လွမ်းမောဖွယ် စာပေတက္ကသိုလ် နေ့ရက်များ

လွမ်းမောဖွယ် စာပေတက္ကသိုလ် နေ့ရက်များ
June 22, 2018 AsianFame MediaGroup
လွမ်းမောဖွယ် စာပေတက္ကသိုလ် နေ့ရက်များ

ပေါ်က ခေါင်းစဉ်ကိုကြည့်ပြီး စာရှုသူက ‘ဟ၊ ဘာတုံး၊ မြန် မာပြည်မှာ စာပေတက္ကသိုလ်ဆိုတာ ဖြင့် မရှိဘဲနဲ့ ဒီစာရေးဆရာ ဘာ ကြောင်တာလဲ။ ရွာသာကြီးရောက် ချင်ပြီတူတယ်’လို့ မကျေမလည်နဲ့ ဒေါမာန်ပွားမိရင် စာရေးသူက ‘ခန္တီ စ၊ သည်းခံခြင်းသည်လည်းကောင်း’ လို့ အစချီပြီး စာပေတက္ကသိုလ်ဆိုတဲ့ ဝေါဟာရရဲ့ ဆိုလိုရင်းကို ရှင်းပြရပါ လိမ့်မယ်။

လွန်ခဲ့တဲ့နှစ် ၄ဝ လောက်က ဆိုရင် မြန်မာစာပေလောကရဲ့ ဗဟို အချက်အချာဧရိယာဟာ အနောက် ကိုလားသော် ပန်းဘဲတန်းမြို့နယ်၊ ရွှေဘုံသာလမ်း (မဂိုလမ်းလို့လည်း ခေါ်သပ)။ အရှေ့ကို လားသော် ကျောက်တံတားမြို့နယ်၊ ဗိုလ်အောင် ကျော်လမ်း တောင်ကိုလားသော် ကမ်းနားလမ်း။ မြောက်ကိုလားသော် ဗိုလ်ချုပ်အောင်ဆန်းလမ်းရယ်လို့ သတ်မှတ် နိုင်ပါတယ်။ မိုင်ဝက် စတု ရန်း သာသာပဲ ကျယ်ဝန်းပါလိမ့်မယ်။ တကယ့်ကို ကျဉ်းကျဉ်းကလေးရယ်ပါ။ သို့သော် အဲသည့်ဧရိယာထဲကနေပြီး မြန်မာနိုင်ငံတော်ရဲ့ စာပေလောက ကြီးဟာ တစ်တိုင်းတစ်ပြည်လုံးကို သိမ်းကျုံးလွှမ်းမိုးထားပါတယ်။ စာ အုပ်ထုတ်ဝေရေးတိုက် ၇၅ ရာခိုင် နှုန်းဟာ ဖော်ပြပါဧရိယာထဲမှာ ရှိကြ ပါတယ်။ ကဗျာဆရာကြီး သစ္စာနီက ‘မြန်မာစာပေ၏ ဖခင်ကြီး’လို့ သမုတ် ခဲ့တဲ့ ကုလားသူဌေးကြီးပိုင်တဲ့ ‘ဂုဏ် ထူးစာပေ’ဟာ ကျောက်တံတားမြို့ နယ် ၃၃ လမ်းမှာတည်ရှိခဲ့ပြီး မင်း သိင်္ခရဲ့ ပထမဆုံးလုံးချင်းဝတ္ထု ‘မနု စာရီ’ကို ဂုဏ်ထူးကုလားကြီးက ထုတ်ခဲ့တာပါ။

ဒါပေမဲ့ စာအုပ်က အရောင်းထိုင်းလွန်းလို့ အုပ်ရေများ စွာကို ဂုဏ်ထူးကုလားကြီးက အကုန် ပြန်သိမ်းထား လိုက်ပြီး မင်းသိင်္ခတစ် ဟုန်ထိုးနာမည်ကြီးလာတဲ့အချိန်မှာ ‘မနုစာရီ’ကို ထုတ်ရောင်းလိုက်တဲ့ အခါ ဂုဏ်ထူးကုလားကြီးဟာ အပွ ကြီးပွသွားပါသတဲ့။ တကယ်တော့ မြန်မာစာပေထုတ်ဝေရေးကို ကနဦး မှာ ကုလားသူဌေးတွေ ဦးဆောင်ခဲ့ကြ တာပါ။ မယုံရင် မိတ်ဆွေတို့ စစ်စစ် ပေါက်ပေါက်လေ့လာကြည့်ပါ။ မြန် မာပြည်မှ ကုလားများဟာ အင်္ဂါနံဖြစ် တဲ့ စက္ကူတို့ စာပေတို့နဲ့ အကျိုးပေးခဲ့ ကြပါတယ်။ စာအုပ်ထုတ်ဝေရေးလုပ် ငန်း သိပ်မဟန်တော့လို့ နောက်ဆုတ် သွားကြပေမယ့် ဒီကနေ့အထိ စက္ကူနဲ့ စာရေးကိရိယာလုပ်ငန်းကြီးတွေဟာ ကုလားသူဌေးများ လက်ထဲမှာပါ။ စီးပွားရေးကို ထိုးစစ်ဆင်တိုက်ပွဲဝင် သလို လုပ်တတ်တဲ့ တရုတ်သူဌေးတွေ တောင် စက္ကူနဲ့ပတ်သက်ရင် ”မာမူ ကြီး”တို့ကို ဆရာတင်ရပါတယ်။ နှပ် ချေးတွဲလောင်းနဲ့ ကုလားကလေးကို သွား အထင်မသေးနဲ့။ သူက ဒီက နေ့ စက္ကူဟောင်း၊ သတင်းစာဂျာနယ် ဟောင်းကို အလေးချိန်နဲ့ ဝယ်တဲ့ ရောင်းတဲ့ ဈေးနှုန်းအကုန်သိနေတာ။ သို့မို့ ကြောင့် မိတ်ဆွေကြီးကဗျာဆရာ သစ္စာနီက ဂုဏ်ထူးစာပေထုတ်ဝေ ရေးပိုင်ရှင် ကုလားသူဌေးကြီးကို ‘မြန်မာစာပေ၏ ဖခင်ကြီး’လို့ သရော် တော်တော်နဲ့ ဘွဲ့ပေးခဲ့တာ မမှားပါ ဘူး။

စာရေးသူလည်း ကနေ့အထိ ဂုဏ်ထူးစာပေကို အားပေးနေပါ တယ်။ စာအုပ်ဝယ်ယူတာ မဟုတ်ပါ ဘူး။ သူတို့က အိန္ဒိယရိုးရာ မလိုင်မုန့် မျိုးစုံလည်း ရောင်းကြတာကိုး။ စာ ရေးသူက အင်မတန်အရသာရှိတဲ့ ‘လဒူ’ဆိုတဲ့ မလိုင်မုန့်ဝယ်စားတာ။

ဘယ်လိုမဆို အဲသည်ကာလ တုန်းကတော့ ကလောင်သစ်ဖြစ်တဲ့ စာရေးသူအဖို့ရာမှာတော့ ပြောခဲ့တဲ့ ရန်ကုန်မြို့လယ်ဧရိယာအတွင်းက စာပေရပ်ကွက်ကြီးဟာ စာပေတက္က သိုလ်ကြီးသာဖြစ်ခဲ့ပါတယ်။ စာပေ လောကနဲ့ ပတ်သက်လို့ ဆည်းပူးလေ့ လာချင်တာမှန်သမျှ စာပေတက္က သိုလ်ကြီးက သင်ကြားပေးမှာဖြစ်ပါ တယ်။ အဲသည်တုန်းက Bestseller နံပါတ်တစ်ဖြစ်နေတဲ့ ‘ဆွေလှိုင်ဦး’ ဟာ ၃၃ လမ်းထဲကို စတိုင်လ်ကောင်း ကောင်းနဲ့ လာတတ်ပါတယ်။ သူ့နံ ဘေးမှာ မော်ဒယ်လ်ဂဲလ်အရှုံးပေး လောက်တဲ့ သူ့ရဲ့ ‘ပီအေ’အချောအ လှကလေးတစ်ယောက် အမြဲပါတတ် တယ်။ ဆွေလှိုင်ဦးက စီးကရက်ဘူး ထုတ်၊ စီးကရက်တစ်လိပ်ကို ဆွဲယူ၊ နှုတ်ခမ်းမှာခဲလိုက်တာနဲ့ သူ့ရဲ့ ‘ပီ အေ’ကလေးက ရွှေရောင်ဓာတ်ငွေ့ မီးခြစ်ကလေးကို ‘ထပ်’ခနဲခြစ်ပြီး စီး ကရက်ကို မီးညှိပေးလိုက်တာပဲ။ ဆွေ လှိုင်ဦးလို အောင်မြင်ပြီး သူ့လို ‘ပီ အေ’ချောချောကလေးနဲ့ တတွဲတွဲနေ နိုင်တဲ့စာရေးဆရာမျိုး မြန်မာစာပေ လောကမှာ မရှိခဲ့ဖူးပါဘူး။

”ဆွေလှိုင်ဦးရဲ့ ဝတ္ထုတွေက အပေါစားဖျော်ဖြေရေးဝတ္ထုတွေပါ ကွာ၊ အဆင့်မရှိပါဘူး” လို့တော့ မပြောနဲ့။ ပြောရင်တော့ မေးခွန်း ထုတ်ရပါလိမ့်မယ်။ ”စာဖတ်ပရိသတ် ကို ဖျော်ဖြေရေးရသကောင်းကောင်း ပေးနိုင်တဲ့ဝတ္ထုမျိုး ခင်ဗျားရေးနိုင် လား။ ရေးတတ်သလား”ဆိုတဲ့ မေး ခွန်းပါပဲ။ ထားပါတော့။

အဲသည်ခေတ်က စာပေသမား တွေ စုဝေးလေ့ရှိကြတဲ့နေရာတစ်ခုက တော့ ပန်းဆိုးတန်းလမ်းမကြီးရဲ့ အထက်ဆုံးဘလောက် အနောက် ဘက်အခြမ်း (အခု ..ကြည်မြန်မာ စတိုးရှိတဲ့နေရာ) ပလက်ဖောင်းဘေး က ရုပ်ရှင်မင်းသားဟောင်း ‘ကိုစော လွင်’ရဲ့ လက်ဖက်ရည်ဆိုင်ပါပဲ။ သူ က ရုပ်ရှင်မင်းသားဟောင်းဆိုတော့ ရုပ်ရှင်လောကသားတချို့လည်း လာ တတ်ပါတယ်။ သူ့ဆိုင်ကို ‘မင်းသား ကြီး’ဆိုင်လို့ လူသိများပါတယ်။ ကို စောလွင်က ပေမီဒေါက်မီ နိုင်ငံတ ကာစံချိန်မီတဲ့ အရပ်အမောင်းမျိုး၊ ရုပ်ရည်ရူပကာမျိုးနဲ့ဗျ။ အခုခေတ် တချို့မင်းသားကလေးတွေလို ပု တက်တက်ပိန်ကပ်ကပ်ကလေးတွေ မဟုတ်ဘူး။ ခေတ်ပဲဗျ။ ခေတ်ပဲ။ ဟိုခေတ်က ပျိုမေတို့ဟာ ကျားကျား လျားလျားလူထွားတွေကို ကြိုက်ကြ တယ်။ သည်ခေတ်မှာတော့ ပြားကပ် ကပ်ပိန်ညောင်ကလေးတွေကို ကြိုက် ကြပေသကိုး။ ထားပါတော့ …ထားပါတော့။

အဲဒီကာလတုန်းက ‘လူငယ် လက်တက်’ဖြစ်တဲ့ စာရေးသူက မင်း သားကြီးဆိုင်မှာ ထိုင်လေ့ရှိပြီး သွား လေသူကဗျာဆရာ မောင်ရန်ပိုင်နဲ့ အတွဲများတယ်။ ဘိုင်ပြတ်လွန်းလို့ နှစ်ယောက်စလုံး ‘မာတင်္ဂ’ဇာတ်ခင်း နေကြရတဲ့အချိန်ပ။ မင်းသားကြီးကို စောလွင်က ပိုက်ဆံမပါတဲ့သူကိုလည်း အကြွေးရောင်းတတ်ပါတယ်။ စာရေး သူတို့လို ဘိုင်ကောင်တွေ အကြိုက် ပေါ့ဗျာ။

တစ်နေ့တော့ မင်းသားကြီးဆိုင် မှာ စာပေသမားပုံစံဖမ်းထားတဲ့ လူ ငယ်တစ်ယောက်နဲ့ စာရေးသူတို့ မိတ်ဆွေနှစ်ယောက် ဆုံစည်းမိကြ တယ်။ သူက အောင်လံမြို့ဘက်ကပဲ။ နာမည်က ခင်ဦး။ ရန်ကုန်မှာ မြို့ နယ်ပြက္ခဒိန်ထုတ်ဖို့လာ စီစဉ်တာဆို ပဲ။ ကဗျာကိုလည်း အရမ်းအရမ်း Crazy ဖြစ်သတဲ့။ စာရေးသူနဲ့မောင် ရန်ပိုင်ကလည်း အထင်ကြီးခံရအောင် စာပေလေပူဖောင်းတွေ စွတ်မှုတ်ကြ တာပေါ့။

”ဆရာတို့ကို မြေနီကုန်းမှာ ကျွန်တော်ကောင်းကောင်း ပြုစုဧည့် ခံမယ်၊ ပြီးရင် ဝင်ဒါမီယာထဲက ကျွန် တော့်အန်ကယ်အိမ်ကို သွားပြီး ဒင် နာသုံးဆောင်မယ်။ အဲဒီမှာပဲ ကျွန် တော်တို့ အိပ်ကြပြီး မအိပ်ခင် ကဗျာ တွေ ရွတ်ကြမယ်”လို့ ခင်ဦးက ပြော တော့ စာရေးသူနဲ့ မောင်ရန်ပိုင်တို့ (ရိုင်းရိုင်းပြောရရင် မရိုသေ့စကား) လေလည်သံကြားရတဲ့ ခွေးငတ်နှစ် ကောင်လို အူမြူးသွားကြတာပေါ့။
တကယ်ဖြစ်လာတာ တစ်မျိုးဗျ။

ခင်ဦးက မြေနီကုန်းအရက်ဖြူ ဆိုင်မှာ စာရေးသူတို့နှစ်ယောက်ကို အရက်ဖြူ မစို့မပို့တိုက်တယ်။ ဘတ်စ် ကားခတောင် မရှိကြလို့ ဝင်ဒါမီယာ ကို ကုန်းကြောင်းကြိတ်ကြရတယ်။ သို့ပေမဲ့ စိတ်ပျက်ရမှန်း မောရ မှန်းမသိဘူး။ ဝင်ဒါမီယာအိပ်မက်က ရှိနေသေးသကို။ ဝင်ဒါမီယာ … အို ..နတ်တို့ဂေဟာ ဝင်ဒါမီယာ။

ဝင်ဒါမီယာကိုတော့ ရောက်ကြ ပါပြီ။ ဒါပေမဲ့ ခြံထဲမှာ အိမ်မရှိဘဲ အမိုးအကာမရှိသေးတဲ့ ဆောက်လက် စတိုက်နဲ့ တဲကလေးတစ်လုံး။ တဲမှာ နေသူက ငွေစာရင်းမင်းကြီးဟောင်း ဆိုသူ အသက် ၆ဝ ကျော်လောက် ပိန်တိပိန်ကပ် စုတ်စုတ်ပြတ်ပြတ်နဲ့ အဘိုးကြီး အရက်စော်ကလည်း ဟောင်လို့ဗျာ။

”အန်ကယ် ကျွန်တော်တို့ ဗိုက် ဆာတယ်။ ဒင်နာသုံးဆောင်မယ်”လို့ ခင်ဦးက ပြောတော့ အဘိုးကြီးက မူး သံကြီးနဲ့ …

”ရှိတာ စားကြပေါ့လကွာ”တဲ့။

”ဘာရှိလဲ အန်ကယ် …”

”ထမင်းကြမ်းနဲ့ငါးပိရည် …”

ကြူးနှစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*