ကျွန်တော်နေခဲ့သော အိမ်(၆)

ကျွန်တော်နေခဲ့သော အိမ်(၆)
June 18, 2018 Leanne Win
ကျွန်တော်နေခဲ့သော အိမ်(၆)

ရွှေဂုံတိုင်လမ်းမှာ ကိုရင်စိန်၊ မခင်ညွန့်တို့ မိသားစုနှင့် ကျွန်တော်တို့ အတူနေကြစဉ်က ကျွန်တော့်အသက်မှာ ၁၆ နှစ်သာရှိ ပါသေးသည်။ ဗဟန်းအစိုးရ အလယ်တန်းကျောင်းမှာ ဆဋ္ဌမတန်း ကျောင်းသားဖြစ်သည်။ အိမ်သားဦး ရေနှင့်စာလျှင် အိပ်ခန်းကလေးမှာ တော်တော်ကျဉ်းပါသည်။ သည်တော့ အိမ်မှာ စားရုံ အိပ်ရုံလောက်သာ နေပြီး သူငယ်ချင်းတွေ အိမ်သွားပြီး သူတို့နှင့်အတူ စာကျက်သည့်အခါ ကျက်၊ ဝတ္ထုတွေ၊ မဂ္ဂဇင်းတွေ ငှား ဖတ်သည့်အခါဖတ်၊ စကားစမြည် ပြောသည့်အခါ ပြောနှင့် အချိန်ကို အသုံးပြုရသည်။ မှတ်မှတ်ရရ လမ်း ထိပ်နားက စာဖတ်အသင်းမှာကျင်းပ သော စာပေဟောပြောပွဲတစ်ခုနှင့် ကြုံရသည်။ ဆရာမင်းအောင်နှင့် ဆရာသာဂဒိုးတို့ ဟောပြောသည်ကို နားထောင်ရသည်။ ဆရာမင်းအောင် မှာ ‘မိုးအောက်မြေပြင်’ ဝတ္ထုဖြင့် ပထမဆုံး စာပေဗိမာန် တစ်ထောင် ဆုရသည့် စာရေးဆရာဖြစ်သည်။ ဆရာက လယ်သမားဘဝ သရုပ်ဖော် စာပေများအကြောင်း ဟောပြော သည်။ ဆရာသာဂဒိုးဟောပြော သည့်အကြောင်းအရာကို အပြည့် အစုံ မမှတ်မိတော့သော်လည်း ရယ် စရာများဖြင့် ခပ်ရွှင်ရွှင်ဟောပြော သွားသည်ကိုမှတ်မိသည်။ ဘုန်းတော် ကြီးက အသံပြတ်ပြတ်နှင့် သီလပေး သည်ကို ဒကာ ဒကာမများက သံနေ သံထားဖြင့် သီချင်းသံပေါက်အောင် လိုက်ဆိုကြသည့်အတွက် ဘုန်းတော် ကြီးက အရွဲ့တိုက်ပြီး ‘နမောတဿ လေးကိုတဲ့၊ သုံးခေါက်ဆိုကွယ်၊ သုံး ခေါက်ဆိုကွယ်”ဟု ‘ဟဲ’ လိုက်သဖြင့် သီလပေးပွဲပျက်ရသည့် အကြောင်း သာဓကဆောင် ဟောပြောသည်ကို မှတ်မိနေပါသည်။

အမှတ်တရတစ်ခုမှာ ကျွန်တော် တို့အိမ်နှင့် မနီးမဝေးရှိ ရုပ်ရှင်သရုပ် ဆောင် အကယ်ဒမီဦးကျော်သောင်း ၏ အိမ်သို့ ကျွန်တော်တို့ ဝင်ထွက် သွားလာပြီး ဦးကျော်သောင်းနှင့် စကားပြောခွင့်ကြုံရခြင်းဖြစ်သည်။ သူငယ်ချင်းတစ်ယောက်ကို အကြောင်းပြု၍ ဦးကျော်သောင်း အိမ်သို့ သွားလည်ကြရာ ဦးကျော် သောင်းက ဖော်ဖော်ရွေရွေဧည့်ခံ သည်။ လူငယ်များကို ခင်မင်တတ် သော ဦးကျော်သောင်းကို ကျွန်တော် တို့က ‘ဒယ်ဒီ’ဟု ခေါ်ကြသည်။ ဦးကျော်သောင်းမှာ ‘ဖြေလျှော့ခွေ’ ဇာတ်ကားတွင် ဇာတ်ဆောင်အကယ် ဒမီဆုရသည့် ရုပ်ရှင်ပညာသည်ကြီး ဖြစ်သည်။ သရုပ်ဆောင်ပုံ အလွန် ကောင်းသည့်အတွက် လူကြိုက်များ သည်။ လူငယ်တွေ စုမိလျှင် ဘယ် ဇာတ်ကားမှာ သူဘယ်လိုသရုပ် ဆောင်ခဲ့ကြောင်း စိတ်ဝင်စားဖွယ် ပြောပြသည်။ တစ်ခါတွင် သူနှင့်အတူ လူထုအောင်သံ ဇာတ်ကားမှာ သရုပ် ဆောင်ခဲ့သော ဗိုလ်ဗကို အလည် ရောက်လာပြီး ဦးကျော်သောင်းနှင့် ပြောကြဆိုကြသည်ကို ကျွန်တော်တို့ စိတ်ဝင်တစား နားထောင်ခဲ့ရပါ သည်။

အိမ်နှင့်မနီးမဝေးမှာ ‘လွင်လွင် ရုံ’ ခေါ် ရုပ်ရှင်ရုံရှိသည့်အတွက် မကြာခဏရုပ်ရှင်ကြည့်ဖြစ်ပါသည်။ တစ်ခါတစ်ခါတော့ ဦးဝိစာရလမ်းနှင့် ဘောင်ဒရီလမ်း (ဓမ္မစေတီလမ်း) ထောင့်က ဝိဇယရုပ်ရှင်ရုံမှာကြည့် ဖြစ်သည်။ (အစောပိုင်းမှာ မြေနီကုန်း က တပင်ရွှေထီးရုံ၊ ရတနာပုံရုံ၊ ရွှေ မန်းရုံတို့ မရှိသေးပါ။ ယခုတော့ ထို ရုပ်ရှင်ရုံများလည်း မရှိတော့ပါ။) ဝိ ဇယရုံမှာ အိန္ဒိယဇာတ်ကားတွေပြ လေ့ရှိပါသည်။

မခင်ညွန့်တို့နှင့် ခြောက်လ လောက်အတူနေပြီးတော့ ကျွန်တော် တို့ မိသားစုသည် အဒေါ်တစ်ယောက် ငှားနေသော ‘ရိပ်သာကုန်း’မှ အိမ် ကလေးသို့ ပြောင်းခဲ့ကြသည်။ ရွှေဂုံ တိုင်အုတ်လမ်းနှင့် မနီးမဝေးမှာရှိ သော အိမ်စုကလေးဖြစ်သည်။ ထို အိမ်ကလေးမှာလည်း ကျဉ်းကျဉ်းက လေးပင်။ ဗဟန်းကြားတောရလမ်း မှာ အိမ်နီးချင်းဖြစ်ခဲ့သော ပန်းထိမ် ဆရာကိုညိမ်းတို့နှင့် အခန်းချင်းကပ် လျက်ဖြစ်သဖြင့် မိတ်ဟောင်းဆွေ ဟောင်းတွေ ပြန်ဆုံကြပြီး ပျော်ပျော် ရွှင်ရွှင် နေထိုင်ကြပါသည်။ ကျွန် တော်ကတော့ သူငယ်ချင်းတွေအိမ် မှာအတူ စာကျက်ပြီး ညအိပ်ခါနီးမှ အိမ်ပြန်လေ့ရှိပါသည်။ ပြန်စဉ်းစား ကြည့်တော့ ကိုယ့်အိမ်က ကျဉ်းသည့် အတွက် အပြင်မှာ အနေများခြင်း ဖြစ်သည်ကို သတိပြုမိပါသည်။ အထူးသဖြင့် ဗဟန်းကြားတောရ လမ်း၊ ဦးအရိယကျောင်းဝင်းအတွင်းရှိ ဇရပ်ကြီးတစ်ဆောင်မှာ နေကြသော သူငယ်ချင်းကိုမြင့်သိန်း (ကဗျာဆရာ မောင်နွယ်သွေး၊ ကွယ်လွန်)နှင့် သူ့ အစ်ကို ကိုမြသွင် (ကဗျာဆရာ မင်း သွင်၊ ကွယ်လွန်)တို့၏ အိမ်ဂေဟာ ကို ညနေတိုင်းလိုလိုသွားပြီး စကား ပြောရင်း စာဖတ်ရင်းအချိန်ကို အကျိုးရှိရှိ အသုံးပြုခဲ့ကြသည်ကို သတိရနေပါသည်။

ခြောက်လလောက်ကြာတော့ အိမ်ပြောင်းဖို့ အခြေအနေတစ်ခုပေါ် လာသည်။ ဗဟန်းရေတာရှည်လမ်း ဟောင်းနှင့် ရွှေဂုံတိုင်လမ်းဆုံရာ ကုန်းမြင့်ကလေးပေါ်မှာ မြေကွက် များ သတ်မှတ်ပေးပြီး ကျွန်တော်တို့ ‘ရိပ်သာကုန်း’မှ မိသားစုများ အိမ် ဆောက်နေထိုင်ခွင့်ရခြင်းဖြစ်သည်။ ၁၉၅၇ ခုနှစ်ကာလ၊ ဖဆပလ အစိုးရ လက်ထက်မှာ ဖြစ်သည်။ =ရိပ်သာ ကုန်’မှာ နေထိုင်သော ပုဂ္ဂိုလ်တစ်ဦး မှာ ပေါက်ပေါက်ရောက်ရောက်ရှိ သည့်အတွက် ထိုပုဂ္ဂိုလ်၏ ကြိုးပမ်း မှုဖြင့် ထိုအစီအစဉ်အကောင်အထည် ပေါ်လာရာ ကျွန်တော်တို့ မိသားစု လည်း မြေကွက်တစ်ကွက် ရပါသည်။ ရိပ်သာကုန်းမှ မိသားစု ၃ဝ ခန့် ရပ် ကွက်သစ်မှာ အိမ်ဆောက်ကြသည်။ အဒေါ်တစ်ယောက်၏ သမက်ဖြစ်သူ က ဦးဆောင်ပြီး အိမ်ဆောက်ပေး သည့်အတွက် အဆင်ပြေသွားပါ သည်။ ထိုရပ်ကွက်ကို ‘မင်္ဂလာရိပ် သာ’ဟု နာမည်ပေးသည်။ သို့ဖြင့် ‘ရိပ်သာကုန်း’အိမ်မှ ‘မင်္ဂလာရိပ်သာ’ အိမ်သို့ ပြောင်းရွှေ့ခဲ့ရပါသည်။

ရပ်ကွက်တည်ပြီးနောက် မကြာ မီလျှပ်စစ်မီးလည်း ရပါသည်။ ဖဆပ လအစိုးရအဖွဲ့ ဝန်ကြီး ဦးထွန်းတင် နှင့် ဝန်ကြီးဦးရာရှစ်တို့ ကြွရောက်ပြီး လျှပ်စစ်မီးကို အခမ်းအနားဖြင့် ဖွင့် လှစ်ပေးသည်။ မူလကပင် ခင်မင် ရင်းနှီးခဲ့သော မိသားစုများဖြစ်သည့် အတွက် ရပ်ကွက်ကလေးမှာ စိတ် အေးချမ်းသာနေကြရပါသည်။

အိမ်က သုံးပင်၊ နှစ်ခန်း၊ ပျဉ် ထောင်သွပ်မိုး တစ်ထပ်အိမ်ဖြစ် သည်။ ယခင်အိမ်ကလေးများထက် ပို၍ကျယ်ကျယ်ဝန်းဝန်းရှိသည်။ လင်းလင်းကျင်းကျင်းရှိသည်။ ရွှေဂုံ တိုင်က အိမ်မှာတုန်းက ရေချိုးလျှင် အိမ်ရှေ့လမ်းတစ်ဖက်ရှိ လမ်းဘေး မှာရှိသော ရေဘုံဘိုင်မှာ သွားချိုးရ သည်။ ရိပ်သာကုန်းရောက်တော့ ရေ တွင်းမှာ ရေပုံးနှင့် ရေငင်ပြီး ချိုးရ သည်။ ယခုမင်္ဂလာရိပ်သာကျတော့ လည်း ရေတွင်းမှာပင် ရေငင်၍ ချိုးရ သည်။

မင်္ဂလာရိပ်သာမှာ အိမ်ဆောက် တော့ ကျွန်တော်သတ္တမတန်းစာမေး ပွဲဖြေဆိုခါနီးဖြစ်သည်။ အဋ္ဌမတန်း နှင့် နဝမတန်း (တက္ကသိုလ်ဝင်တန်း)တို့ တွင် ထိုအိမ်မှာပင်နေရသည်။ တက္က သိုလ်ဝင်တန်းစာမေးပွဲဖြေဆို ပြီးချိန်အထိဖြစ်သည်။ ပြန်တွက် ကြည့်တော့ ၁၉၅၇ ခုနှစ်မှ ၁၉၅၉ ခုနှစ်အထိ ၂ နှစ်ကျော်ကျော် ထို အိမ်မှာနေခဲ့ရကြောင်း တွေ့ရပါ သည်။

ကျွန်တော်တက်ရောက်နေသော ဗဟန်းအစိုးရ အထက်တန်းကျောင်း (ယခု ဗဟန်း အ ထ က ၁)က အိမ် နှင့် နီးသည်။ ရပ်ကွက်တစ်ဖက်မှ ထွက်လိုက်သည်နှင့် ဘောင်ဒရီလမ်း (ဓမ္မစေတီလမ်း) ပေါ်ရှိ ကျောင်းနား သို့ ရောက်သည်။ စာမေးပွဲနီးသော အခါ ကျောင်းပိတ်ရက်တွင် ကျောင်း သို့သွားပြီး ကျွန်တော်တို့၏ စာသင် ခန်းထဲမှာ တစ်ယောက်တည်း အေး အေးဆေးဆေး စာကျက်ရသည်ကို သတိရနေပါသည်။ ထိုနှစ်များ အတွင်း ကျွန်တော်၏ စာပေဝါသနာ ပိုမိုစွဲမြဲ ခိုင်မာအောင် အထောက် အကူပြုသောအကြောင်းများရှိပါ သည်။ သူငယ်ချင်းများဖြစ်သော ကိုမြင့်သိန်းတို့၊ ကာတွန်းဝင်းမောင်တို့ နှင့်အတူ ‘ရောင်နီ’၊ ‘တက်နေ’ အမည် များဖြင့် လက်ရေးစာစောင်ကလေး များ ထုတ်ရာမှ ၂၅ ပြား၊ ပြား ၅ဝ တန် ပုံနှိပ်စာစောင်ကလေးများ ထုတ်လာနိုင်ကြသည်။ စာစောင်ငယ် များသို့ စာမူပို့ရင်း လက်ရှိကလောင် နာမည် အတည်ဖြစ်သွားသည်။ နောက်ပိုင်းမှာ ထိုကလောင်နာမည် ဖြင့် စာညွန့်ကလေးအစ၊ ကဗျာ ကလေး စရေးဖြစ်သည်။

ထိုနှစ်များတွင် စာလည်းများ များ ဖတ်ဖြစ်သည်။ စာအုပ်တွေ များ များတော့ ဝယ်မဖတ်နိုင်သေးပါ။ ငှားဖတ်ဖြစ်သည့် စာအုပ်အရေ အတွက်က ပိုများပါသည်။ ဗဟန်း အစိုးရအလယ်တန်းကျောင်း ကျောင်း သားသမဂ္ဂနှင့် ကျောင်းကောင်စီမှာ စာကြည့်တိုက်မှူးလုပ်ရင်း စာအုပ် တွေ ဝယ်ဖြစ်ဖတ်ဖြစ်သည်။ စာအုပ် တွေနှင့် အထိအတွေ့များလာသည်။ လမ်းထဲက စာကြည့်တိုက်မှလည်း ငှားဖတ်ဖြစ်သည်။ ကိုမြင့်သိန်းတို့ အိမ်မှာ သူငယ်ချင်းတွေ စတည်းချ ရင်း စာအုပ်တွေ လဲလှယ်ဖတ်ကြ သည်။ ရှုမဝ၊ သွေးသောက်၊ မြဝတီ စသည့် ၂ ကျပ်တန် မဂ္ဂဇင်းကြီးများ၊ တိုင်းရင်းမေဂျာနယ်၊ ဆန်းညွန့်ဦး စာစောင်၊ လူထုပညာရေးစာစောင် စသည့်တစ်ကျပ်တန် ဂျာနယ်စာ စောင်များလည်း ဖတ်ဖြစ်သည်။

အမှတ်တရဖြစ်နေရသော နေ ရာတစ်ခုမှာ ရေတာရှည်လမ်းသစ်နှင့် လမ်းဟောင်းထိပ်၊ ဗဟန်းဈေးအလွန် မှာရှိသော ‘ကိုလှမြင့်နှင့် မတင်ညွန့်’ တို့၏ စာအုပ်အငှားဆိုင်ဖြစ်သည်။ ညနေတိုင်းလိုလို ထိုဆိုင်သို့ရောက်ပြီး စာအုပ်တွေ ငှားဖတ်သည်။ စာအုပ် ငှားခကလည်း တစ်ရက် ၁ဝ ပြား၊ ၁၅ ပြားမျှသာဖြစ်သည်။ သတိရသ လောက် ဂျာနယ်ကျော်မမလေး၏ ‘သူလိုလူ’၊ ဗန်းမော်တင်အောင်၏ =မြိုင်+စသည့် စာအုပ်များကို ကိုလှ မြင့်တို့ ဆိုင်မှ ငှားဖတ်ခြင်းဖြစ်သည်။
ထိုကာလမှာ စကားရည်လုပွဲ များ ခေတ်စားသောကာလဖြစ်သည်။ ဗဟန်းအလယ်တန်းကျောင်းက လေ့ ကျင့်ပေးလိုက်သဖြင့် စကားရည်လုပွဲ တော်တော်များများ ပြောခွင့်ကြုံ သည်။ အနီးအနားက လူငယ်အသင်း တွေ၊ အလွတ်ပညာသင်ကျောင်းတွေ မှာ စကားရည်လုပွဲတွေ ကျင်းပသည့် အခါ စိတ်ဝင်တစားသွား နားထောင် ရသည်။

၁၉၅၉ ခုနှစ်မှာ ကျွန်တော်တက္က သိုလ်ဝင်တန်းဖြေဆိုရသည်။ အောင် စာရင်းမထွက်မီ ဧပြီလဆန်းမှာ ကျွန် တော်တို့ ရပ်ကွက်ကို ဖျက်သိမ်းပြီး တောင်ဥက္ကလာပမြို့သစ်တွင် မြေ ကွက်ချပေးသဖြင့် အိမ်ပြောင်းရပြန် ပါသည်။

မောင်ခင်မင် (ဓနုဖြူ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*