ရန်သူများကို အိမ်မက်မက် ခြင်း

ရန်သူများကို အိမ်မက်မက် ခြင်း
May 23, 2018 Leanne Win
ရန်သူများကို အိမ်မက်မက် ခြင်း

(၁)
‘လူဆန်ခြင်း’
ဘဝမှာမရခဲ့တာတွေ အများကြီးအတွက်
တစ်ဝက်နောင်တနဲ့ နေထိုင်တယ်
စိတ်မကုန်နိုင်သေးသော
ကမ္ဘာကြီးမိုက်လုံးကြီးမှုတွေအတွက်
ခွင့်လွှတ်ပါ။

လှသန်း
ကြိုးစားသလောက် မရခဲ့သည့် အရာများအတွက် တစ်ဝက်နောင်တ နှင့် နေထိုင်ရသော ကမ္ဘာကြီး၊ ကျွန် တော်တို့တစ်တွေ၏ စိတ်ကုန်လည်း ခဏ၊ များသောအားဖြင့် စိတ်မကုန် နိုင်သေးသည့် ကမ္ဘာကြီး။

ထိုကမ္ဘာကြီးထဲက ဆောင်းနှင်း လွန်စ သမယ၊ နွေဦးသစ်သည် ဓား ပါးပါးကလေးတစ်လက်နှင့် အရေ ပြားကို မွှမ်းသလို ကျရောက်လာခဲ့ ၏။ ကျောက်ဖြစ်လုမတတ် ဆာ လောင်မှုများကို ရင်ဝယ်ပိုက်လျက် သန်းပေါင်းများစွာသော ဝေဒနာကို လောကလမ်းမပေါ်ဝယ် ပုတီးစေ့ များသဖွယ် လွင့်ကြဲကျနေခဲ့ကြ၏။

‘ချမ်းသာသုခကိုသာ မျှဝေလို ပါတယ်’ဟု သေငယ်ဇောနှင့် မြောနေ သည့် ဖြူဖြူဖွေးဖွေးသူတော်စင် ပုတီးစေ့များက အော်ဟစ်ကြွေးကြော် သွားခဲ့ကြ၏။ လမ်းထောင့် မိလ္လာတွင်း ဟောင်းနံဘေး ယုတ်မာခြင်း အမှိုက် ပုံမှာတော့ စားကြွင်းစားယာ စကာ တစ်ယောက်။ သူနှင့်မတော်သည့် သူ တော်ကောင်းဝတ်စုံကို ပုံပျက် ပန်း ပျက် ဝတ်ဆင်ထားပြီး

‘အိပ်မက်ဝအောင် မက်ထားကြ’
ဟု သွေးရူးသွေးတန်း အော်ဟစ် နေ၏။ လူထုက သူ့ကိုဘာမှထိခိုက် အောင် မလုပ်နိုင်ဘူး။ သူနှင့်လူထု ကြား၌ ကြောက်ရွံ့ခြင်းနံရံကြီး ခြား ထားသည်ဟု သူကယုံကြည်နေ၏။

ထိုနံရံသည် ရွံ့ရှာစက်ဆုပ်ခြင်း နံရံအဖြစ်သို့ ပြောင်းလဲသွားပြီဆို သော အချက်ကိုတော့ အန္ဓမြူတွေ ဝေ့နေခဲ့၍ သူမမြင်နိုင်ခဲ့။ ကျွန်တော် တို့ကတော့ သုညရပ်ကွက်ထဲသို့ သုညအိမ်ထောင်စုတစ်စု ထပ်ပြောင်း လာသကဲ့သို့ ခံစားနေရ၏။ အိပ်ရေး လည်း ဝဝအိပ်ပါမည်။ အိပ်မက် လည်း ဝဝမက်ပါမည်။

ကျွန်တော်တို့၏ သန်းပေါင်းများ စွာသော ဝေဒနာမျက်လုံးများအတွက် ညတာသည် သံသရာနှင့်အပြိုင် ရှည် လျားနေဆဲသာရှိသေး၏။ ရှာဖွေ၍ ရသလောက်သော လူသားဆန်မှု ကလေးများဖြင့် ဘဝကို ကျားကန် ထားကြရ၏။
သို့နှင့် အချိန်တွေက ကုန်လှပေပြီ။

‘အချိန်ကုန်တယ်ဆိုတာအချိန်တစ်ခုတည်းကုန်ဆုံးသွားတာမဟုတ်ဘူး။ နုပျိုမှုတွေ၊ အင်အားတွေပါ အချိန်နဲ့ အတူတူကုန်ဆုံးသွားတာမျိုးပါ’ဟူ သော ဘုရားအလောင်းတော် တေမိ မင်းသား၏စကားကို ကျွန်တော် သတိရမိ၏။

(၂)
‘မျှော်လင့်ချက်ဆိုတာလည်း လှေမှာ ချည်ထားတဲ့ကြိုးလို တဖြည်းဖြည်း ဆွေးမြေ့သွားခဲ့ပါပြီဗျာ’ဟု ချောင်း၏တစ်ဖက်ကမ်းသို့ လှမ်းမျှော်ကြည့်သူ ကူးတို့သမားက ညည်း၏။

“ဒီတံတားကြီးမဆောက်ခင် ကာလတုန်းက ဒီချောင်းရိုးတစ်ခွင်မှာ ကျွန်တော် ဘုရင်ပါပဲ။ တစ်ဖက်ကမ်း ကိုကူးချင်ရင် ကျွန်တော့်ဆီပဲ ဦး တည်ကြရတာပေါ့။ ကူးတို့ပို့လို့ရတဲ့ ငွေနဲ့ ကလေးတွေကို ကျောင်းကောင်း ကောင်းထားနိုင်ခဲ့တယ်။ တံတားကြီး လည်း ပေါ်လာရော လှေကိုပစ်ထား လိုက်ရပါလေရော။ ကလေးတွေလည်း ပန်းရန်ထဲ လိုက်သူလိုက်၊ ဘီယာဆိုင် ဝိတ်တာလုပ်သူလုပ်ပေါ့ဗျာ။ ပညာ ရေးကတော့ တစ်ပိုင်း တစ်စနဲ့ပေါ့”

ခင်ဗျားကရော တခြားဘာအ လုပ်မှ မလုပ်ဘူးလားဟု ကူးတို့သမား ကြီးကို မေးကြည့်မိ၏။

‘နှစ်ရှည်လများ ကူးတို့ခတ်နေ ရာကနေ ရုတ်တရက်နားလိုက်တဲ့ အခါ ကျတော့ ကျန်းမာရေးက အ တော်ဖောက်ပြန်သွားတယ်ဗျ။ အထူး သဖြင့်တော့ ခါးတွေ၊ လက်ပြင်တွေ နာကျင်ကိုက်ခဲပြီး ဘာမှမလုပ်ချင်၊ မကိုင်ချင်ဖြစ်တော့တာပဲ။ အခံရဆိုး ပါတယ်ဗျာ။ ပြောင်းလဲမှုတိုင်းမှာ ဒဏ်ရာတွေရှိတယ်လို့ဆိုရတော့မလို ပါပဲ။ အခုတော့ မိန်းက ရပ်ကွက်လမ်း ထိပ်မှာ လမ်းသရဲမုန့်ရောင်းတယ်ဗျာ။ အဲဒါ ကျွန်တော်က လိုက်ကူရောင်း တယ်။ ကူရောင်းတယ်ဆိုပေမယ့် ကျီးခြောက်၊ြ<ွကက်မောင်းပါပဲဗျာ။ ဟုတ်တိပတ်တိတော့ ဘာမှတတ်နိုင် တာမဟုတ်ပါဘူး’

ကူးတို့သမားအငြိမ်းစားကြီးက စကားဝါဆေးပေါ့လိပ်တိုလေးကို မီး ညှိ၏။ ဂတ်စ်မီးခြစ်ကို အားနှင့်ဖိခြစ် လိုက်ရာ မီးခြစ်ကျောက်က ခုန်ထွက် သွားလေ၏။

“တရုတ်မီးခြစ်လေ။ တစ်ရာပဲ ပေးရတယ်။ ယိုးဒယားက ပိုကောင်း တယ်။ တစ်ရာ့ငါးဆယ်။ တချို့ဆိုင် တွေမှာ်တော့ နှစ်ရာဆိုလားပဲ။ ကျွန် တော့်အဖို ငါးဆယ်တစ်ရာလည်း ချွေတာရတာပဲ။ စကားဝါနှစ်လိပ် ဖိုးလောက် ထွက်လာရင်ကို မဆိုးဘူး တွက်နေရတဲ့ဘဝ”

ကျွန်တော့်လွယ်အိတ်ထဲက ဇစ်ပိုမီးခြစ်ကို ထုတ်ပေးလိုက်၏။ ဇစ်ပိုဆီဘူးနှင့် တခြားဆက်စပ် ပစ္စည်းကလေးတွေပါ ထုတ်ပေးလိုက် ၏။ ကျွန်တော့်ရည်းစားဦးက ကျွန် တော့်ကို မွေးနေ့လက်ဆောင်ပေး ထားသည့် မီးခြစ်ကလေး။ မီးခြစ် ကိုယ်ထည်တွင် မြွေနှစ်ကောင် အသည်းပုံကို ရစ်ပတ်ထားသည့်ပုံ ထွင်းထုထား၏။

“အပိုင်ယူထားလိုက်ဗျာ”

ထိုကူးတို့သမားကြီး ပျော်ရွှင် သွားပုံကို ကျွန်တော်စာဖြင့် ရေးမပြ တတ်ပါ။ ကမ္ဘာဦးတုန်းက ပထမဦး ဆုံးမီးကို စတင်တွေ့ရှိသူလောက် နီးနီး သူပျော်သွားမည်ထင်၏။

“ဟာ အမေဒစ်ကန်လုပ်ပဲ”ဟူ သော အသံကိုကြားရလျှင် သူဘယ် လောက်ပျော်ရွှင်သွားသလဲဆိုသော အချက်ကို ခန့်မှန်းနိုင်လိမ့်မည်ထင် ပါ၏။ သူတစ်ပါးပျော်ရွှင်စေမည့် အလုပ်ကို သေးသေးကလေးမျှ လုပ် နိုင်ခဲ့စေကာမူ စာရေးဆရာ မောင် သိန်းတန်အကြောင်း ဆရာမင်းသစ် ရေးသည်ကို ဖျတ်ခနဲသတိရမိ၏။ ဆရာမောင်သိန်းသည် ဝတ်ထား သည့် စိန်လက်စွပ်ကိုချွတ်ပြီး ရုပ်ရှင် ရုံရှေ့ လူအုပ်ထဲလှမ်းပစ်လိုက်သည် ဟုဆို၏။ ခင်ဗျားဘယ်လိုလုပ်လိုက် တာလဲဟု မေးသည့်အခါ “ကောက် ရတဲ့သူအဖို့ အတော်ပျော်သွားမှာပဲ ဗျ”ဟု ပြောကာ ပြုံးနေသောဟူ၏။

နောက်ဆက်တွဲသိရသည်မှာ ထိုစိန်လက်စွပ်ကို နယ်ကတက်လာ သည့် လက်ထပ်ပြီးခါစ ဇနီးမောင်နှံ ကောက်ရသွားခဲ့ကြသည်ဟူသော အချက်ပင်ဖြစ်၏။ ကျွန်တော်တို့ လူ့ အဖွဲ့အစည်းတွင် ကိုယ့်ကြောင့် တစ် ယောက်ယောက်တော့ စိတ်ချမ်းသာ ပါစေဟု နေ့စဉ်တွေးတောသူ တွေး သည့်အတိုင်း အကောင်အထည် ဖော်သူတွေ ပေါများလာပါလျှင် အလွန်တရာ နေပျော်သောဘဝကို ပိုင်ဆိုင်ခွင့် ရရှိကြမည်ဟု ကျွန်တော် ယုံကြည်၏။

(၃)
ရာသီကား နွေဧရိယာထဲမှာပင် ရှိနေဆဲဖြစ်ပါ၏။ စိတ်ပျော်သည်၊ မပျော်သည်ထက် လူတွေအရည်ပျော် မသွားကြစေရန် အလွန်အကျွံ ဂရု စိုက်နေကြရ၏။ တပေါင်းတန်ခူး မိုးသားကြူးဆိုသည့် ကာလပင်ဖြစ် ၏။ မြန်မာလတွေထဲက တပေါင်းဆို သော လအကြောင်းကို ကျွန်တော် စဉ်းစားနေမိ၏။ လောကကြီးထဲ၌ ကျွန်တော်တို့တစ်တွေ သိသလိုလိုနှင့် မသိသောအရာများစွာ ရှိနေ၏။ သိ ချင်သောအရာများကို သေသေချာ ချာသိဖို့ ကြိုးစားနေကြရင်းပင် သေဆုံးသွားကြရသည်သာဖြစ်၏။

တပေါင်းလကို ရှေးအခါတုန်း ကတော့ ထန်းပေါင်းလဟု ခေါ်ဆို ခဲ့ကြကြောင်း ရှေးစာပေမှတ်တမ်း များ၌ တွေ့ရပါ၏။

“မြိုင်ခြေငယ်သင်းပါလို့၊ အင် ကြင်းငယ်ရွှေဖီ၊ ဝတ်မှုန်ငယ်စီသည်၊ မြနဒီသောင်တခိုက မောင်မယ်ညို မြူးပြန်တော့တယ်လေး”ဟု မဟာ အတုလမင်းကြီးက တပေါင်းလကို ဖွဲ့၏။ မြန်မာ့တစ်ဆယ့်နှစ်လတွင် တ ပေါင်းလသည် တောင်သူလယ်သမား တို့ မြူးတူးပျော်ရွှင်စိတ်ကြည်လင် လှသော လတစ်လဖြစ်သည်ဟုလည်း ဆိုကြ၏။

ဤသို့သောရာသီဝယ် တောင် သူလယ်သမားကြီးများ၏ နေရာဒေ သတစ်ဝိုက်ဖြစ်သော တောင်၊ တော ရဂုံ၊ စုံမြိုင်ခင်တန်းတစ်လျှောက်ရှိ သီးတတ်သောအပင်၊ ပွင့်တတ်သော အပင်အမျိုးမျိုးတို့သည် သီးကြပွင့် ကြပေ၏။ ကျေးသံငှက်သံတစ်စီစီနှင့် ဂိမာန်ရက်ပြောင်းလတပေါင်းသည် လွန်စွာမှ ပျော်ဖို့ကောင်းသည်ဟု ရှေးစာကဆို၏။ မြတ်ဗုဒ္ဓ၏ ဖွားဖက် တော် ကာဠုဒါယီမထေရ်မြတ်သည် လည်း တပေါင်းလ၏ သာယာပုံကို ဂါထာ ၆ဝ ခေါ် ကဗျာ ၆ဝ ထဲ၌ ထည့်သွင်းရေးစပ်တော်မူခဲ့၏။ ဤလ ဤရာသီတွင် သဲပုံစေတီပွဲများ၊ ဆွမ်း တော်ကြီးတင်ပွဲများ ကျင်းပပြုလုပ် ကြသည်ဟုလည်း ဆိုပါ၏။

ရှုလိုက်ကြနော်
မျှော်လိုက်ကြစမ်း
တိမ်ယံမှာ ဗုံသံလှိမ့်
မိုးနိမ့်ခမန်း။

ကျေးလက်နေပြည်သူတို့သည် တစ်မိုးလုံးတစ်ဆောင်းလုံး ကုန်းရုန်း လုပ်ကိုင်ခဲ့ရသော အလုပ်ခွင် ပင်ပန်း မှုကိုဤလ ဤရာသီဝယ်ပွဲလမ်းသ ဘင်များ စွမ်းနိုင်သလောက် ကျင်းပ ကာ စိတ်အပန်းဖြေကြသည်ဟုဆို၏။ သို့သော် စိတ်လွတ်ကိုယ်လွတ် အကု သိုလ် ဗရဗျစ်နှင့်ပျော်ကြသည်တော့ မဟုတ်။

မြန်မာလူထုသည် မမေ့သော သတိတရားနှင့် မွေးဖွားပြီး ကြီးပြင်း လာသည့် လူထုဖြစ်သည့်အားလျော် စွာ ကုသိုလ်ရအောင် ပျော်တတ်ကြ ၏။ သားရှင်ပြု၊ သမီးနားထွင်း၊ ဘု ရားပွဲ၊ ပဋ္ဌာန်းပွဲများ ကျင်းပကာ အိုး စည်ဗုံမောင်းနှင့်ပျော်ကြ၏။ ကျွန် တော်နှင့် ဆယ်စုနှစ်နှစ်ခုစာ ဝေးကွာ နေခဲ့ပြီဖြစ်သောရွာကလေး တစ်ရွာ ဆီလှမ်း၍ အာရုံပြုမိ၏။ ကျောင်း နေဖက်သူငယ်ချင်း တောင်သူတွေ ပျော်နေကြပေတော့မည်။ နှစ်တိုင်း လိုပင်”ဘုရားပွဲရှိတယ် ပြန်လာပါဦး။ ပဋ္ဌာန်းပွဲရှိတယ် ပြန်လာပါဦး။ အလှူ ရှိတယ်။ စိန်ရဲဦးဇာတ်ဌားထားတယ်။ မင်းသမီးက ပန်တျာဇူးဇူးမွန်လေ ပွဲ ကြည့်လာပါဦး”ဟူသော တယ်လီ ဖုန်းများ လက်ခံရရှိတတ်၏။

(၄)
‘ရန်သူ’
တစ်နေ့
င့ါလမ်းကလေးအတိုင်း
ငါပြန်အလာ
နောက်မှာ ရန်သူဆိုတာနဲ့
ခုခံဖို့လှည့်အကြည့်
ရုတ်တရက်
င့ါမှာအံ့သြမှင်တက်သွား

သြော် . . .
ရန်သူဆိုတာ
စောစောကပဲ
ငါ့အိမ်ထဲ
ထမင်းဝင်စားသွားတဲ့သူ။
မိုဃ်းဇော်
ရနံ့သစ်မဂ္ဂဇင်း၊ ဇန်နဝါရီလ ၂ဝ၁၂

တပေါင်းနွေနေပူထဲ ရွာက ဖုန်း လာလေမလားမျှော်ရင်း ကဗျာတွေ ဖတ်နေမိ၏။ ကဗျာဖတ်တော့ ဆရာ ကြီးမင်းသုဝဏ်၏ စာတစ်ပိုဒ်ကို သတိရမိ၏။

“ကဗျာဆရာတို့၏ ကွန့်မြူး သော Óဏ်သည် ဆန်းကြယ်သည်။ မိမိတို့၏ရင်ထဲတွင် သိုဝှက်မထား နိုင်လောက်အောင် အကြောင်းတစ် ရပ်ပေါ်ပေါက်လာပါက ထိုအ ကြောင်းကို လူတစ်ဖက်သားသဘော ကျအောင်၊ သင့်လျော်သော စကား တန်ဆာဖြင့်ဆင်၍ သူတို့ဘယ်က ရှာလာသည်ဟူ၍ကား မပြောတတ် ပေ။ ဖွဲ့နွဲ့ဖို့ရန်ကိစ္စ ပေါ်လာလျှင် ဖွဲ့နွဲ့ဖို့ရန် စကားလည်းစိမ့်ယိုထွက် ပေါ်လာတော့သည်။ သားသူငယ်ကို မြင်လျှင် မိခင်၏ရင်သားမှ နို့ရည်ချို စီးယိုထွက်လာသကဲ့သို့ပင်ဖြစ်သည် ဟု ဆိုရမည်ဖြစ်၏” ဟူသော တန်ခူးလအကြောင်း အစမ်းစာထဲမှ စာပိုဒ်ဖြစ်၏။ သက္ကတကျမ်းထဲမှာ တော့ ဘရတမုနိက…

ကဗျာဆရာသည် တန်ခိုးရှင် ဖန်ဆင်းရှင်ထက်ပင် တန်ခိုးကြီးသည် ဟုဆို၏။ ဘရတမုနိ ပိုလွန်းသည် ဟုမဆိုသာပါ။ ကဗျာဆရာနှင့် ပတ် သက်သည့်အဆိုအမိန့်များသည် ခမ်းနားကြသည်သာ ဖြစ်ပါ၏။

“ကဗျာဆိုတာ
ပီတိနဲ့စပြီး ပညာနဲ့ဆုံးတယ်”ဟု အမေရိန်ကန်ကဗျာဆရာကြီး ရောဘတ်ဖရော့စ်က ဖွင့်ဆိုဖူး၏။ ကဗျာကိုယ်၌က သာမညမဟုတ်။ ခမ်းနားသည့် စာပေအမျိုးစားတစ် ခုဖြစ်၏။ ထို့ကြောင် ကဗျာရေးဖွဲ့ သူ ကဗျာဆရာ၊ ကဗျာဆရာမများသည် လည်း သာမညတွေမဟုတ်ကြဟု ဧကန်ယူဆရမည်ဖြစ်၏။

“ကဗျာဆရာဟူသည်
တော်လှန်ရေးသမား
လမ်းသစ်ထွင်သူများဖြစ်သည်”
ဟူသော ပလေတို၏ အဆိုအမိန့်ကို ထောက်ဆလျှင် သိသာထင်ရှား၏။ ကဗျာဖတ်နေစဉ် ရွာကနှမဆီမှ ဖုန်း ဝင်လာ၏။ ကွမ်းဈေးမကောင်း ကြောင်း၊ ပဲနှင့်နှမ်း ရောင်းရငွေက လေးတွေလည်း ဆွေမျိုးတစ်ယောက် က ချေးထားပြီး ပြန်မဆပ်ကြောင်း၊ ပြန်မဆပ်သည့်အပြင် အထက်အညာ ဆွေမျိုးများဆီတွင် သူ၏အတင်း များကို ပြောကြားနေကြောင်း၊ မူလ က တပေါင်းတွင်ပြုလုပ်မည်ဟု စီစဉ် ထားသော တူတွေရှင်ပြုမည့်ကိစ္စ၊ တူမကလေးတွေ နားသမည့်ကိစ္စ မလုပ်ဖြစ်တော့ကြောင်း ငိုသံပါကြီး ဖြင့် ပြောသွား၏။ ပြောသွားသည့် စကားတွေ အများကြီးထဲကမှ

“ရန်သူဆိုတာ ဆွေမျိုးထဲမှာ လည်း ရှိတာပါပဲအစ်ကိုရယ်။ ကိုယ် ကျွေးတာတွေစားပြီး ကိုယ့်ကိုဒုက္ခ ပေးမယ့်သူက ကိုယ့်အနီးနားမှာ ရှိ နေတတ်တာ သိလိုက်ရပြီ” ဆိုသော စကားကလေးက ကျွန်တော့်စိတ်အာ ရုံထဲ၌ ပဲ့တင်ထပ်ကျန်ခဲ့၏။ သည်နှစ် တော့ ဆွေမျိုးတို့အလှူပွဲ၏ ‘တိမ်ယံ မှာ ဗုံသံလှိမ့်၊ မိုးနိမ့်မခန်း’ကို ကျွန် တော်မကြုံရတော့ပါ။

(၅)
တပေါင်းညဦးကာလ။
မှေးခနဲအိပ်ပျော်သွားခိုက်တွင် ပူလောင်သည့် အိပ်မက်တစ်ခုမက် ၏။ တစ်ဝက်နောင်တရင်ဝယ်ပိုက် ထားသူချင်း လူသားဆန်စွာ ပျော်ရွှင် မှုတွေ မျှဝေနေစဉ်မှာ ရန်သူများ ရောက်ရှိလာကြသည်ဟူ၍ . . .။

ဆင်းရဲကင်းကြပါစေ။
အောင်မှူးဝေ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*