ကျွန်တော်နေခဲ့သောအိမ်(၅)

ကျွန်တော်နေခဲ့သောအိမ်(၅)
June 13, 2018 Leanne Win
ကျွန်တော်နေခဲ့သောအိမ်(၅)

ကျွန်တော်တို့ အိမ်ကလေးမှာ ကျဉ်းကျဉ်းကလေးဖြစ်သော်လည်း ကျွန်တော်တို့ စိတ်မညစ်ကြပါ။ တိုးတိုးဝှေ့ဝှေ့နှင့်ပင် အဆင်ပြေ အောင် နေကြပါသည်။ မိုးတွင်းမှာ တော့ အမိုးမလုံသည့်အတွက် မိုးယို သော ဒုက္ခနှင့်ကြုံရတတ်ပါသည်။ အိမ်ကလေးကို တစ်လ ၁၅ ကျပ်ဖြင့် ငှားနေရခြင်းဖြစ်သည်။ အိမ်နှင့် တွဲ လျက်အခန်းက အိမ်ရှင်၏ ကားထား သော ကားရုံဖြစ်သည်။ အိမ်ရှေ့တည့် တည့် လမ်းတစ်ဖက်က ဇရပ်အမြင့် မှာ အိမ်ရှင်မိသားစုနေထိုင်သည်။ ထိုစဉ်က ရန်ကုန်တွင် ဘုန်းတော်ကြီး ကျောင်း များ၊ ဇရပ်များကို အိမ်ဂေ ဟာအဖြစ် အသုံးပြုနေထိုင်သူအများ အပြားရှိပါသည်။ ခေတ်ကာလမအေး ချမ်းချိန်ဖြစ်၍ ကျောင်းအလှူရှင်၊ ဇရပ်အလှူရှင်များက မိမိတို့ လှူ ဒါန်းထားသော ကျောင်းများ၊ ဇရပ် များမှာ ခွင့်တောင်းနေထိုင်ရင်း နေရေးပြဿနာကို ဖြေရှင်းကြရ သည်။ အိမ်ရှင်မိသားစုမှာလည်း တစ်ချိန်က မိမိတို့ လှူဒါန်းထား သော ဇရပ်မှာ နေကြခြင်းဖြစ်သည်။ အိမ်ရှင်က အတွင်းဝန်ရုံးမှ ဌာန တစ်ခုမှာ အရာရှိဖြစ်သည်။ ဂျစ်ကား ဖြင့် ရုံးတက်ရုံးဆင်းလုပ်သည်။ ရုံး ဆင်းလာလျှင် ခေါင်းရင်းက ကားဂို ဒေါင်မှာ ကားကိုထားသည်။ ကား နောက်ဘက်က အခန်းကျဉ်းကလေး မှာလည်း မိသားစုတစ်စုထားသည်။ မိုးတွင်းရောက်လျှင် အိမ်ရှင်က အိမ် အမိုးကို အသစ်ပြန်မိုးပေးလေ့ရှိသည်။ မမိုးရသေးသည့်အချိန်မျိုးကြုံရင် တော့ မိုးယိုတတ်သည့်အတွက် လွတ် သည့်နေရာမှာ ရွှေ့အိပ်ကြရသည်။ အမှတ်တရဖြစ်စရာ တစ်ခုဖြစ်သည်။

ကျွန်တော်တို့ ဦးပဉ္စင်း အကြောင်းလည်း ပြောစရာရှိပါသေး သည်။ ဦးပဉ္စင်းမှာ အင်းကန်မှာ သီ တင်းသုံးစဉ်ကတည်းက အင်းကန်ရွာ သူကလေးတစ်ယောက်နှင့် သံယော ဇဉ်တွယ်ခဲ့ပုံရသည်။ အင်းကန်မှာ ည နေခင်းရောက်ပြီဆိုလျှင် ဦးပဉ္စင်းနှင့် ကိုရင်များ၊ ကျောင်းသားများ ခြင်း ဝိုင်းဖွဲ့လေ့ရှိသည်။ တစ်နေ့လုံး စာ သင်ပြီး ညောင်းညာနေသော ဦး ပဉ္စင်းကို ညနေခင်းမှာ ခြင်းခတ်က စားဖို့ ဆရာတော်ကြီး ကိုယ်တိုင်က ခွင့်ပြုထားသည်။ ထိုအချိန်တွင် ကျောင်းဝင်းထဲက ရေတွင်းကို ရေ လာခပ်ကြသော မိန်းကလေးများနှင့် ဦးပဉ္စင်းတွေ၊ ကိုရင်တွေ စကားစမြည် ပြောဖို့အခွင့်သာသည်။ ဦးပဉ္စင်းတွေ၊ ကိုရင်တွေ ခါးတောင်းကျိုက်ပြီး ခြင်း ခတ်နေကြသော မြင်ကွင်းမှာ မြင် နေကျမြင်ကွင်းမျိုးမဟုတ်၍ ခပ်ဆန်း ဆန်းဖြစ်နေသည်။ ထားပါတော့။ ဦးပဉ္စင်း ရန်ကုန်ပြန်ကြွ ပြီး မကြာမီ မှာပင် လူထွက်ပြီး အင်းကန်သို့ တစ်ခေါက်ပြန်၍သံယောဇဉ်တွယ်ခဲ့ သော မိန်းကလေးနှင့် ဖူးစာဖက် သည်။ နောက်တော့ စစ်တပ်ထဲဝင်ပြီး အရာခံဗိုလ်ဖြစ်သွားသည်။ သားတွေ သမီးတွေနှင့် အိုးအိမ်အတည်တကျ ဖြစ်သွားပါသည်။

အိမ်ပတ်ဝန်းကျင် အခင်း အကျင်းများကိုလည်း ဆက်စပ်သတိရ နေပါသည်။ ကျွန်တော်တို့ အိမ်ရှိ သည့် ကြားတောရလမ်းမှာ ရွှေတိဂုံ စေတီတော်ကြီး၏ အရှေ့ဘက်မုခ် တည့်တည့်ဖြစ်၍ ဘုရားဖူးပရိသတ် ဖြင့် အမြဲစည်ကားနေပါသည်။ အိမ် ကလေးတွေမှာ များသောအားဖြင့် ဈေးဆိုင်တစ်မျိုးမျိုးရှိသော အိမ်ဆိုင် ကလေးများဖြစ်သည့်အတွက် အိမ် ရှေ့မှာ ဆိုင်ခန်းလေးနှင့် ပစ္စည်း အမျိုးမျိုး ရောင်းချသည်ကို တွေ့ရ သည်။ ကန်တော်ကြီးနားက ဗဟန်း လမ်းမကြီးမှ ကြားတောရလမ်းကို ချိုးဝင်လိုက်သည်နှင့် လမ်းတစ်ဖက် တစ်ချက်မှာ ဆိုင်အမျိုးမျိုးတွေ့ရပါလိမ့်မည်။ စာအုပ်ဆိုင်၊ ဖိနပ်ဆိုင်၊ ဓာတ်ပုံဆိုင်၊ အလှကုန်ဆိုင်၊ သစ်သီး ဆိုင်၊ အပ်ချုပ်ဆိုင်၊ ကိတ်မုန့်ဆိုင်၊ ဆံပင်ညှပ်ဆိုင်၊ ထမင်းဆိုင်၊ လက် ဖက်ရည်ဆိုင် စသည်ဖြင့် ဆိုင်အမျိုး မျိုးရှိပါသည်။ ဆိုင်းဘုတ်တင်ထား သော ဆိုင်နာမည်များကိုလည်း မှတ်မိနေပါသည်။ လှလှမောင်စတိုး၊ လှစတိုး၊ အောင်ဇေယျာအင်ကိုး၊ ရှိန်းဆံသ၊ ရွှေမျှားကိတ်မုန့်တိုက်၊ ဦးလေးကြီး ထမင်းဆိုင်၊ အဒေါ်ကြီး ထမင်းဆိုင် စသည်တို့ဖြစ်သည်။ ဗဟန်းဈေးထိပ်မှာ ကတ္တရာလမ်းဆုံး ပြီး ထိုနေရာမှ ဘုရားအရှေ့ဘက် မုခ်ခြေရင်းအထိ အုတ်များစီခင်းထား သော အုတ်လမ်းဖြစ်သည်။ (ယခု တော့ ကွန်ကရစ် လမ်းတစ်ဆက် တည်းဖြစ်နေပါပြီ) =ဗဟန်းအုတ် လမ်း+ဟုခေါ်သည်။ အုတ်လမ်းမှာ ကားသွား၍မရ။ တစ်ဖက်တစ်ချက် မှာ စာရေးကိရိယာဆိုင်၊ အထည် ဆိုင်၊ ပန်းဆိုင်၊ နိဗ္ဗာန်ကုန် ဆိုင် စသည့်ဆိုင်များ အပြည့်ရှိပါသည်။ ကျွန်တော်ထိုအိမ်ကလေးကို ခွဲခွာ လာသည်မှာ ယခုဆိုလျှင် နှစ်ခြောက် ဆယ်ကျော်ပါပြီ။ ရန်ကုန်ရောက် ရောက်ချင်းနေခဲ့ရသော နေရာ ကလေးဖြစ်သောကြောင့်လားတော့ မသိပါ။ ယခုတိုင် အာရုံထဲမှာ ထင် ထင်လင်းလင်း ရှိနေပါသေးသည်။

အိမ်ရှေ့တည့်တည့်မှာ ‘ဗမာ နိုင်ငံ လူငယ်များအစည်းအရုံးခွဲ (ဗလစခ)၊ ဗဟန်းတိုက်နယ်’ ဟူသော ဆိုင်းဘုတ်တင်ထားသော စာဖတ် ခန်း အဆောက်အအုံရှိသည်။ ကျွန် တော့်ကို များစွာအကျိုးပြုသော အဆောက်အအုံအဖြစ် အမှတ်တရ ဖြစ်နေပါသည်။ ကျွန်တော်တို့ အိမ် ရှင်ဦးမောင်ကလေးက အစည်းအရုံး ခွဲ ဥက္ကဋ္ဌဖြစ်သည်။ ရပ်ကွက်ထဲက လူငယ်များက အစည်းအရုံးကိစ္စများ ကို တက်တက်ကြွကြွဆာင်ရွက် သည်။ မနက် မိုးလင်းသည်နှင့် သတင်းစာမျိုးစုံ ခင်းကျင်းထားသည်။ သတင်းစာလာဖတ်သူများနှင့် အမြဲ စည်ကားနေသည်။ မှတ်မိသမျှ ဆို လျှင် ဗမာ့ခေတ်၊ မြန်မာ့အလင်း၊ ဟံသာဝတီ၊ ရန်ကုန်၊ သမာဓိ၊ သူရိ ယ၊ စီးပွားရေး၊ တိုးတက်ရေးမဏ္ဍိုင် စသည့်သတင်းစာများဖြစ်သည်။ ‘စာ ကြည့်တိုက်’လည်းရှိသည်။ ကျွန်တော် သည် စာကြည့်တိုက်မှူးနှင့် ခင်မင်သည့် အတွက် စာကြည့်တိုက်မှ မဂ္ဂဇင်း များ၊ ဝတ္ထုများကိုလည်း ငှားဖတ်ခွင့် ရခဲ့ပါသည်။

ကပ်လျက်အိမ်မှာ ‘ပုံတူနှင့် ပန်း ချီစိုးဝင်း’ဟု ဆိုင်းဘုတ်တင်ထားသော ထားဝယ်သားပန်းချီဆရာကိုစိုးဝင်း ၏ အိမ်ဖြစ်သည်။ ကိုစိုးဝင်းမှာ လူ ပျိုလူလွတ်ဖြစ်သည့်အတွက် သူ့ပန်း ချီအလုပ်ခန်းမှာ လူငယ်များဖြင့် အမြဲစည်ကားနေသည်။ ပန်းချီ အကြောင်း၊ ဝတ္ထုအကြောင်း၊ စာ အကြောင်း ပေအကြောင်း ပြောကြ ဆိုကြသည်ကို အမြဲကြားနေရသည့် အတွက် စာပေအနုပညာအငွေ့ အသက်ထုံမွမ်းထားသော ပတ်ဝန်း ကျင်ကလေးဖြစ်ပါသည်။

ကျွန်တော်ထိုအိမ်ကလေးမှာ နေရင်း ကျောင်းဆက်တက်ရသည်။ ရန်ကုန်ရောက်စနှစ်များမှာတော့ ကျောင်းမတက်ရသေးပါ။ ကျန်းမာ ရေးမကောင်းသည့်အတွက် အိမ်က ဝေးဝေးလံလံ စိတ်မချတာလည်း ပါ သည်။ ၁၉၅၃ ခုနှစ်ကျတော့ သူ ငယ်ချင်းတစ်ယောက်က တိုက်တွန်း သည့်အတွက် သူတက်နေသော ‘ကန်တော်ကြီး မြူနီစီပယ်ကျောင်း’ မှာ တက်ရသည်။ စတုတ္တတန်းအောင် လက်မှတ်မရှိသည့်အတွက် စတုတ္ထ တန်းမှာပင် နေရသည်။ ထိုစဉ်က ‘ရန်ကုန်မြူနီစီပယ်ပညာရေးအဖွဲ့’ က စစ်ဆေးသော စတုတ္ထတန်းစာ မေးပွဲအောင်သည့်အတွက် ဗဟန်း အစိုးရအလယ်တန်းကျောင်းမှာပဉ္စမ တန်းဆက်တက်ရသည်။ ၁၉၅၄-၅၅ ပညာသင်နှစ်မှာဖြစ်သည်။ ကျွန်တော် ပဉ္စမတန်းအောင်စာရင်းထွက်ချိန် တွင် ကျွန်တော့် မိခင်ကွယ်လွန်သည်။ အဒေါ်ကြီးနှင့် အစ်မအပျိုကြီးနှစ် ယောက်၏ စောင့်ရှောက်မှုဖြင့် ဆက် လက်ပညာသင်ခွင့်ရသည်။ ၁၉၅၅-၅၆ ဆဋ္ဌမတန်းအရောက်တွင် အိမ် နှင့်ပတ်သက်၍ အလှည့်အပြောင်း တစ်ခုကြုံရသည်။ ကျွန်တော်တို့ ရပ် ကွက်အပါအဝင် ‘ကျူးကျော်’ ရပ် ကွက်ဟုခေါ်နိုင်သော ရပ်ကွက်တော် တော်များများ ဖျက်သိမ်းခံရသော ကြောင့် ဖြစ်ပါသည်။ ရပ်ကွက်ဖျက် သိမ်းရသော်လည်း ပြောင်းရွှေ့ရမည့် နေရာကို စီစဉ်ပေးခြင်း မရှိသည့် အတွက် ကိုယ့်အစီအစဉ်နှင့် ကိုယ် ပြောင်းရွှေ့ရပါသည်။ သို့ဖြင့် ရန်ကုန် ရောက်စ ၁၉၅ဝ ပြည့်နှစ်မှ ၁၉၅၆ ခုနှစ်အထိ ခြောက်နှစ်ကျော်ကျော် နေထိုင်ခဲ့ရသော အိမ်ကလေးနှင့် ခွဲခွာခဲ့ရပါတော့သည်။

နောက်တစ်ကြိမ်ပြောင်းရွှေ့ရ သော အိမ်ကတော့ အနောက်ရွှေဂုံ တိုင်လမ်းက ဦးဘရင်၊ ဒေါ်ဆွဲမိတို့၏ အိမ် အောက်ထပ်ဖြစ်သည်။ ကျေးဇူး တင်စရာကောင်းသောမိသားစုမှာ ကျွန်တော့်အဒေါ်၊ အစ်မများနှင့် ခင် မင်သော =မောင်ရင်စိန် အပ်ချုပ်ဆိုင်’ မှ ‘ကိုရင်စိန်၊ မခင်ညွန့်’မိသားစုဖြစ် သည်။ ရပ်ကွက်ဖျက်သိမ်းတော့ အဒေါ်တစ်ယောက်နှင့် မိသားစုက ရွှေဂုံတိုင်က ‘ရိပ်သာကုန်း’ ရပ်ကွက် ကလေးမှာ အိမ်ငှားဖို့ စီစဉ်သည်။ အဒေါ်တစ်ယောက်၏ သမီးဖြစ်သူ အပျိုကြီးနှစ်ယောက်နှင့် အလွန်ခင် မင်သော မခင်ညွန့်က သူတို့နှင့်အတူ လိုက်နေဖို့ အတင်းခေါ်သည့်အတွက် ကျွန်တော်အပါအဝင် အဒေါ်၊ အစ်မ မိသားစု ကိုရင်စိန်၊ မခင်ညွန့်တို့နှင့် အတူလိုက်ပြောင်းရသည်။ အနောက် ရွှေဂုံတိုင်လမ်းက အိမ်အောက်ထပ် အခန်းတစ်ခန်းကို ငှားပြီး တိုးတိုးဝှေ့ ဝှေ့နေရသည်။ သူတို့မိသားစုကလည်း လူမနည်းလှပါ။ ကိုရင်စိန်၊ မခင်ညွန့် နှင့် ကလေးငယ်လေးယောက်ဖြစ် သည်။

ကျွန်တော်တို့က အဒေါ်၊ အစ် မနှစ်ယောက်နှင့် ကျွန်တော်ပါ လေး ယောက်ဖြစ်သည်။ သူတို့မိသားစုက သဘောကောင်းသည်။ အစ်မနှစ် ယောက်က သူတို့၏ ကလေးများကို ချစ်သည်။ ထို့ကြောင့် အဆင်ပြေပြေ နေထိုင်ခဲ့ရပါသည်။ ယခုထိုရပ်ကွက် လည်း မရှိတော့ပါ။ အိမ်နေရာကို မှန်းကြည့်တော့ ယခုအောင်သုခ ထမင်းဆိုင်ရှိသောလမ်းနှင့် ရွှေဂုံ လမ်း (လင့်ခ်လမ်း)တို့၏ အလယ် လောက်၊ ရွှေဂုံတိုင်လမ်းပေါ်မှာ တောင်ကုန်းကို ကျောပေးပြီး ပလက် ဖောင်းဘေးမှာ ရှိခဲ့မည်ဟု မှန်းမိပါ သည်။ ယခုတံတိုင်းခတ်ထားသော နေရာရှေ့ပလက်ဖောင်းဘေးမှာ ထိုစဉ်က အိမ်တွေတန်းစီနေပါသည်။ အိမ်အနောက်ဘက် ကပ်လျက် ကုန်း ပေါ်သို့ တက်သွားလျှင် အာဇာနည် ကုန်းနှင့် တစ်ဆက်တည်း ရှိနေသော ကုန်းပေါ်သို့ ရောက်သည်။ ရွှေတိဂုံ စေတီတော် မြောက်ဘက်မှာရှိသော အာဇာနည်လမ်း (ထရန်စပို့လမ်း) သို့ ရောက်ပါသည်။

ရွှေဂုံလမ်းနှင့် အောင်သုခထ မင်းဆိုင်လမ်း နှစ်ခုကြားမှာ ရပ်ကွက် တစ်ခုရှိသည်။ ‘ပတ္တမြားချောင်’ဟု ခေါ်သည်။ ‘ပတ္တမြားရိပ်သာ’ဟုလည်း ခေါ်သည်။ ထိုရပ်ကွက်မှာလည်း အိမ်ကလေးတွေ ပြည့်နေသည်။ ကျွန်တော့်သူငယ်ချင်း =ကာတွန်းဝင်း မောင်’၏ အိမ်ရှိသည့်အတွက် သူတို့ အိမ်ကို မကြာခဏရောက်ပါသည်။ အောင်သုခထမင်းဆိုင်လမ်းထိပ် ရွှေ ဂုံတိုင်လမ်းထောင့်မှာ စာဖတ်အသင်း အဆောက်အအုံတစ်ခုရှိသည်။ ထို အဆောက်အအုံသို့ သတင်းစာဖတ်ဖို့၊ ရေဒီယိုနားထောင်ဖို့ မကြာခဏ ရောက်ပါသည်။

မခင်ညွန့်တို့ မိသားစုက သ ဘောကောင်းသော်လည်း သူတို့နှင့် တွဲနေရသည်မှာ အားနာစရာကောင်း ပါသည်။ အစ်မအကြီးက ပုဇွန် တောင်ဈေးမှာ ငှက်ပျောသီးဆိုင် ထွက်သည်။ အစ်မတစ်ယောက်က အိမ်မှာ စက်ချုပ်၊ ပန်းထိုးလုပ်သည်။ အဒေါ်ကြီးကတော့ ဘာမှသိပ်မလုပ် နိုင်တော့ပါ။ ကျွန်တော်မှတ်မိနေ သည်မှာ အခန်းချင်းကပ်လျက်အခန်း မှ အမျိုးသမီးတစ်ယောက်က စာဖတ် ဝါသနာပါသည့်အတွက် ‘စုံထောက် မဂ္ဂဇင်း’ကို လစဉ်ဝယ်ဖတ်ရာ ကျွန် တော်က သူ့ဆီက မဂ္ဂဇင်းများ ငှား ဖတ်ခွင့်ရခြင်းဖြစ်ပါသည်။ ‘

ကျွန်တော်တစ်ခါတစ်ခါ ‘ခြေ ရှည်’ တတ်ပုံကိုလည်း သတိရမိသည်။ ထိုအချိန်က ကျွန်တော်မှာ အသက် ၁၆ နှစ်သာရှိသေးသည်။ ကျွန်တော် တက်နေသော ဗဟန်းအစိုးရအလယ် တန်းကျောင်းက ယခု ဗဟန်းလမ်းမ နှင့် ရွှေဂုံတိုင်လမ်းထောင့်က ကုန်းပေါ် မှာ ရှိသည်။ (ယခု ကုန်းကို ဖြိုလိုက်ပြီ ဖြစ်သည်။) အိမ်မှ ကျောင်းသွားလျှင် ပုံမှန်အားဖြင့် ရွှေဂုံတိုင်လမ်းအတိုင်း လမ်းလျှောက်သွားရုံသာဖြစ်သည်။ တစ်ခါတစ်ခါ ကျွန်တော်က စိတ်ကူး ပေါက်ပြီး အိမ်အနောက်ဘက်က ကုန်းပေါ်ကို ပင်ပင်ပန်းပန်းတက် သည်။ ပြီးတော့ မူလ ကမ္ဘာအေးစေတီ ဘေးကဖြတ်ပြီး ထရန်စပို့လမ်းသို့ ဆင်းသည်။ ရှေ့ဆက်လျှောက်ပြီး ရွှေတိဂုံဘုရား စောင်းတန်းအရှေ့ဘက် မုခ်က ပြန်ဆင်းသည်။ ပြီးတော့ ရေ တာရှည် လမ်းသစ်အတိုင်းလျှောက် ပြီး ရွှေဂုံတိုင်လမ်းဘက်ချိုးသည်။ တော်တော် ဝေးဝေးလျှောက်မှ ကျောင်းကိုရောက်သည်။ ပြန်စဉ်းစား မိပြီး တော်တော် ခြေရှည်တာပဲ’ဟု ကိုယ့်ကိုယ်ကိုယ် သုံးသပ်မိပါသည်။

ကိုရင်စိန်၊ မခင်ညွန့်တို့နှင့် အတူ တစ်နှစ်လောက်နေပြီးနောက် အဒေါ်တစ်ယောက်၏ မိသားစုရှိရာ ‘ရိပ်သာကုန်း’ အိမ်ကလေးသို့ပြောင်း ခဲ့ကြရပြန်ပါသည်။

မောင်ခင်မင် (ဓနုဖြူ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*