွက် အိမ်မှာ စည်ကားနေသည်။ ကဗျာဆရာ လူ ငယ်အများအပြား ကိုကျော်ထွန်းထံ မှာ ဆည်းပူးကြသည်။ သူနှင့်ကျွန် တော် အပြန်အလှန်စာအုပ်တွေလဲ ဖတ်ကြသည်။ နောက်ပိုင်းမှာတော့ ဟာသစာရေးဆရာ အီကြာကွေးအ ဖြစ် နာမည်အထူးထင်ရှားလာပါ သည်။ ကိုကျော်ထွန်းက တောင်ဥက္က လာပစာပေသမားလူငယ်တွေကို စု စည်းပြီး စာပေအဖွဲ့တစ်ခုဖွဲ့သည်။ ‘ဝါသနာမွန် စာပေနက်သန်အဖွဲ့’ဟု နာမည်ပေးသည်။ အဖွဲ့ဝင်တစ် ယောက်ယောက်၏ အိမ်မှာ လူစုပြီး စာအကြောင်း ပေအကြောင်း ပြော ဆိုဆွေးနွေးကြသည်။
အဒေါ်၊ အစ်မများနှင့် တောင် ဥက္ကလာပအိမ်ကလေးမှာ နေထိုင်ရာ မှ ၁၉၇၃ ခုနှစ်မှာ ကျွန်တော်လက် ထပ်ပြီး တက္ကသိုလ်နှင့်နီးသော ကမာ ရွတ်လှည်းတန်းမှာ အိုးအိမ်ထူထောင် ပါသည်။ ဤသို့ဖြင့် ၁၄ နှစ်မျှနေထိုင် ခဲ့သော တောင်ဥက္ကလာပအိမ်ကလေး ကို ခွဲခွာရပြန်ပါသည်။

မောင်ခင်မင် (ဓနုဖြူ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*