ကျွန်တော်နေခဲ့သော အိမ်(၂)

ကျွန်တော်နေခဲ့သော အိမ်(၂)
May 23, 2018 Leanne Win
ကျွန်တော်နေခဲ့သော အိမ်(၂)

ဇာတိမြေဖြစ်သော ကျုံတနီးရွာက အိမ်ကြီးကို စွန့်ခွာခဲ့ပြီးနောက် ရွာအခြေအနေ အေးချမ်းသွားသော အခါ မိခင်နှင့်အတူ တစ်ကြိမ်သာ ခေတ္တအလည်အပတ် ပြန်ရောက်ခဲ့ပြီး နောက်ထပ်လုံးဝမရောက်တော့ပါ။ အိမ်ကြီးလည်း မရှိတော့ပြီမို့ ပြန်သွား ချင်စိတ်လည်း မရှိတော့ပါ။ ၂ဝ၁၂ ခုနှစ်တွင်မူ ဇာတိရွာတွင် စာကြည့် တိုက်တစ်ခု တည်ထောင်ပေးဖြစ် သည့်အတွက် ကျွန်တော်တို့ မိသားစု တစ်ကြိမ်ပြန်ရောက်သည်။ အတူ လိုက်လာသော မြန်မာနိုင်ငံ စာကြည့် တိုက်အသင်းမှ ပုဂ္ဂိုလ်များက ‘ရွာ ပြန်မရောက်တာ ဘယ်လောက်ရှိပြီ လဲ’ဟု ကျွန်တော့်ကို မေးသောအခါ ‘သိပ်တော့ မကြာသေးပါဘူး။ နှစ် ၆ဝ ကျော်ပဲရှိပါသေးတယ်’ ဟု ကျွန်တော်က ပြန်ဖြေတော့ ‘ဟာ’ဟု အသံထွက်ပြီး ရယ်ကြသည်။ အမှတ် တရဖြစ်ရသည်ကတော့ ယခုမရှိ တော့ပြီဖြစ်သော ကျွန်တော်တို့အိမ် ၏ နေရာကွက်လပ်လေးက ယခုထိ ရှိနေသေးသော ရေတွင်းဟောင်းကြီး နားမှာ ကျွန်တော်တို့ မိသားစုဓာတ် ပုံရိုက်ခဲ့ခြင်းဖြစ်သည်။

ဓနုဖြူမြို့မှာ ကျွန်တော်လပိုင်း လောက်နေရသည့်အိမ်ကိုလည်း အမှတ်တရဖြစ်ပါသည်။ အစ်မဝမ်း ကွဲ မမအေးစိန်တို့ မိသားစု၏ အိမ် ဖြစ်သည်။ အစ်ကိုသိန်းတင်နှင့် မမ အေးစိန်တို့က ဓနုဖြူမြို့လေးထပ်ပိုင်း ရွှေဂူရပ်မှာနေကြသည်။ ကျွန်တော် တို့ ရွာပျက်သွားတော့ ထိုအိမ်မှာ တည်းခိုရင်း လပိုင်းလောက် နေထိုင် ရသည်။ အစ်ကိုသိန်းတင်မှာ ကွယ် လွန်သွားပြီဖြစ်သည်။ မမအေးစိန်၏ သားသမီးများဖြစ်သော မခင်အုန်း နှင့် မောင်မျိုးမြင့်တို့မှာ ကျွန်တော်တို့ ညီအစ်ကိုနှင့် ကစားဖော်ကစားဖက် ဖြစ်သည်။ လူကြီးတွေ စိတ်သောက ရောက်နေသော်လည်း ကျွန်တော်တို့ က ကလေးပီပီ ကစားကြ ငြင်းကြခုန် ကြနှင့် ပျော်ပျော်ရွှင်ရွှင်နေခဲ့ကြပါ သည်။ ကျွန်တော့်ဘဝတွင် ကာလ အတန်ကြာ နေထိုင်အိပ်စက်ခဲ့ရသော အိမ်တစ်အိမ်အဖြစ် အမှတ်ထင်ထင် ရှိခဲ့ပါသည်။

မကြာမီ ကျုံတနီးမှ အဒေါ်များ၊ အစ်မများလည်း ရောက်လာကြ သည်။ ရွာမီးရှို့ခံရပြီး သက်စွန့်ဆံဖျား ပြေးလွှားလာကြရခြင်းဖြစ်သည်။ လူ တွေများလာသည့်အတွက် မမအေး စိန်တို့ အိမ်မှာနေရသည်မှာ အားနာ စရာဖြစ်လာသည်။ ကျွန်တော့်အဒေါ် များ၏ မိတ်ဆွေဖြစ်သော ပွဲစားကြီး ‘ဦးတေယု’၏ အိမ်သို့ ကျွန်တော်တို့ အားလုံးပြောင်းကြသည်။ ပွဲစားကြီး က သူတို့အိမ်မှာ လာနေဖို့ လိုလို လားလားဖိတ်ခေါ်သောကြောင့် ဖြစ် သည်။ ပွဲစားကြီးတို့အိမ်မှာ ဧရာဝတီ မြစ်ကမ်းကို နောက်ကျောပေးထား သောအိမ်ဖြစ်သည်။ ကျွန်တော်တို့ မိ သားစုနှင့် အဒေါ်မိသားစုအိမ်သား အားလုံး ၆ ယောက်ရှိသည်။ ပွဲစား ကြီး၏ အိမ်မှာ စိတ်အေးလက်အေး နေထိုင်ကြရပါသည်။ ပွဲစားကြီးက ‘ဘာမှအားမနာကြပါနဲ့’ ဟု မကြာ ခဏပြောသည်။ အိမ်နောက်ဘက်က ကြည့်လျှင် ဧရာဝတီမြစ်မြင်ကွင်းကို အ ထင်းသားမြင်ရသည်။ ရေချိုးလျှင် မြစ်ထဲဆင်းချိုးကြရသည်။ ကျွန်တော် မှာ ရေမကူးတတ်သည့်အတွက် မြစ် ကမ်းနားမှာပဲ ဆော့ကစားရင်း ရေ ချိုးလေ့ရှိပါသည်။ ရေနက်ပိုင်းသို့ မသွားရဲပါ။ ကြောက်လည်း ကြောက် ပျော်လည်း ပျော်ပါသည်။

တိုင်းပြည်မအေးချမ်းသောကာ လဖြစ်၍ မကြာခဏထိတ်လန့်စရာ များ ကြားရသည်။ ဓနုဖြူကို ရဲဘော် ဖြူများ အုပ်ချုပ်နေသည်။ အနီး အနားရွာများမှာလည်း ရဲဘော်ဖြူ၊ ကေအင်ဒီဟို၊ ဗကပဟူသော အဖွဲ့ အစည်းများက သူတစ်လူ ငါတစ်မင်း ကြီးစိုးနေသောကာလဖြစ်သည်။ တစ်ခါတစ်ခါမြစ်ထဲမှာ လူသေ အလောင်းတွေ မျောလာသည်ကို လှမ်းပြီးမြင်ရသည်။ အသည်းတုန် အူတုန်မြင်ကွင်းများဖြစ်သည်။ ပွဲစား ကြီး ဦးတေယုမှာ သျှောင်ထုံးနှင့် ခံ့ညားသော ပုဂ္ဂိုလ်ဖြစ်သည်။ ကျွန်တော်တို့ လအတန်ကြာ အရိပ် ခိုခဲ့ရသော အိမ်တစ်အိမ်ဖြစ်ပါသည်။
နောက်တစ်ခါ ပြောင်းရသည့် အိမ်က တော်တော်ဝေးလံသွားပါသည်။ ရေနံချောင်းမြို့ ကိုရွှေတို့အိမ်ဖြစ် သည်။ အဖေသူပုန်များလက်ချက်ဖြင့် ကွယ်လွန်သွားသောအခါ အမေမှာ အလွန်စိတ်မချမ်းမသာဖြစ်ရသည်။ အထက်အညာဘက်မှာ အမေနှင့် ညီအစ်မတော်စပ်သော ဆွေမျိုးများရှိ သည်။ ရွာမှာရှိစဉ်ကတည်းက အလည် အပတ်လာဖို့ စာရေးဖူးသည်။ အမေ သည် စိတ်ပြေလက်ပျောက် အညာ သို့သွားရန် စိတ်ကူးရလာသည်။ ဆွေမျိုးများနေသော အင်းကန်ရွာကို ရေနံချောင်းမှ တစ်ဆင့်သွားရ ကြောင်း သိထားသည်။ အဆင်သင့် ချင်တော့ ရေနံချောင်းမှ လူငယ် တစ်စု ကျွန်တော့်အဖေနှင့် တစ်နေရာ မှာ တွေ့ဆုံခင်မင်ရာ အလည်လိုက် လာပြီး ကျုံတနီးက ကျွန်တော်တို့ အိမ်မှာ တော်တော်ကြာ ကြာတည်းခို နေထိုင်သွားဖူးသည်။ သူတို့ဆီလာ လည်ဖို့ ဖိတ်ခေါ်သွားသည်။ တစ် ယောက်နာမည်က ကိုရွှေဖြစ်သည်။ ဓနုဖြူမှာရှိနေစဉ် အမေက ကိုရွှေဆီ ကို စာရေးလိုက်ရာ ကိုရွှေက သင်္ဘော ဆိပ်မှာ လာကြိုနေပါမည်ဟု စာပြန် သည်။ သို့ဖြင့် ကျွန်တော်တို့ မိသားစု အညာသို့ ခရီးထွက်ကြသည်။ ဓနုဖြူမှ ဟင်္သာတသို့ သင်္ဘောဖြင့် တစ်ဆင့် သွားပြီး ဟင်္သာတမှ ရေနံချောင်းသို့ သင်္ဘောပြောင်းစီးရသည်။ သင်္ဘော နာမည်ကို မှတ်မိနေသည်။

‘ဆာ ကဆော့’တဲ့။ ဘာစကားမှန်းတော့ မသိပါ။ ၂ ထပ် သင်္ဘောဖြစ်သည်။ ချောင်ချောင်ချိချိ စီးရသည်။ သင်္ဘော အပေါ်ထပ် ကုန်းပတ်မှာ နေရာယူပြီး လိုက်ကြရသည်။ လမ်း တစ်လျှောက် မြို့များမှာ သင်္ဘောဆိုက်လျှင် မြို့ ပေါ်တက်ပြီး ချက်ပြုတ်စရာများ ဝယ် ကြသည်။ သင်္ဘောပေါ်မှာပင် မီးဖို ကိုယ်စီဖြင့် ချက်ပြုတ် စားသောက်ကြ သည်။ အမေရဟန်းခံထားသော ဦးပဉ္စင်းလည်း အတူလိုက်ပါလာသည့် အတွက် ဦးပဉ္စင်းကိုလည်း ဆွမ်းကပ် ရသည်။ အမေက သင်္ဘောဆိုက်လျှင် ဈေးဆင်းဝယ်လိုက် ချက်လိုက်ပြုတ် လိုက်နှင့် အလုပ်များနေပါသည်။ ကျွန်တော်က လမ်းတစ်လျှောက် ဖြတ် သန်းသော မြို့နာမည်များကို အစဉ် အတိုင်း မှတ်သားထားသည်။ ဟင်္သာ တ၊ ရွှေကျင်၊ ကနောင်၊ မြန်အောင်၊ ကြံခင်း၊ထုံးဘို၊ ကျီးသဲ၊ ပြည်၊ သရက်၊ အာလံ၊ မကွေး၊ ဆင်ပေါင်ဝဲ၊ မိ ကျောင်းရဲ စသည်ဖြင့် …။ ၅ ရက် လောက်ကြာတော့ ရေနံချောင်းဆိပ် ကမ်းကို ရောက်သည်။ မျှော်လင့် ထားသည့်အတိုင်း ဆိပ်ကမ်းမှာ မတ် တပ်ရပ်စောင့်နေသော ကိုရွှေကို တွေ့လိုက်ရသည့်အတွက် ဝမ်းသာ သွားကြပါသည်။

ကိုရွှေတို့အိမ်က မြေနီခင်ရပ် ကွက်မှာရှိသည်။ ခြေတံရှည်သစ်သား အိမ်ကြီးဖြစ်သည်။ တော်တော်ကျယ် သည်။ ကိုရွှေ၏ မိဘများမှာ ဦးအေး မော်၊ ဒေါ်အေးမယ်တို့ဖြစ်သည်။ ရေ နံတွင်း အလုပ်လုပ်သော တွင်းရိုး တွင်းစားများဖြစ်သည်ဟု မှတ်မိနေ သည်။ ကိုရွှေမှာ ညီအစ်ကိုမောင်နှမ များရှိသည်။ ကိုရွှေနှင့် မိသားစုက ကျွန်တော်တို့ကို ဝမ်းသာအားရ ကြို ဆိုကြပါသည်။ ကိုရွှေတို့အိမ်မှာ ခေတ္တ တည်းခိုသီတင်းသုံးနေသော ဦးပဉ္စင်း တစ်ပါးလည်း ရှိသည့်အတွက် ကျွန်တော်တို့ ပင့်လာသော ဦးပဉ္စင်း အတွက်လည်း အဆင်ပြေသည်။ ကိုရွှေက ကျွန်တော့်ကို သူ့ရုံးခန်းသို့ ခေါ်သွားသည်။ သူနှင့်အတူ ရွာသို့ လိုက်လည်ခဲ့သော ‘ကိုမြခဲ၊ ကိုသုန်’ တို့နှင့်လည်း တွေ့ရသည်။ အားလုံး ဝမ်းသာကြသည်။ ကိုရွှေသည် ပြည် သူ့ရဲဘော်အဖွဲ့ဝင်ဖြစ်ကြောင်း နောက် တော့ သိရသည်။ ထိုအချိန်က ရေနံ ချောင်းမြို့ကို ‘ဗိုလ်ကျား’ဦး ဆောင် သော ပြည်သူ့ရဲဘော်အဖွဲ့က အုပ်ချုပ် နေကြောင်း သိရသည်။

ကျွန်တော်တို့ မိသားစု ကိုရွှေ ၏ အိမ်မှာ တစ်လလောက် နေထိုင် ခဲ့ရသည်။ ကိုရွှေ၏ ညီအစ်ကိုမောင် နှမများက ခင်ခင်မင်မင်ဆက်ခံကြ သည့်အတွက် အဆင်ပြေပါသည်။ ဘုရားတွေ တော်တော်များများ ရောက်သော်လည်း ‘စနေနံ’ ဘုရား တစ်ဆူပဲ မှတ်မိပါတော့သည်။ အမေ့ ညီမရှိသည့် အင်းကန်ရွာသို့ သွားဖို့ လမ်းခရီး အခြေအနေ အေးအေး ချမ်းချမ်း မရှိသေးသည့်အတွက် ရေ နံချောင်းမှာ စောင့်နေရသည်။ သ တင်းနားထောင်ရသည်။ ရေနံချောင်း မှ ကျောက်ပန်းတောင်းသို့ တစ်ဆင့် သွားပြီး ကျောက်ပန်းတောင်းမှ အင်း ကန်သို့ သွားဖို့ဖြစ်သည်။

ကျောက်ပန်းတောင်းမှာလည်း အမေ့ အစ်မဝမ်းကွဲတစ်ယောက်ရှိ သည်။ မတွေ့ရသည်ကတော့ ကြာပါ ပြီ။ ဒေါ်စန်းမေဟု ခေါ်ကြောင်း သိ ရသည်။ ကျွန်တော်တို့၏ ဦးပဉ္စင်းက ကျောက်ပန်းတောင်းသို့သွားပြီး စုံ စမ်းသည်။ ဦးပဉ္စင်းပြန်လာတော့ အကျိုးအကြောင်း သိရသည်။ ဒေါ် စန်းမေ ကွယ်လွန်သွားသည်မှာ ကြာ ပြီဖြစ်ကြောင်း၊ ဒေါ်စန်းမေ၏ ခင် ပွန်းနှင့်သမီးတို့ကို တွေ့ခဲ့ကြောင်း သိရသည်။ သို့ဖြင့် ကိုရွှေတို့ မိသားစု ကို နှုတ်ဆက်ပြီး ကျောက်ပန်းတောင်း သို့ ကားဖြင့် ခရီးဆက်ကြသည်။ ဒေါ်စန်းမေ၏ ခင်ပွန်းဦး မောင်ကြီး၊ သမီးမညွန့်မြိုင်တို့ အိမ်သို့ရောက် သည်။ အိမ်ရှင်များက အသင့်ဆီးကြို သည်။ အကျိုးအကြောင်း သိရသည်။ ဦးမောင်ကြီးမှာ နောက်အိမ်ထောင် ပြုထားသည်။ ဇနီးသည်မှာ ဒေါ်စန်း ကြည်ဖြစ်သည်။ အားလုံးက ဖော်ဖော် ရွေရွေရှိပါသည်။ ထိုအိမ်မှာတော့ လေးငါးရက်ခန့်သာ တည်းခိုရသည်။ ကျွန်တော်မှတ်မိနေသည်မှာ ဦးမောင် ကြီး၏ စာအုပ်စင်မှ ဒဂုန်မဂ္ဂဇင်း၊ သွေးသောက်မဂ္ဂဇင်းတို့ကို ဖတ်ခဲ့ရ ခြင်းဖြစ်သည်။ အင်းကန်နှင့် ဆက် သွယ်မိပြီး အမေ့ညီမ ဒေါ်လေး မမကြီးက ကျွန်တော်တို့အတွက် နွား လှည်းစီစဉ်ပြီး လာခေါ်ခိုင်းသည့် အတွက် ကျွန်တော်တို့ ကျောက်ပန်း တောင်းမှ အင်းကန်သို့ နွားလှည်းဖြင့် ခရီးဆက်ရပါသည်။

မောင်ခင်မင် (ဓနုဖြူ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*