ကြုံဖူးဆုံဖူးကိုလူထူးများ (၁၁)

ကြုံဖူးဆုံဖူးကိုလူထူးများ (၁၁)
June 5, 2018 Leanne Win
ကြုံဖူးဆုံဖူးကိုလူထူးများ (၁၁)

ကျွန်တော်ကြုံဖူးဆုံဖူးသော ကို လူထူးများထဲတွင် ‘ကဗျာရူး’ နှင့် ‘ကဗျာဆရာရူး’များကို ထည့် သွင်းဖော်ပြပါမှ ပြည့်စုံမည်ဟု ယူဆ ပါသည်။ ဤတွင် ‘ကဗျာရူး’ နှင့် ‘ကဗျာဆရာရူး’ဟူသော ဝေါဟာရ နှစ်လုံးကို ခွဲခြား၍ ရှင်းလင်းသတ် မှတ်ပြလိုသည်။ ‘ကဗျာရူး’ ဟူသည် ကဗျာတည်းဟူသော စာပေပုံ သဏ္ဌာန်ဝဲသြဃကြီးထဲတွင် နစ်လိုက် ပေါ်လိုက် ချာလပတ်လည်နေရမှ အသက်ရှူချောင်၊ နှလုံးခုန်မှန်သော ပုဂ္ဂိုလ်များကို ရည်ညွှန်းပါသည်။ အဆိုပါကဗျာရူးများထဲတွင် နာမည်ရ ကဗျာဆရာအားလုံး ပါဝင်နေကြရ ခြင်းအကြောင်းအရင်းမှာ သူတို့သည် ကဗျာရူးဘဝအခြေခံဖြင့် ကဗျာ ဆရာဖြစ်နေကြသောကြောင့် ဖြစ်ပါ သည်။ ကဗျာအရူးမထခဲ့လျှင် ကဗျာ ဆရာဖြစ်လာမည်မဟုတ်ကြောင်း သေချာပါသည်။ ထို့ကြောင့်လားမသိ။ အာဏာရှင်ဆန်သော ရှေးပဒေသရာဇ် ခေတ် အင်္ဂလိပ်ဘုရင် တစ်ပါးက “ကဗျာဆရာအားလုံး ..ဂေါက်တွေ ချည်း”ဟု သမိုင်းဝင် စကားပြောခဲ့ဖူး ခြင်းဖြစ်မည်။

တစ်စုံတစ်ယောက်က “အချစ် ၌ ယစ်မူးသူတိုင်း ကဗျာဆရာဖြစ်လာ ကြသည်”ဟု ပြောဖူးသေးသည်။ ဤ စကားမှန်လွန်းသည်။ ကျွန်တော်လူ ပျိုပေါက်၊ ရည်းစားထားစ အချိန် တုန်းက ဘယ်သူကမျှ မတိုက်တွန်း ရပါဘဲနှင့် အချစ်ကဗျာကလေးတွေ တစ်နေ့လျှင် ပုဒ်ရေတစ်ဒါဇင် လောက် ရေးဖြစ်ခဲ့သည်။ ဥပမာ (စီး ကျသွယ်ဆက်၊ မျက်ရည်စက်သည်၊ နှမလက်နက်ဖြစ်တကား) ဆိုသော ကဗျာတိုကလေးမျိုး။ သုံးကြောင်း ကဗျာခေါ်သည်ထင်ပါ့။

သည်လိုနှင့် ကျွန်တော့်ကိုကဗျာ ဆရာဖြစ်စေခဲ့သော ချစ်ဦးသူနှင့် နဖူးစာမင်ရည်ကြဲ၍ ရှင်ကွဲကွဲခဲ့ရ သောအခါ ကျွန်တော့်ဆီမှာ ကဗျာ ဝါသနာအမွေ ကျန်ရစ်ခဲ့ပါသည်။ ထို ကဗျာအမွေကြောင့် “လယ်သမားကွ၊ အလုပ်သမားကွ၊ တော်လှန်ရေးကွ၊ ဘာကွညာကွ++နှင့် အော်ကြသော ခေတ်တွင် ကျွန်တော်လည်း ‘တော် လှန်ကလောင်’ကိုထမ်း၍ စာပေနယ် ထဲသို့ဝင်သည်။ ထိုကာလတွင် …

“ကဗျာတစ်ပုဒ်၊ ဆယ့်ငါးကျပ်၊ ငတ်ချင်ငတ် ပြတ်ချင်ပြတ်လို့ ရှင် အော်ချင်အော်နေ၊ ကျွန်မကတော့ အငတ်မခံနိုင်ဘူး။ ဒီကြားထဲ ပိုဆိုး တာက ရှင့်ကဗျာတွေ ဖတ်လိုက်ရင် ဗိုက်ဆာလာတာချည်းပဲ။ ဒီတော့ …ရှင် ကျွန်မကို ဖြတ်မလား။ က ဗျာကို ဖြတ်မလား …”ဟု ချစ်ဇနီး က ရာဇသံပေးလာသောအခါ ကဗျာ ကို အထူးချစ်၍ အရူးဖြစ်နေသော ကျွန်တော်သည် (ဟဲ ဟဲ) ကဗျာကို ဖြတ်လိုက်တာပေါ့ ခင်ဗျာ။

တချို့ကဗျာဆရာတွေက အစွန်း ရောက်နေကြသည်။ ခါးတောင်း ကျိုက်တလွဲ၊ တင်တလွဲဖြစ်နေကြ သည်။ အသက်မွေးဝမ်းကြောင်း အလုပ်မလုပ်ဘဲ ကဗျာနှင့် ဘဝ တစ်သားတည်းနေမှ ကဗျာဆရာ စစ်စစ်၊ တင်းပြည့်ကျပ်ပြည့်ကဗျာ ဆရာဖြစ်မည်ဟု ခံယူထားကြသည်။ လွန်ခဲ့သော မျိုးဆက်ဟောင်းတွေ၏ ခေတ်များတုန်းကတော့ ထိုသို့သော အစွန်းရောက်ကဗျာဆရာတွေ အလွန့် အလွန်ဖောင်းပွခဲ့ဖူးသည်။ သူတို့ ကိုယ်တိုင်လည်း အားအားလျားလျား ရှိတိုင်း သေရည်ဆိုင်ထဲက မထွက် ခဲ့ကြ၍ နောက်ဆုံးတွင် အသည်း ရောဂါဖြင့် ဝမ်းဗိုက်ကြီးတွေ ဖောင်း ပွကာ ဇီဝိန်ကြွေခဲ့ကြရရှာပေ၏။

ဤသို့ဖြင့် ကဗျာရူးတချို့မှာ ယမကာမူးပြီး အသက်တိုခဲ့ကြရသည် သာ အဖတ်တင်ပါသည်။ အရက် သတ်၍ သေကုန်ကြသော ကဗျာ ဆရာတွေ မြန်မာပြည်ကြီးမှာ တော် တော်များသည်ဟု ထင်သည်။ (အ မည်စာရင်းကို မဖော်ပြပါရစေနှင့် တော့။) နိုင်ငံတကာရှိ၊ ကမ္ဘာကျော် ကဗျာဆရာတချို့လည်း သေရည် ကျွန်ဖြစ်ပြီး ဘဝတစ်ပါးသို့ ပြောင်း သွားကွယ်လွန်ကြသည်။ ‘လီပို’ အမည်ရှိ ဂန္ထဝင်တရုတ်ကဗျာဆရာ တစ်ယောက်၏အဖြစ်မှာ ငိုအားထက် ရယ်အားသန်စရာပါပဲ။

သူက ယမကာလုလင်ကဗျာ ဆရာဆိုပဲ။ အရက်မူးပြီး ရေကန်ထဲ မှာ ညဘက်လှေစီးသတဲ့။ ရေပြင်မှာ ထင်ဟပ်နေသော လဝန်းရိပ်ကို ‘လှ လိုက်တာ၊ ချစ်စရာကလေး’ ဆိုပြီး လမင်းကို ကုန်းဖက်လိုက်ရာ၊ လှေ ပေါ်မှ ကန်ထဲကို လိမ့်ကျ ရေနစ်ပြီး ‘ဂန့်’ရှာရောတဲ့။ ကဗျာဆရာဆိုတော့ ကဗျာခံစားမှုပါပါ လမင်းကို အမြတ် တနိုးပွေ့ဖက်ချင်ရှာသကိုး။

ရှေးကတော့ ‘ကဗျာဟူသည် ပညာရှိကဝိတို့၏ ပစ္စည်းဥစ္စာ+ဟု သတ်မှတ်ထားခဲ့ကြသည်။ ဟုတ် လည်း ဟုတ်ပေသည်။ ရှေးတုန်းက မြန်မာစာအသုံးအနှုန်း၊ အကုံးအဖွဲ့၊ ဝေါဟာရ၊ ပေါရာဏတွေကို မကျွမ်း ကျင်ဘဲ ကဗျာဆရာမဖြစ်နိုင်။ အောက်ပါရှေးကဗျာဆရာမ ‘မယ် ခွေ’၏ ‘အဲချင်း’ကဗျာတစ်ပုဒ်မှ အဖွင့်ပါဒအချို့ကို ဖတ်ကြည့်ပါ။

“ရွှေသားမှ သိင်္ဂီလေ၊ အဒြ ကြယ်၊ ပါဒ်သုံးသွယ်နှင့်၊ နေဆွယ်ရထား ယှဉ်ပြိုင်သွားလို့၊ စက်နားမေထုံ၊ လွမ်း ဖို့ဆုံလှတယ်၊ နယုန်ဆီကိုတဲ့လေး။ “

(ကိုင်း) ဘယ်လိုပဲ။ ကျွန်တော် တော့ ဖော်ပြခဲ့သည့် ကဗျာပါဒတွေ ကို လုံးဝလုံးဝ၊ ဗူးလုံးနားမထွင်း နား မလည်ပါခင်ဗျား။ ဘယ့်ကလောက် ပညာရှိဆန်တဲ့ လက်ရာများပါလဲ။ ကဗျာဆရာမ ‘မယ်ခွေ’ ဆိုသည်က နှယ်နှယ်ရရမဟုတ်။ ဒိတ်ဒိတ်ကြဲ ထဲက ဖြစ်သည်။ နန်းတွင်းစာဆို တော် Poet Laureate ဖြစ်သည်။ ဘုရင်က မြှောက်စားလို့ တောက် ကြွားပြီး ကျိကျိတက်ချမ်းသာပေမ ပေါ့။ ယခုခေတ်တွင်လည်း အနောက် တိုင်းမှာ အထက်ပါစာဆိုတော်ဘွဲ့ ပေးလေ့ရှိသည်။ ကျွန်တော်တို့ဆီမှာ တော့ ခေတ်သစ်ကာလတွင်းအစိုးရ က စာဆိုတော်ဘွဲ့ဟူ၍ သီးသီးသန့် သန့်ပေးလေ့မရှိပါ။ =အမျိုးသားစာ ပေဆု+သာ ချီးမြှင့်လေ့ရှိသည်။ ‘စာ ဆိုတော်’ဘွဲ့နှင့် ‘ဆု’မှာ ဆီနှင့်ရေလို ကွာခြားလှပါဘိ။

ကျွန်တော့်သူငယ်ချင်း သန်းမြစ် ကတော့ စာဆိုတော်ဘွဲ့လည်း ဂရု မစိုက်။ အမျိုးသားစာပေဆုလည်း အရေးမထား။ ကဗျာသဘောတရား ကျမ်းတွေလည်း မဖတ်။ ခေတ်ပြိုင် ကဗျာတွေလည်း လှည့်မကြည့်။ သို့ သော် သူ့ကိုယ်သူကဗျာဆရာ ‘မောင် သာမော’အဖြစ် စွဲစွဲမြဲမြဲ ခံယူထား ၏။ ကျွန်တော်က သူစိမ်းတစ်ဦးနှင့် သူ့ကို မိတ်ဆက်ပေးလျှင် “ဒါကတော့ ကဗျာဆရာ မောင်သာမောပါ”ဟု သုံးနှုန်းပြောဆိုမှ ဒင်း (သင်း)က ရွှေ သဘောတော်ကျလေ့ရှိသည်။ စင်စစ် သန်းမြစ် (မောင်သာမော)သည် စာ ဖတ်သော်လည်း ကဗျာတော့ မစပ် တတ်ပါ။ တတ်သလောက်မှတ်သ လောက်ကဗျာဖွဲ့ကြည့်၏။ သုံးလေး ကြောင်းထက် ပိုမရေးနိုင်။

တစ်နေ့မှာ ကျွန်တော်က အသိ တစ်ယောက်ကို သန်းမြစ် (မောင်သာ မော)နှင့် မိတ်ဆက်ပေးသည်။ ကျွန် တော့်အသိဆိုသူမှာ ရေလိုက်ငါး လိုက်၊ လေဖမ်းဝါးတန်းချည်တတ် သည့် လူစား။

“သူကတော့ ကဗျာဆရာမောင် သာမောပါ”
“အော် ဟုတ်လား။ တွေ့ရတာ ဝမ်းသာပါတယ်ဗျာ။ အခုလထုတ် မဟေသီမဂ္ဂဇင်းမှာ ဆရာကိုသာမော ရဲ့ ကဗျာတွေ့တာနဲ့ ဖတ်ဖြစ်လိုက်ပါ တယ်။ ခံစားရတယ်ဗျာ …ဟတ် ထိသွားတယ်”
သန်းမြစ် (မောင်သာမော)က ခေါင်းတဆတ်ဆတ်ညိတ်နေပါသည်။ ဘယ်စာနယ်ဇင်းကိုမှ ကဗျာမပို့ဖူး သော သန်းမြစ်အကြောင်း ကောင်း ကောင်းသိနေသော ဓာတ်သိ ကျွန် တော်သာလျှင် ကြားထဲကနေ ဇလုံး ဇခုနှင့် အသက်ရှုမှားခဲ့ရပါသည်ခင် ဗျား။

ကြူးနှစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*