ကျွန်တော်နေခဲ့သောအိမ်(၁)

ကျွန်တော်နေခဲ့သောအိမ်(၁)
May 14, 2018 AsianFame MediaGroup
ကျွန်တော်နေခဲ့သောအိမ်(၁)

မကြာမီက လုပ်ဖော်ကိုင်ဖက် မိတ်ဆွေ ဆရာမတစ်ယောက် ရေးသော စာတစ်ပုဒ်ကို ဖတ်ရပါ သည်။ ဆရာမက သူ့ဘဝအတွေ့အကြုံ ကို ရေးခြင်းဖြစ်သည်။ သူရေးသော အကြောင်းတစ်ခုကို ဖတ်ပြီး တော် တော်စိတ်မကောင်းဖြစ်ရသည်။ ဆရာမမှာ တက္ကသိုလ်တွင် ဆရာမ ကလေးဘဝမှ ဆရာမကြီးဖြစ်သည် အထိ နှစ်ပေါင်းများစွာ အမှုထမ်းခဲ့ သော်လည်း အမှုထမ်းသက်တစ် လျှောက်တွင် အိမ်နှင့် မည်မည်ရရ နေထိုင်ရသည်မရှိဘဲ ဆယ်ပေပတ် လည် အခန်းကျဉ်းကလေးထဲမှာ ကြီးပြင်းလာရသည့်အကြောင်းဖြစ် သည်။ ‘ကြီးပြင်းလာရသည်’ ဆိုသော အသုံးကလေးက နှမြောစရာကောင်း လှသော သူ့အချိန်တွေကို ညွှန်းဆိုနေ သကဲ့သို့ ရှိပါသည်။

အိမ်နှင့်မနေထိုင်ခဲ့ရသော ကျွန် တော့်မိတ်ဆွေအကြောင်းမှတစ်ဆင့် တစ်ခါက ဆရာမကြီး ဒေါ်ခင်ဆွေဦး အခန်းဆက်ရေးဖူးသော ‘ကျွန်မနှင့် အိမ်များ’ (ဟု ထင်ပါသည်။ ‘အိမ် များနှင့် ကျွန်မ’လည်း ဖြစ်နိုင်ပါ သည်။) ဆိုသော မှတ်တမ်းကို သတိ ရမိသည်။ ဆရာမကြီးက သူငယ်စဉ် ကစ၍ နေထိုင်ခဲ့သော အိမ်များ အကြောင်း ရေးထားခြင်းဖြစ်သည်။ ထိုမှတစ်ဆင့် ကျွန်တော်နေထိုင်ခဲ့ သော အိမ်များကိုလည်း ဆက်စပ် သတိရလာပါသည်။ လူတစ်ယောက် ၏ ဘဝအခြေအနေကို သူနေသော အိမ်က ဖော်ပြနေတတ်ပုံကိုပါ အလေးအနက် သတိပြုမိပါသည်။

ကျွန်တော် ယခုအသက် ၇၈ နှစ် ရှိပါပြီ။ ပြန်စဉ်းစားလိုက်သောအခါ ငယ်စဉ်ကစ၍ ယခုအထိ ကျွန်တော် နေထိုင်ခဲ့သော အိမ်များသည် စိတ် အာရုံထဲမှာ အစီအရီပေါ်လာပါသည်။

ကျွန်တော် အစောဆုံးနေထိုင်ခဲ့ သောအိမ်မှာ ကျွန်တော့် မိခင်က ကျွန်တော့်ကို ဖွားမြင်ရာဖြစ်သော အိမ်ဂေဟာပင်ဖြစ်သည်။ ပြည့်ပြည့် စုံစုံဆိုရလျှင် ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်တွင် ပါဝင်သော ‘ကျုံ တနီး’ ဆိုသော ရွာကလေး၏ အရှေ့ ဘက် ကမ်းတွင်ရှိသော သွပ်မိုးပျဉ် ထောင် လေးပင်သုံးခန်း နှစ်ထပ်အိမ် ကြီးဖြစ်ပါသည်။ ထိုအိမ်ကြီးမှာ ကျွန် တော်ကြာကြာမနေလိုက်ရပါ။ မွေး ဖွားသည်မှ အသက် ၉ နှစ်အရွယ် အထိသာနေထိုင်ခဲ့ရပါသည်။ သို့ သော်လူမှန်းသိစအရွယ်မှာ နေထိုင် ခဲ့ရသည့်အတွက် ထိုအိမ်ကြီး၏ သွင် ပြင်ကို အသေးစိတ်မှတ်မိနေပါသည်။

ကျွန်တော်တို့ရွာ၏ ဝိသေသ လက္ခဏာတစ်ခုမှာ မြို့နယ် ၂ ခု၏ နယ်နိမိတ်အစပ်မှာ တည်ရှိနေခြင်း ဖြစ်သည်။ ဓနုဖြူမြို့နယ်နှင့် ကျုံပျော် မြို့နယ်အစပ်မှာ ‘တော်တကူချောင်း’ ဟုခေါ်သော ချောင်းကလေး ဖြတ်စီး နေသော ကျုံတနီးရွာ၏ အရှေ့ဘက် ကမ်းသည် ဓနုဖြူမြို့နယ်တွင် ပါဝင် ပြီး အနောက်ဘက်ကမ်းသည် ကျုံ ပျော်မြို့နယ်တွင် ပါဝင်သည်။ ထို့ ကြောင့် ကျွန်တော်တို့ရွာမှာ ဓနုဖြူ နှင့် ကျုံပျော်မြို့ကြီးတွင် ရှိသည်။ ကျွန်တော်ငယ်စဉ်က မြင်ကွင်းကို ပြန်မြင်ယောင်ကြည့်မိသည်။ ရွာ တန်းကလေး၏ မြောက်ဘက်ထိပ်၊ တာလမ်းအမြင့်ပေါ်က ဆင်းလျှောက် လာလျှင် တစ်ဖက်တစ်ချက်မှာ အိမ် များ အစီအရီရှိနေသော ရွာလမ်း ကလေးကို တွေ့ရပါလိမ့်မည်။ ရွာ လမ်းအတိုင်း လျှောက်လာကာ တောင်ဘက်ထိပ်နားရောက်ခါနီး တွင် လမ်း၏ဘယ်ဘက်ခြမ်းမှာ ကျွန် တော်တို့ အိမ်ကို တွေ့နိုင်ပါသည်။

လမ်းဘေးရှိ ခြံတံခါးနှင့် တည့် တည့်တွင် မြေဖို့ထားသော လူသွား လမ်းကလေးရှိသည်။ လမ်းတစ်ဖက် စီမှာ သရက်ပင်တစ်ပင်စီရှိသည်။ လူကြီးတွေပြော၍ ‘နက်တဲ့’ ခေါ် သရက်အမျိုးအစားဟုသိရသည်။ အသီးတွေ တော်တော်သီးသည်။ မြေ လမ်းကလေးဆုံးတော့ အိမ်ရှေ့တံခါး သို့ ရောက်သည်။ အိမ်ရှေ့မျက်နှာစာ မှာ သံတိုင်တွေစိုက်ပြီး တောက် လျှောက် ကာရံထားသည်။ ဖိနပ်ချွတ် နေရာ အနိမ့်မှ အိမ်မပေါ်သို့ လှမ်း တက်ရသည်။ အိမ်ရှေ့မှာ ဧည့်ခန်း ရှိသည်။ ဧည့်ခန်းထိပ်မှာ ဘုရားစင်ရှိ သည်။ ဘုရားဝတ်ပြုရန် အခန်း ကလေးတွဲထားသည်။ ခြေရင်းဘက် မှာ အိပ်ခန်းတစ်ခန်းရှိသည်။ အိမ်မ ကို လွန်ပြီး ဆောင်ကူး ၂ ခန်းကို ကျော်လိုက်လျှင် နောက်ဖေးဘက် ‘ကပြင်’ နှင့် တစ်ဖက်တစ်ချက်မှာ မီးဖိုခန်း ၂ ခန်းရှိသည်။ မီးဖိုခန်း လွန်တော့ အိမ်နောက်ဘက်က ကွက်လပ်ရှိသည်။ ဘေးဘက်မှာ နွား တင်းကုပ်တစ်ခုရှိ ပြီး နွားတွေ အကောင် ၂ဝ၊ ၃ဝ ခန့် ရှိသည်။ လှည်းများလည်းရှိသည်။ နောက် ဘက်ခြံတံခါးပေါက်သို့ တော်တော် သွားရသေးသည်။ အိမ်သာက အိမ် နှင့် ဝေးဝေး၊ ခြံထောင့်မှာရှိသည်။

အိမ်ကို မြင်လိုက်ရုံနှင့် အိမ်ရှင် ဖြစ်သော ကျွန်တော့်ဖခင်၏ အလုပ် အကိုင်ကို သိနိုင်ပါသည်။ ဖခင်မှာ လယ်ဧက အတော်များများပိုင်ဆိုင် သော လယ်လုပ်ငန်းရှင်ဖြစ်သည်။ မနက်ဆိုလျှင် သူရင်းငှားများနှင့်အတူ လယ်ဆင်းပြီး ညနေစောင်းမှ ပြန် လာလေ့ရှိသည်။ မနက်မိုးလင်းသည် နှင့် လှည်းများ ထွက်ရင် အသင့်ပြင် ကြသည်။ လှည်းများမှာ နွားတွေတပ် ပြီး မောင်းထွက်သွားကြသည်။ နွား တင်းကုပ်ထဲက နွားမတွေကို နွားနို့ ညှစ်သူက ညှစ်သည်။ လယ်ထဲသွားရန် ပြင်ဆင်နေကြသူများ ပြောဆိုလှုပ်ရှား နေကြသည်ကိုကြည့်ပြီး ကျွန်တော် နှင့် ကျွန်တော့်အစ်ကိုတို့ ပျော်နေကြ သည်။ နွားမတွေက နွားပေါက်စ ကလေးတွေ မွေးလျှင် သူ့နွား ငါ့နွား ဟု သတ်မှတ်ပြီး နာမည်ပေးရသည်မှာ လည်း ပျော်စရာကောင်းသည်။

အိမ်ရှေ့ခြံထဲက ညာဘက် ထောင့်မှာ အုတ်ဘောင်နှင့် ရေတွင်း တစ်တွင်းရှိသည်။ လူကြီးတွေ ရေပုံး နှင့် ရေခပ်သုံးသည်ကို တွေ့ရသည်။ ညာဘက်က သရက်ပင်နားမှာ အပင် တစ်ပင်ရှိသည်။ လူကြီးတွေပြော၍ ‘စုံပတတ်ပင်’ဟု သိရသည်။ စုံပတတ် သီးမှာ ပိန္နဲသီးနှင့်တူသည်။ ပိန္နဲသီး လို ချိုသည်။

အိမ်အလယ်ခန်း ခေါင်းရင်း ဘက်မှာ ဘဘ၏ ခုတင်ကြီးရှိသည်။ ဘဘမှာ ကျွန်တော့်မိခင်၏ ဖခင်ဖြစ် သည်။ ကျွန်တော်လူမှန်းသိစမှာ ဘဘက အသက် ရှစ်ဆယ်ရှိနေပါပြီ။ ကျွန်တော့်ကို ကျောင်းမနေမီ အိမ် မှာ စာသင်ပေးသော ကံ့ကူလက်လှည့် ဆရာဖြစ်သည်။ ဘဘက ရှစ်ဆယ့် ငါးနှစ်လောက်မှာ ကွယ်လွန်အနိစ္စ ရောက်သည်။ အဘကွယ်လွန်ပြီး တော့ ခုတင်ကြီးလည်း မရှိတော့ပါ။ အလယ်ခန်းမှာ ခပ်မှောင်မှောင်ဖြစ် သဖြင့် ကျွန်တော်ကြာကြာမနေရဲဘဲ အိမ်နောက်ဘက်သို့ မြန်မြန်ရောက် အောင် ခြေသံတဒိုင်းဒိုင်းဖြင့် ပြေး သွားလေ့ရှိသည်ကို မှတ်မိနေပါသည်။

အိမ်အပေါ်ထပ်မှာတော့ အခန်းဖွဲ့မထားပါ။ အခန်းကျယ်ကြီး သဖွယ်ဖြစ်ပါသည်။ ခေါင်းရင်းမှာ ဘုရားစင်ရှိသည်။ လတ်တလော အသုံးမပြုသော ပရိဘောဂများရှိ သည်။ ညအိပ်ညနေ ဧည့်သည်လာ လျှင်တော့ အိမ်အပေါ်ထပ်မှာ အိပ် ရာပြင်ပေးပါသည်။ ပုံမှန်ကတော့ အိမ်အပေါ်ထပ်မှာ နေလေ့မရှိကြပါ။

မီးခိုခန်း ၂ ခန်းက စိတ်ဝင်စား စရာကောင်းသည်။ တစ်ခန်းက အမေ့မီးဖိုခန်းဖြစ်သည်။ အမေက ထိုမီးဖိုမှာ ထမင်းဟင်း စားဖွယ် သောက်ဖွယ်တွေ စီမံချက်ပြုတ်သည်။ အိမ်မှာအတူနေသော တူမက ကူညီ လုပ်ကိုင်ပေးရသည်။ မနက်မိုးလင်း သည်နှင့် အမေက ကော်ဖီဖျော်သည်။ ကော်ဖီမှာ နွားနို့စစ်စစ်နှင့်ဖျော်သော ထန်းလျက်ကော်ဖီဖြစ်သည်။ ရွာထဲ မှာ လမ်းတစ်လျှောက် ခေါင်းရွက်ပြီး ရောင်းကြသော အကြော်၊ ကောက် ညှင်းပေါင်း၊ မုန့်ဟင်းခါးစသည့် မုန့် များကို ခေါ်ဝယ်ပြီး ကော်ဖီနှင့် သောက်ကြသည်။ အလုပ်ကိစ္စအတွက် လာသမျှ ဧည့်သည်များကို အမေက ကော်ဖီဖြင့် ဧည့်ခံသည်။ အဖေ ဓနုဖြူ တို့ ဟင်္သာတတို့ သွားသည့်အခါ ဝယ်လာသော ‘ခေါင်းဖန်ဝါ’မုန့်ပုံး ထဲက မုန့်များလည်း စားရပါသည်။

နောက်မီးဖိုခန်းတစ်ခန်းက အဖေ့ အတွက် မီးဖိုခန်းဖြစ်သည်။ အဖေ့ တပည့်များက ထိုမီးဖိုခန်းတွင် အဖေ ကြိုက်သော အိန္ဒိယအစားအစာများ ချက်ပြုတ်ကြသည်။ ကျွန်တော်တို့ ညီ အစ်ကိုက မီးဖိုခန်းနှစ်ခန်းကူးပြီး နှစ် ဖက်ခွ၍ စားသည်။ ငယ်ငယ်က အကြောင်းတွေ ပြန်စဉ်းစားကြည့်တော့ တော်တော်ပျော်စရာကောင်းပါသည်။

အိမ်၏ ညာဘက်ဘေးမှာ စပါး လှောင်ထားသော စပါးကျီတစ်ခုရှိ သည်ကိုလည်း မှတ်မိနေပါသည်။ လှည်းတွေနှင့် စပါးတွေ သယ်လာပြီး စပါးကျီထဲသို့ ထည့်ကြသည်ကိုလည်း တွေ့ရပါသည်။

ဧည့်ခန်းနောက်က အိပ်ခန်းမှာ ကျွန်တော်တို့ မိသားစုအိပ်ကြသည်။ အိပ်ရာဝင်ခါနီးလျှင် အဖေက ကျွန် တော်တို့ ညီအစ်ကို ကျောင်းမှာသင် ခဲ့ရသော စာများကို ဆိုပြခိုင်းသည့် အတွက် ဆိုကြရသည်။ ကျွန်တော်တို့ ဆိုတာကို နားထောင်ရင်း အဖေက သဘောကျနေပါသည်။
အိမ်မှာ ဓာတ်စက်တစ်ခုရှိနေ သည်ကိုလည်း သတိရပါသည်။ ကပ် လျက်အိမ်မှာ အစ်မဝမ်းကွဲတွေရှိ သည်။ သူတို့လာပြီး ဓာတ်စက်ဖွင့် လျှင် သီချင်းမျိုးစုံနားထောင်ရသည်။ ခွေးတံဆိပ် စားပြားကုမ္ပဏီမှ ဓာတ် ပြားများဟု သိရသည်။ ပြည်လှဖေသီ ဆိုသော ‘နဂါးနိုင်မင်း’တို့၊ ‘ရှင်သီဝ လိ’တို့ ငယ်ငယ်ကတည်းက ရနေ သည်။ မေရှင်၊ မအေးမိ၊ မကြည် အောင် တို့၏ သီချင်းများလည်း ရ ပါသည်။ ဓာတ်စက်ထားသော ခုံမြင့် ကလေးက ကျွန်တော့်အရပ်နှင့် မမှီ သဖြင့် မမှီမကမ်းလက်လှမ်းပြီး ဓာတ်စက်ဖွင့်ရာက ဖွင့်တတ်သွား သည်နှင့်အတူ သီချင်းနားထောင် သည့် ဝါသနာလည်း ငယ်ငယ်က တည်းက စွဲမြဲခဲ့ပါသည်။

ကျွန်တော်က ကလေးအရွယ် လူမမည်မျှသာဖြစ်၍ ကျွန်တော် ပထမဆုံးနေထိုင်ခဲ့ရသော အိမ်ကြီး အကြောင်း ထိုမျှသာ သိပါသည်။ ဝမ်းနည်းကြေကွဲစရာဖြစ်ရပ်နှင့် အိမ် ကြီးအကြောင်းကို အဆုံးသတ်ရမည် ဖြစ်ပါသည်။ ၁၉၄၉ ခုနှစ် သင်္ကြန် မကျမီတွင် ကျွန်တော်တို့ရွာကို သောင်းကျန်းသူများဝင်စီးပြီး ရွာကို မီးရှို့သည်။ ကျွန်တော်တို့ အိမ်အပါ အဝင် ရွာထိပ်ပိုင်းက အိမ်ကြီးအိမ် ကောင်းများကို ဖျက်ယူသည်။ မနက် ဖြန် သူပုန်ဝင်စီးမည်ဟု သတင်းကြား ၍ ကျွန်တော့်မိခင်နှင့် ကျွန်တော်တို့ ညီအစ်ကို ဓနုဖြူမြို့သို့ တစ်ရက်ကြို ပြီးသွားမိသဖြင့် သီသီကလေး လွတ် သွားသည်။ အိမ်စောင့်ကျန်ခဲ့သော ကျွန်တော့်ဖခင်မှာမူ သူပုန်များ လက် ချက်ဖြင့် အသက်ဆုံးရရှာသည်။ ထို အချိန်ကစ၍ ကျွန်တော်ပထမဆုံး နေထိုင်ခဲ့သည့် လေးပင်သုံးခန်းနှစ် ထပ်အိမ်ကြီးသည် လုံးဝပျောက်ကွယ် သွားပါတော့သည်။

မောင်ခင်မင် (ဓနုဖြူ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*