ကိုယ့်ကိုယ်ကို ဆယ်ယူခြင်း

ကိုယ့်ကိုယ်ကို ဆယ်ယူခြင်း
June 19, 2018 Leanne Win
ကိုယ့်ကိုယ်ကို ဆယ်ယူခြင်း

မိမိကိုယ်မိမိ သိရှိအောင် ကြိုး စားအားထုတ်ခြင်းသည် မှန် ကန်သော နည်းလမ်းဟုဆိုပါက မိမိ သည် ထိုအမှန်ကို ငယ်စဉ်ကတည်းက ပြုလုပ်ခဲ့သည်ဟု ဆိုရပေမည်။

ငယ်ရွယ်နုနယ်သော ကလေး တစ်ယောက်အဖို့ စဉ်းစားတွေးတော ခြင်းသည် လိုအပ်သလောက် ပြည့်စုံ နိုင်မှု မဖြစ်နိုင်သော်ငြား ထိုသို့ စဉ်းစားခြင်းသည်လည်း အမှားတစ်ခု ဟု မဆိုနိုင်ပေ။ ကလေးနှင့် မတန် တဆ စဉ်းစားခြင်းမဟုတ်သော်ငြား သူ့အိုးနှင့် သူ့ဆန်တော့ တန်အောင် စဉ်းစားခဲ့သည်ဟု ဆိုရမည်ဖြစ်ပါ သည်။

ထိုစဉ်က စာကျက်အလွန်ပျင်းခဲ့ သည်ကို သတိရမိသည်။ ကျွန်တော် တို့ တောင်တွင်းကြီးမြို့အခေါ် မုန့် လုံးကြီး (မန္တလေးမှာတော့ ကတိုးခါ)ကို အလွန်ကြိုက်ခဲ့ပေသည်။ ယခု အချိန်တွင် တစ်ခုအနည်းဆုံး ၁ဝဝ ကျပ် ပေးရသော မုန့်လုံးကြီးကို ဟိုတုန်းက (၁၉၆ဝ ပြည့်နှစ်ဝန်းကျင် ခန့်က) ဆယ်ပြားသာ ပေးရပါသည်။ ကျွန်တော်သည် တောင်တွင်းကြီးမြို့ မောင်းတိုင်ရပ်မှာ နေပါသည်။ ဈေး နားသို့ ရောက်ရန်အတွက် ၁ဝ မိနစ်၊ ၁၅ မိနစ်ခန့် ကြာတတ်ပါသည်။ မနက်အစောကြီး ဈေးနားသို့သွားကာ မုန့်လုံးကြီး ဝယ်စားပါသည်။ အိမ် ပြန်ရောက်သောအခါ “မင်းကြိုက် တာ စားပြီးပြီ။ မင်းမလုပ်ချင်တဲ့ စာကျက်တဲ့အလုပ်လုပ်တော့” ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ပြောပါသည်။ အခု ပြန်စဉ်းစားကြည့်သောအခါ ငယ်ငယ် လေးနှင့် အဲသည်လို အတွေးတွေးခဲ့ တာကို သတိရမိပါသည်။

တက္ကသိုလ်သို့ရောက်သောအခါ ကျောင်းစာသင်ရင်း ပြင်ပစာပေများ ဖတ်ပါသည်။ ကဗျာဆိုင်ရာ ဆောင်း ပါးများ၊ နိုင်ငံရေးဆိုင်ရာ ဆောင်းပါး စသဖြင့် အတော်စုံစုံလင်လင်ဖတ်ဖြစ် ခဲ့ပါသည်။ တတိယနှစ်နှင့် စတုတ္ထနှစ် တို့တွင် တက္ကသိုလ်များ၊ ဗဟိုစာကြည့် တိုက်၌သာ အထိုင်များခဲ့ပါသည်။ တစ်ဖက်ကလည်း ကဗျာရေးခြင်းကို ပို၍ခုံမင် နှစ်သက်လာပါသည်။

နိုင်ငံရေးစာအုပ်များတွင် မတ်စ် ဝါဒ- မော်စီတုံးအတွေးအခေါ်တို့ကို လည်း ဖတ်ဖြစ်ပါ၏။ မိုးဝေစာပေ မဂ္ဂဇင်း ၏ အရှိန်အဝါ၊ စာပေသြဇာ ကောင်းသော အချိန်ဖြစ်ပါ၏။ ဖိနှိပ် ခံ ပြည်သူဘက်မှ ရပ်သောကဗျာစာ တို့ကို တန်ဖိုးထားလေးစားသော စာပေခေတ်လည်း ဖြစ်ပါ၏။

ကဗျာရေးသားချင်သောစိတ် ဓာတ်၊ ဖတ်ဖြစ်ခဲ့သော စာပေတို့၏ သြဇာအရှိန်အဟုန်ကြောင့် အလုပ် လုပ်သောအခါ အထစ်အငေါ့ဖြစ်ရ ပါသည်။ ကျွန်တော်ကတော့ မဖြစ် ပါ။ ကိုယ်နေတတ်သလိုနေ၊ ကိုယ် ပြောတတ်သလိုပြောခြင်းသာ ဖြစ်ပါ ၏။ လူကြီးတွေအမြင်တော့ ထော် လော်ကန့်လန့်ဖြစ်ခဲ့ပုံရပါသည်။ ဒီကောင်က ကဗျာဆရာလိုလို၊ ကွန် မြူနစ်လိုလိုတဲ့။ ကျွန်တော့်ကိုလည်း အတွင်းစည်းရှိသည့် တာဝန်များ ကို မယုံကြည်ရ၍ဆိုပြီး မပေးပါ။ ကျွန်တော်ကလည်း “၄င်းတို့နဲ့ မရော ယှက်တဲ့အခါ ငါ့ဘာသာ သန့်စင်ပြီး ဖြစ်သွားတယ်”ဆိုသည့် ကဗျာစာပိုဒ် တစ်ပိုဒ် ရရှိခဲ့ပါသည်။

ကျွန်တော်ဟာ ပြည်သူ့ကုန် တိုက်တစ်ခုမှာ အလုပ်လုပ်ခဲ့တာဖြစ် ပါသည်။ ကောင်တာတာဝန်ခံလည်း ဖြစ်ခဲ့ပါ၏။ တစ်နေ့မှာ လူတစ် ယောက်က သွားတိုက်ဆေးလာဝယ် ပါသည်။ အရောင်းသွက် ပစ္စည်းများ ကို အရောင်းပိတ်ပါပြီ။ သူက “မြို့ သစ်ကနေ လာတဲ့အကြောင်း။ လာ တဲ့အခါ ဘတ်စ်ကားခ ခက်ခဲကြောင်း၊ ဖြစ်နိုင်ရင် သွားတိုက်ဆေး တစ်ဘူး ဝယ်ချင်ကြောင်း” ပြောပါသည်။ ကျွန်တော်က ခန်းမမန်နေဂျာကို တင်ပြပြီး ရောင်းပေးလိုက်ပါ၏။ ဝယ်သူ၏လိပ်စာကိုလည်း သူ့လက် ရေးနှင့်သူ ရေးခိုင်းခဲ့ပါသည်။

နောက်နေ့မှာ သွားတိုက်ဆေးတစ်ဘူး ရောင်းသည့်အတွက် ကျွန်တော့်ကို ခေါ်ဆူပါ၏။ ကျွန်တော်က လူထုကို ဖြန့်သည့် ပစ္စည်းလူထုကို ရောင်းခြင်း သည် အပြစ်မရှိကြောင်းနှင့် အထက် လူကြီးကိုတင်ပြပြီး ရောင်းကြောင်း ပြောခဲ့ပါ၏။ မှတ်သားစရာအနေနှင့် ဘာ အလုပ်ပဲလုပ်လုပ် ကောင်းသည်။အလုပ်လုပ်တာတောင် ကိုယ့်ဘက်က ခိုင်ခိုင်မာမာဖြစ်အောင် လုပ်ထား ရန်ကြောင်း သိခဲ့ရပါသည်။

ကျွန်တော်ကျောင်းပြီးတော့ ရန် ကုန်မှာပဲနေချင်သည်။ ရန်ကုန်ဝိဇ္ဇာ နှင့် သိပ္ပံတက္ကသိုလ်မှာ နေ့စားအလုပ် လည်း ရပါပြီ။ မင်္ဂလာဒုံမှာလည်း ကျူရှင်လုပ်ငန်းလုပ်နေပါပြီ။ အိမ် ထောင်ကျတော့ မကွေးမှာ သွားနေ ဖြစ်ပါသည်။ မကွေးမှာ သုံးနှစ် လောက်နေပြီး မန္တလေးကို ပြောင်းခဲ့ သည်။ မန္တလေးမှာ အလုပ်လုပ်ရင်း ညဈေးတန်းမှာ စာအုပ်ရောင်းခဲ့ပါ သည်။ အဲသည်မှာ မန္တလေးမှာရှိသည့် စာ အုပ်သမားများ၊ စာရေးဆရာများ၊ ကဗျာဆရာများနှင့် သိကျွမ်းခဲ့ပါ သည်။ မန္တလေးကိုရောက်တော့ ရုပ် ရှင်မျက်မှန်၊ ရုပ်ရှင်ပဒေသာအစရှိ သည့် မဂ္ဂဇင်းတွေမှာ ကဗျာပါပြီးပါ ပြီ။ ရုပ်ရှင်ပဒေသာမှာပါသော ပုံပြင် ထဲက ငါးသုံးကောင်ကဗျာနှင့် မန္တလေးစာပေလောက ကလည်း ကဗျာအဖြစ် အသိအမှတ်ပြုကြပါ သည်။

နောက်ပြီး မန္တလေး နန်းရှေ့- မုန်းရှေ့ဈေးမှာလည်း စာအုပ်အငှား ဆိုင်နှင့် ဂျာနယ်အရောင်းဆိုင်ဖွင့်ဖြစ် သည်။ စီးပွားဖြစ်လုပ်ငန်းမဟုတ် ပေမယ့် ထမင်းအိုးတော့ ဝဝလင်လင် တည်နိုင်ခဲ့ပါသည်။

စာပေသမားတွေနဲ့လည်း အမြဲ မပြတ် ထိတွေ့ဆက်ဆံဖြစ်ခဲ့ရပါ သည်။ လူငယ်စာပေသမားတွေ (မောင်စိုးသစ် – ကိုသာဇော် – မင်း ညိမ်းသော် – နွေဝေနှင်း – သင်း သက်ခိုင်အစရှိသဖြင့်)နှင့် ၂ဝဝဝ ပြည့်နှစ် မတိုင်ခင် နေါူန စကား ဝိုင်းဆိုပြီး စာပေစကားဝိုင်းလေး ဖွဲ့ ဖြစ်ခဲ့ကြပါသည်။ နောက်ပြီး ၂ဝဝ၆ ခုနှစ်ကစ၍ ယခုအချိန်အထိ ဗညပျွှပေ စကားဝိုင်းဆိုပြီး စာပေစကား ဝိုင်းလေးဖွဲ့ဖြစ်ပါသည်။

အများဆုံးတွေ့ဖြစ်သည့်သူတွေ က တော့ ဆရာစိုးနိုင် (မန္တလေးတက္က သိုလ်)၊ဆရာတက္ကသိုလ် တေဇာလင်း၊ ဆရာမောင်သစ်ဦး (မြစ်ခြေ)၊ ဆရာ ဟိန်းထက်လွင်၊ ဆရာမောင်စိုးသစ် (မန္တလေး)၊ ဆရာမင်းနဒီခ၊ ဆရာ မောင်နိုင်လင်း (ကောလင်း)၊ ဆရာ နောဧက၊ ဆရာအောင်ခန့်မိုး (ပခုက္ကူ)၊ ဆရာမနှင်းဆီညို (ပခုက္ကူ) တို့ဖြစ်ကြပါသည်။ သူတို့တွေနဲ့စကား တွေပြောကြ၊ စာအကြောင်းတွေ ဆွေးနွေးကြနဲ့ ကျွန်တော့်ဘဝလေးကို ကျွန်တော်နှစ်သက်ပါသည်။ အဲသည် ကဗျာဆရာဘဝလေးကို မရခဲ့ရင်ဖြင့် ကျွန်တော်တွေးကြည့်သည်။ ကျွန် တော့်ဘဝဟာ ဘယ်လိုမှ လှလှပပ ဖြစ်လာမည် မထင်ပါ။ ကျွန်တော့် ကို ဆယ်ယူခဲ့သည့် ဘဝလေးဆိုရင်လည်း မမှားပေ။ မဟေသီမဂ္ဂဇင်း (အောက် တိုဘာ – ၁၉၉၇)ပါ ကိုယ့်ကိုယ်ကိုယ် ဆယ်ယူခြင်းကဗျာကို သတိရမိပါ သည်။

ကိုယ့်ကိုယ်ကိုယ် ဆယ်ယူခြင်း
ပြေးလိုက်လာတဲ့ အမှားတွေက
ငါ့ခန္ဓာကိုယ်ကို ဖုံးလွှမ်း
ဟိုး …အနက်ဆုံးထိ
နစ်မြုပ်ပစ်ဖို့ ကြိုးစားနေပေါ့
အေးလေ …
အသက်ရှူမှုအတတ်
အတတ်များစွာမှာ
ငါ့အတတ်ကပဲ
ငါ့ကို စူးနေပါသလား
စူးချင်လည်း စူးပလေ့စေပေါ့လေ
ဒီမှာ

“အနုပညာ”တဲ့
ငါ့ရဲ့ ကယ်တင်ရှင်ကလေး
ဘယ်ကိုမှ ထွက်မပြေးဖို့ပဲ
လိုအပ်နေတော့တယ်။

မောင်ကြည်သာ (တောင်တွင်း)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*