ဝိဥာဉ်တွေ သေနေတဲ့ မြို့

ဝိဥာဉ်တွေ သေနေတဲ့ မြို့
June 4, 2018 AsianFame MediaGroup
ဝိဥာဉ်တွေ သေနေတဲ့ မြို့

မျှော်လင့်ခြင်းတံခါးဟာ အလင်းမဲ့နေ
သစ္စာလွင်ပြင်ဟာလည်း
ကျိုးပဲ့ကြွေလွင့်
ဘယ်လိုဖြူစင်ခဲ့လဲ
တိမ်မည်းလို့ ခေါ်ခံရခြင်းမှာ
နာမတော်ဟာ ရက်စက်တယ်။

အဝေးပြေးလမ်းမရဲ့ ရှည်လျားမှုလို
တသီတစ်တန်း ရင့်ရော်မှုတွေဟာ
တဖြည်းဖြည်း အက်ကွဲလာ
ချိုင့်ခွက်သေးသေးလေးရဲ့
ဝမ်းနည်းမှုကို ဘယ်ကမ္ဘာက
စာနာခဲ့လို့လဲ . . .။

အပျိုမရဲ့ ပါးပြင်ကိုပဲ
စံတင်စရာထင်ကြတဲ့
လေပြေနဲ့ စာလုံးဖွဲ့ဆိုမှုတွေကြား
ပြာတစ်ပွင့် ကြွေတာ
လူရာမဝင်ပါဘူးလေ . . . ။

ခိုးဆိုးလုနှိုက် အသံပလီပလာတွေကြား
ဖြူစင်ခြင်းဟာ ချောင်မှာ ငိုနေ
ငါသောက်မယ့် ရေချမ်းစင်မှာ
ဘယ်သူအဆိပ်တွေ ခပ်သွားတာလဲ
ကမ္ဘာဟာ ပြားလည်း ပြားတယ်
လုံးလည်း လုံးတယ်
ကြိုက်ရာ ဆိုမိန့်ပါ
ဒါဟာ ရှာတွေ့မှု တစ်ခုထက် မပိုဘူး
မင်းရင်ထဲမှာ အလင်းပွင့်ရှိပြီလား
နောင်တရတဲ့ ဝိညာဉ် ညည်းညူသံတွေဟာ
နားစွင့်နိုင်ရင် ကြားရမယ်
အပေါက်ပါတဲ့ ခါးပိုက်ကြီးနဲ့
ဘယ်မှာ ဖားသွားကောက်မှာလဲ
အမည်းရောင်စိတ်တွေ တမလွန်မှာ
နေရာမရဘူး
ဘဝလမ်းမှာ ဆောရီး မပါဘူး
သုံးနေတဲ့ဖုန်းလို ဘက်ခလုတ်မပါဘူး
ကြယ်တွေလိုပဲ
ဘယ်လောက်လင်းလင်း
အဆုံးမှာ ကြွေလွင့်ရမှာပဲ . . .။

ငရဲဆိုတာကြီး ခင်ဗျားလက်ထက်မှာ
မစံပျော် မိပါစေနဲ့
ဘယ်လောက် စန်းပွင့်ပွင့်
ချစ်နေမိသူက ဂရုမစိုက်သေးရင်
ရလဒ်ဟာ သုညပဲ . . .။
မာယာပလ္လင်ပေါ်
ဘယ်လောက် မင်းမူနေနေ
လွတ်မြောက်ခွင့် လက်မှတ်
မရှိသေးရင်လည်း
ဘယ်ဘုရားသခင်ရဲ့ ရှေ့မှောက်ဖြစ်ဖြစ်
အမှိုက်သက်သက်ပါပဲ။

လင်းလက် (ကဘို)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*