ကျွန်တော်နေခဲ့သောအိမ် (၃)

ကျွန်တော်နေခဲ့သောအိမ် (၃)
May 30, 2018 AsianFame MediaGroup
ကျွန်တော်နေခဲ့သောအိမ် (၃)

ကျွန်တော်တို့မိသားစု အရိပ်ခိုဖို့ အလှည့်ကျသည့် အိမ်ကတော့ အင်းကန်ရွာမှ ဦးလေး ဦးဒီပ၊ ဒေါ် လေး မမကြီးတို့အိမ်ဖြစ်သည်။ တစ် နှစ်နီးပါးနေထိုင်ခဲ့ရသော အိမ်ဖြစ် သည့်အတွက် စိတ်ထဲမှာ မှတ်မှတ်ရရ ရှိပါသည်။

အင်းကန်မှ ဒေါ်လေးတို့ အကြို လွှတ်လိုက်သော နွားလှည်းက အမေ၊ ကျွန်တော်တို့ ညီအစ်ကိုနှင့် ဦးပဉ္ဇင်း ကို တင်ဆောင်ပြီး ကျောက်ပန်း တောင်းမှ ထွက်ခဲ့ရာ မိုးချုပ်ခါနီး မီး ထွန်းချိန်တွင် အင်းကန်သို့ရောက်ပါ သည်။ ‘တစ်ဆင်းတက်သော် တစ် တောင်ကျော်’ဆိုသလို တောင်ကုန်း တွေကို ဆင်းလိုက်တက်လိုက်နှင့် သွားရသောခရီးမှာ မကြုံဖူးသော ခရီးဖြစ်သည့်အတွက် ပျော်စရာ ကောင်းပါသည်။ လှည်းဆရာကြီး ပြောပြသည့်အတွက် ‘တောင်ခ မောက်’၊ ‘တောင်မျောက်ကြီး’ စသည့် ဖြတ်သွားသော တောင်နာမည်များကို လည်း သိရသည်။ ဘေးနှစ်ဖက်တွင် တောင်တန်းများ ကာဆီးနေသော မြေလမ်းကလေးအတိုင်း မောင်းရ သည်လည်းရှိသည်။ အင်းကန်ရွာ ရောက်တော့ ဒေါ်လေးတို့ မိသားစု က ထမင်းပွဲ အသင့်ပြင်ပြီး စောင့်ကြို နေသည်ကို တွေ့ရ၍ ဝမ်းသာသွား သည်။

ဒေါ်လေးတို့အိမ်က သစ်သား အိမ်ကြီးဖြစ်သည်။ အိမ်ရှေ့ ဧည့်ခန်း က တော်တော်ကျယ်ကျယ် နေရာယူ ထားသည်။ ဘေးဘက်မှာ အိမ်ခန်း တစ်ခန်းရှိသည်။ နောက်မှာ မီးဖိုခန်း ရှိသည်။ အိမ်ရှေ့မှာ ကပြင်ကလေး ထုတ်ထားသည်။ အိမ်ရှေ့ဘေးဘက် မှာ ရေတွင်းတစ်လုံးရှိပြီး စက်သီးမှာ ရေပုံးကြိုးတပ်ပြီး ရေခပ်ကြသည်ကို မနက်မိုးလင်းတော့ တွေ့ရသည်။

ဦးလေးဦးဒီပမှာ ရွာ၏ သူကြီး ဟောင်းဖြစ်သည်။ ဦးလေးနှင့် ဒေါ် လေးကို ရွာမိရွာဖအဖြစ် ရွာက လေးစားကြသည်။ ‘မမခင်ခင်’ဟု ကျွန်တော်တို့ခေါ်သော သမီးတစ် ယောက်ရှိသည်။ မမခင်ခင်မှာ ရုပ်ရည်ချောမောပြီး မျက်လုံးမျက် ဖန် ကောင်းသည်။ သဘောလည်း ကောင်းသည်။ ကျွန်တော်တို့ ညီအစ် ကိုကို ကြင်ကြင်နာနာ ပြောဆိုဆက် ဆံပါသည်။ ဒေါ်လေးက စိတ်ပြေ လက်ပျောက် ရောက်လာသော အစ် မဖြစ်သူ ကျွန်တော်တို့အစ်မကို ”မမ ပျော်သလောက်နေပါ။ အားနာစရာ မရှိပါဘူး” ဟု ပြောသည့်အတွက် ဝမ်းသာကျေးဇူးတင်ရသည်။ အစ်မ ၏ဖခင်နှင့် ဒေါ်လေး၏ မိခင်မှာ မောင်နှမဖြစ်ကြောင်း သိရပါသည်။

အင်းကန်ရွာမှာ အိမ်ခြေ ၃ဝဝ ကျော်ရှိသော ရွာကြီးဖြစ်သည်။ နတ် မောက်ခရိုင်၊ ကျောက်ပန်း တောင်း မြို့နယ်အတွင်းမှာရှိကြောင်း မှတ် သားရသည်။ ရွာသူရွာသားများမှာ လယ်ယာလုပ်ငန်း၊ ရက်ကန်းလုပ် ငန်း၊ ထန်းလုပ်ငန်းများ လုပ်ကိုင်ကြ သည်။ ဒေါ်လေးတို့အိမ်နှင့် တစ်ဝင်း တည်းနေသော အိမ်သုံးလေးအိမ် ရှိသည်။ ကပ်လျက်အိမ်မှာ ရက်ကန်း စင်ရှိသည်။ ဗိုင်းငင်သည့်အဆင့်မှ အထည်ရက်ပြီးသည့်အဆင့်အထိ လုပ်ပုံကိုင်ပုံများကို အသေးစိတ် တွေ့မြင်ရသည်။ ရက်ကန်းစင်မှာ တိုင်ချည်များ အလျားလိုက်တန်း ထားပြီး လွန်းအိမ်မှာ ထည့်ထား သော ဖောက်ချည်ဖြင့် အဆင်အ ကွက်ပေါ်အောင် ရက်နေစဉ် ချည် မျှင်တွေကြားမှာ လွန်းအိမ်ကလေး ခေါက်ရေးခေါက်ပြန် သွားနေပုံ၊ ရက် ကန်းရက်သူက ခြေနင်းကို နင်းလိုက်၊ လက်ခတ်ကိုဆွဲလိုက် လုပ်နေစဉ် ‘လက်ခတ်သံ’ကလေး စည်းကျ ဝါးကျထွက်လာပုံတို့ကို မြင်ရကြားရ သည်မှာ ပျော်စရာကောင်းပါသည်။ ရက်ကန်းရက်နေသည့် မြင်ကွင်းကို ယခင်က မမြင်ဖူးသည့်အတွက် စိတ် ဝင်တစား သွားကြည့်ရပါသည်။ သူတို့ရှင်းပြသည့်အတွက် ‘ရင်သွား’ တို့၊ ‘နှတ်’တို့ကိုလည်း သိသွားပါသည်။

ရွာမှာ နည်းနည်းအနေကြာလာ တော့ ထန်းလျက်ချက်ပုံကိုလည်း အနီးကပ် မြင်ရသည်။ ထန်းတဲများ တွင် အပင်မှချလာသော မြူအိုးထဲက ထန်းရည်ချိုများကို ဒယ်ကြီးထဲထည့် ပြီး ထန်းလျက်ချက်ကြသည်။ ထန်း လျက်တွေ ခဲခါနီး ခပ်ပျော့ပျော့အနေ အထားတွင် ဒယ်အိုးကြီးထဲက မခဲ တခဲ ထန်းလျက်ကို ထန်းခွက်က လေးဖြင့်ကော်ပြီး စားရသည့် အတွေ့ အကြုံမှာလည်း ထူခြားပါသည်။

ဒေါ်လေးတို့အိမ်ကို အောက် ပြည်အောက်ရွာက ဧည့်သည်တွေ ရောက်လာသည်ဟု သတင်းကြား သည့်နှင့် ရွာသူရွာသားများက အိမ် သို့လာပြီး နှုတ်ဆက်ကြသည်။ ဖော် ဖော်ရွေရွေ ပြောကြဆိုကြသည်။ ထမင်းဖိတ်ကျွေးကြသည်။ ကျွန် တော်တို့ ညီအစ်ကိုနှင့် ရွယ်တူများက လည်း ကစားဖော်အဖြစ် မိတ်ဖွဲ့ကြ သည်။ ရွာသူရွာသားများ၏ ဖော်ရွေ နွေးထွေးသော ဆက်ဆံရေးကြောင့် ကျွန်တော်တို့ပျော်သွားပါသည်။

ကျွန်တော်တို့ ပင့်လာသော ဦးပဉ္ဇင်းကို ဒေါ်လေးတို့ ကိုးကွယ် သော ‘အုတ်ဖိုကျောင်း’ခေါ်သည့် ဘုန်းကြီးကျောင်းမှာ သီတင်းသုံးဖို့ စီစဉ်ပေးကြသည်။ ကျွန်တော်တို့ ညီအစ်ကိုလည်း အုတ်ဖိုကျောင်းက ဦးပဉ္ဇင်းကြီးထံ အပ်လိုက်ရာ ဦးပဉ္ဇင်း ကြီးက ‘ဆယ်စောင်တွဲ’စာအုပ်မှ ပရိတ်ကြီး ၁၁ သုတ်ကို သင်ပေး သည်။ ပရိတ်ကြီး ပါဠိတော်များကို သစ်သားသင်ပုန်းတွင် ကျောက်တံနှင့် ကူးရေးပြီး အလွတ်ကျက်ရသည်။ စာရလျှင် ဦးပဉ္ဇင်းရှေ့မှာ စာပြန်ဆို ရသည်။ တစ်ပုဒ်ရလျှင် နောက်တစ် ပုဒ် အသစ်တက်ရသည်။ လေး ထောင့်ပုံအလျှားရှည်ရှည်၊ အနံတိုတို သစ်သားသင်ပုန်းကို မီးသွေးနှင့် ထမင်းရည်ရော၍ ပွတ်ပြီးနေလှန်း ကာ အခြောက်ခံပြီးလျှင် ကျောက်တံ ဖြင့် ရေး၍ရသည်။ ကံ့ကူဆန်ဖြင့် ရေးလျှင် ပိုချောမွတ်သည်။ ဖျက်ချင် လျှင် ရေနှင့် ပြန်ဖျက်ပြီး မီးသွေးဖြင့် ပွတ်ပြီး ချေဖျက်ရသည်။ ကျွန်တော့် တို့ ရွာမှာတုန်းက ကျောက်သင်ပုန်း ဖြင့် စာရေးရသော်လည်း ယခုသစ် သား သင်ပုန်းဖြင့် စာရေးရသည့် အတွက် တစ်မျိုးထူးခြားပါသည်။

ကျွန်တော်တို့ ဦးပဉ္ဇင်းက အတန်းကျောင်းဖွင့်ပြီး စတုတ္ထတန်း အထိ သင်ပေးမည့် အစီအစဉ်ကို ဆရာတော်အား လျှောက်ထားရာ ဆရာတော်က ဝမ်းသာအားရလက်ခံ သည်။ ရွာမှာ မူလတန်းကျောင်းရှိပြီး ဖြစ်သော်လည်း ကျောင်းတစ်ကျောင်း ထပ်တိုးလျှင် ရွာအတွက် အကျိုးရှိ သည်ဟု သဘောထားပြီး အားပေး သည်။ သို့ဖြင့် အုတ်ဖိုကျောင်းမှာ မူလတန်းကျောင်းအဖြစ် အသွင် ပြောင်းသွားသည်။ ကျောင်းမကြီး ဘေးက ဆွမ်းစား ကျောင်းကလေးမှာ မူလတန်းကျောင်းဖွင့်သည်။ ဦးပဉ္ဇင်း က ရွာမှ လူကြီးများနှင့် တိုင်ပင်ပြီး ကျောင်းကိုအုပ်ချုပ်သည်။ ကိုယ် တိုင်လည်း ဘာသာစုံသင်ပေးသည်။ ရွာသူရွာသားများကလည်း အားပေး သဖြင့် ကျောင်းမှာ စည်စည်ကားကား ဖြစ်လာပါသည်။ အင်းကန်ရွာသည် လည်း ရဲဘော်ဖြူများ၏ လက် အောက်မှာ ရှိနေရာ တစ်ခါတွင် ရဲဘော်ဖြူအစိုးရ က ခန့်ထားသော ပညာအုပ်က ကျောင်းကိုလာစစ်ဆေး ပြီး အကြံဥာဏ်ပေးသည်ကို မှတ်မိ နေပါသည်။

ဦးလေးဦးဒီပက အလွန်အေး သည်။ မိတ်ဆွေများနှင့် တရားဆွေး နွေးနေသည်ကို မကြာခဏ တွေ့ရ သည်။ ယာလုပ်ငန်းကိုလည်း စီမံ ကွပ်ကဲပေးရုံသာ လုပ်ရပြီး တပည့် များက ဆောင်ရွက်ပေးသည်။ ဒေါ် လေးနှင့် မမခင်ခင်က အိမ်မှုကိစ္စ များကို ဆောင်ရွက်သည်။ ရွာမှာ ပွဲလမ်းရှိလျှင် ဒေါ်လေးတို့ အိမ်ဝင်း ထဲမှာ ဆိုကြကကြ ယိမ်းလိုက်ကြနှင့် စည်ကားနေသည်။ အိမ်ရှေ့နားက ကိုကျော်ဇေယျဆိုသူမှာ အဆိုအတီး ကောင်းသည်။ တစ်ခါတွင် ညသန်း ကောင်လောက် အိပ်ရာမှ နိုးလာချိန် ၌ ကိုကျော်ဇေယျ၏ တယောသံနှင့် အတူ လွမ်းစဖွယ်သီချင်းကြီး တစ် ပုဒ်ကို ဆိုနေသည့်အသံကို ကြား လိုက်ရသည့်အတွက် စိတ်ထဲမှာ လွမ်းဆွတ်ကြည်နူးသွားသည်ကို သတိရနေပါသည်။

ကစားဖော်သူငယ်ချင်းတွေ လည်း အများကြီးရှိပါသည်။ အများ စုမှာ သျှောင်ထုံးကလေးတွေနှင့်ဖြစ် သည့်အတွက် စရောက်စက သူတို့ ကို မိန်းကလေးတွေဟု ထင်မိသည်။ သူတို့ခါးတောင်းကျိုက်ပြီး သစ်ပင် တက်နေတာ၊ ခြင်းခတ်နေတာကို နောင်အခါမြင်ရတော့မှ ယောက်ျား ကလေးတွေမှန်း သိသွားပါသည်။

သီတင်းကျွတ်၊ တန်ဆောင်မုန်း ရောက်ပြီဆိုလျှင် အိမ်မှာမီးပုံးတွေ လုပ်ကြသည်။ ရှေ့မှာ ‘ဗုဒ္ဓံပူဇေမိ’ဟု ရောင်စုံစာလုံးဖော်ပြီး နောက်က ဖယောင်းတိုင်ထွန်းထားသော မီးပုံး နှင့်အတူ မီးပုံးရောင်စုံချိတ်ဆွဲကြ သည်။ မီးပုံးတွေကိုင်ထားသူများ တန်းစီပြီးရှေ့ဆုံးမှာ နဂါးခေါင်း သဏ္ဌာန် မီးထွန်းကာ လှည့်လည် ပူဇော်သော ‘မီးကြာလှည့်ပွဲ’ ခေါ် ‘မီးနဂါးလှည့်ပွဲ’မှာလည်း ပျော်စရာ ကောင်းသည်။ အတီးအမှုတ်များဖြင့် နဂါးကြီး ရွာထဲတွင် လှည့်နေပုံမှာ အသက်ဝင်ပါသည်။ နောက်က မီးပုံး ကိုင်ထားသော လူတန်းကြီးရှည်လျှင် ရှည်သလောက် နဂါးကိုယ်လုံးကြီးက လည်းရှည်ပါသည်။ အောက်ပြည် အောက်ရွာမှာ မတွေ့ဖူးသည့်မြင် ကွင်းဖြစ်သည်။

အုတ်ဖိုကျောင်းနားမှာ စေတီ တစ်ဆူရှိသည်။ ပင်း၊ နတ်မောက်၊ ကျောက်ပန်းတောင်း သုံးမြို့ဝန်၏ ကောင်းမှုဖြစ်ကြောင်း လူကြီးတွေ ပြောသည်ကိုကြားရသည်။ ‘သုံးမြို့ ဝန်’ဆိုသော စကားကို မကြာခဏ ပြောကြဆိုကြပါသည်။

အင်းကန်မှာနေစဉ်က ရေနံ ချောင်းသို့ မကြာခဏ ရောက်သည်။ ဒေါ်လေးတို့နှင့် အမျိုးတော်သော ဦးနိုင်ဦးမှာ အင်းကန်သို့ မကြာခဏ လာသည်။ ကျွန်တော်တို့မိသားစု ရေနံချောင်းသို့ အလည်အပတ် သွားသောအခါ ဦးနိုင်ဦး၏အိမ်မှာ တည်းရသည်။ နေရာတော့ မမှတ်မိ တော့ပါ။ အိမ်က သုံးထပ်တိုက်ဖြစ် သည်။ ဦးနိုင်ဦးမှာ ဒေါ်မိလေးနှင့် ဒေါ်တင်အေးဆိုသော ညီမနှစ် ယောက်ရှိသည်။ တူ၊ တူမများဖြစ် သော မောင်ကျော်ဝင်းနှင့် မြင့်မြင့်မှာ ကျွန်တော်တို့အရွယ်လောက်ဖြစ်၍ ကစားဖော်များအဖြစ် မင်ခင်ပါသည်။

အင်းကန်နားက ရွှေပန်းတော ရွာမှာ အမေနှင့် အဖေတူအမေကွဲ မောင်ဖြစ်သော ဦးလေးဦးဘရင်ရှိ သည်။ သူတို့ရွာသို့လည်း မကြာခဏ သွား လည်ရပါသည်။ တစ်ခါတွင် ရွှေပန်းတောရွာမှာတွေ့ဆုံပြီး ခင်မင်သွားသော အမျိုးသမီးတစ် ယောက်က သူတို့ရွာကို အလည်ခေါ် သဖြင့် ကျွန်တော်တို့ လိုက်သွားကြ သည်။ ရွာနာမည်က သင်ပန်းတော ဖြစ်သည်။ ရွာရောက်အောင် လယ် ကွက်တွေဖြတ်ပြီး တော်တော်လမ်း လျှောက်ရသည်။ ရွာရောက်တော့ အမျိုးသမီးက ဂရုတစိုက် ကျွေးမွေး ဧည့်ခံသည်။ မနီးမဝေးမှာရှိသော ‘ပင်းမြို့ဟောင်း’ သို့လည်း လိုက်ပို့ သည်။ ဘုရားများလည်း ဖူးရသည်။ ဘကြီးတစ်ယောက်က ပင်းမြို့သမိုင်း နှင့် ကဗျာများကို မှတ်သားဖွယ် ရွတ် ဆိုပြောပြသည်ကို မှတ်မိနေပါသည်။ ရှေးဟောင်းသမိုင်းဝင်မြို့ဖြစ်သည်ဟု သိရသည်။ အထူးသဖြင့် ‘ပင်းရွှေ ညောင်တော်’ ဟုခေါ်သော ညောင် ပင်ကြီးကိုလည်း ဖူးရသည်။ သီဟိုဠ်မှ ညောင်တော်ကို ပင့်လာပြီး စိုက်ပျိုး သည့်အကြောင်း ဘကြီးရွတ်ဆိုပြ သည့် ကဗျာမှာပါသည်။ အရင် ကတော့ ကဗျာကို အစအဆုံး အလွတ်ရပါသည်။ ယခုပြန်စဉ်းစား ကြည့်တော့ ‘သီဟိုဠ်ပြည် ညောင် တော်ပင့်စဉ်က’ ဆိုသော အပိုဒ်နှင့် ‘ဌာန်ဌာန်မှာနတ်ပြည် တိုင်းတို့လို၊ နှိုင်းရန်ဖို့ကောင်း’ဆိုသော အပိုဒ် ကိုသာ မှတ်မိပါတော့သည်။

ရွာပြင်မှာ ချောင်းကလေးတစ်ခု ရှိသည်။ တခြားရွာကို သွားလည်ပြီး အန်းကန်သို့အပြန်တွင် ချောင်းက လေးကို ဖြတ်ပြီး လမ်းလျှောက်ကူး ရသည်မှာလည်း ပျော်စရာကောင်း ပါသည်။

မောင်ခင်မင်(ဓနုဖြူ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*