ပန်းကလေးများလန်းစေချင်

ပန်းကလေးများလန်းစေချင်
May 9, 2018 Leanne Win
ပန်းကလေးများလန်းစေချင်

“ဆရာမ”

“ဟေး”
အနားကိုတိုးကပ်၍ စာလာပြ သောကလေးများဆီမှ အနံ့မျိုးစုံရနေ သည်။ သနပ်ခါးနံ့၊ ချွေးနံ့၊ ကြေးနံ့။ ထိုအထဲမှ စူးစူးရွားရွားနံသော အမျိုး အမည်မသိသောအနံ့။

“ဟဲ့ နင်တို့ ရေမချိုးကြဘူးလား”
“ချိုးပါတယ် ဆရာမ”
“နင်တို့ နှာခေါင်းတွေ ဘာနံ့မှ မရဘူးလား”

ကလေးများ တစ်ယောက် မျက်နှာတစ်ယောက် ကြည့်နေကြ သည်။

“ဆရာမ သိန်းဌေးနဲ့ ပြည့်ဖြိုး အောင်က နားပြည်တွေ ယိုနေတာဗျ”

ကလေးတစ်ယောက်မှ တိုင် ပြောပြောလာသည်။ စူးစူးရွားရွား အနံ့သည် ထိုမှရတာဖြစ်လိမ့်မည်။
“ဟင် ဟုတ်လား အဲဒီနှစ် ယောက်လာစမ်း ဒီကို”

တပည့်ကျော် နှစ်ယောက်အနား သို့ ရောက်လာကြသည်။ သူတို့ နှစ် ယောက်၏နားများကို ကြည့်လိုက် သည်။ နားနှစ်ဖက်စီတွင် နားပြည် အပြည့်နှင့် ပုတ်ပုတ်အက်အက် အနံ့ များ ထွက်နေသည်။

“ဟဲ့ နင်တို့အမေတွေ ဘာမှလုပ် မပေးဘူးလား”

မျက်လုံးကလေးများကလည်း ကလည်နှင့်သာ ကြည့်နေကြသည်။ဘာမှပြန်မပြော။ တောရွာသဘာဝ မိဘများသည် စားဝတ်နေရေးအတွက် ယာတော၊ လယ်တောနှင့်သာ အချိန် ကုန်ကြရသည်။ သားသမီးများနှင့် နေရသည့်အချိန်က သိပ်မရှိကြ။

“ဒီအတိုင်းသာဆို နင်တို့နား ထိုင်းလေးတွေဖြစ်တော့မှာပဲ”
ဆရာမဒေါ်ခင်သုန် ညည်း ညူ ညူပြောမိသည်။

သူတို့အတွက် တစ်ခုခုတော့ လုပ်ပေးရဦးမည်ဟု ဆရာမဒေါ်ခင် သုန်တွေးနေမိပါသည်။

xxxxxxxxxxxxxxxx

နောက်တစ်နေ့
ဆရာမ ဒေါ်ခင်သုန် အိပ်ထဲမှ စိုက်၍ နားသန့်ဆေးများ ဂွမ်းလိပ် များ နားကြပ်ထုပ်များဝယ်လာတော့ သည်။ မုန့်စားကျောင်းဆင်းချိန်တွင် တပည့်နှစ်ယောက်ကို ခေါ်လိုက် သည်။

“သိန်းဌေးနဲ့ ပြည့်ဖြိုးအောင် လာခဲ့”

အနားသို့ ရောက်လာကြသည်။နားနှစ်ဖက်စလုံးစီတွင် နားပြည်များ နှင့်အပြည့်။ နားတစ်ဖက်ထဲသို့ ဂွမ်းစ နှင့် အလျင်ဆို့လိုက်သည်။ ထို့နောက် ခေါင်းကို ပေါင်ပေါ်တွင်တင်စေလိုက် သည်။ ဂွမ်းဆို့ထားသောနားကို အောက်ဘက်မှထားရသည်။ ပြီးလျှင် နားထဲသို့ နားသန့်ဆေးနှစ်စက် လောက်ချပေးလိုက်သည်။နားထဲမှ နားပြည်များပွက်ထ၍ နားအပြင် သို့ပင် လျှံတက်လာသည်။ ထိုနား ပြည်များကို ဂွမ်းစနှင့်သုတ်သည်။နား ကြပ်တောင်နှင့်ကြပ်သည်။ ဆရာမ ဒေါ်ခင်သုန်သည် အသက် နှစ်ဆယ် ကျော်အရွယ်ရှိပါသေးသည်။ အိမ်မှာ အငယ်ဆုံး အပျိုဆရာမလေးလည်း ဖြစ်သည်။ သို့ပါသော်လည်း လက် တွေ့ တွေ့ကြုံနေရသော တပည့်များ ၏ ပြဿနာအခက်အခဲကို သူမှဖြေ ရှင်းမပေးလျှင်မဖြစ်။ သူ့တွင်ကလေး ပြုစုနည်းကိုလည်း မသိ။ အတွေ့ အကြုံလည်းမရှိပါ။ တပည့်များ၏အခက်အခဲကို မေတ္တာနှင့် စေတနာ ပေါင်း၍သာ ဘဝ၏ လက်တွေ့သင် ခန်းစာများ သင်ယူနေပါသည်။

“အမလေးတော် နားတို့ မျက်စိ တို့ နှာခေါင်းတို့ အရေးကြီးတာတော် တို့မသိဘူးလား။ တစ်ကိုယ်ရည်သန့် ရှင်းနေမှ စိတ်လည်းလန်းဆန်းမယ်။စာကိုလည်း စိတ်ဝင်စားမှာပေါ့။နောက်ဆိုအားလုံး ကိုယ့်ကိုယ်ကိုယ် သန့်သန့်ရှင်းရှင်းနေကြရမယ်နော်”
“ဟုတ်ကဲ့ပါ ဆရာမ”

xxxxxxxxxxxxx

“ဟဲ့ ခင်သုန်”
“ရှင် အစ်မ”

“နင့်လက်တွေ သေချာဆေးစမ်း ပါဟယ်။ ငါကတော့ နင့်အစား ရွံ လွန်းလို့”
“ရွံတော့ ရွံတာပေါ့ အစ်မရယ် သူတို့ လေးတွေကို ခင်သုန်မှလုပ် မပေးရင် ဘယ်သူလုပ်ပေးမှာလဲ”
“သူတို့အမေတွေတောင် နေနိုင် သေးတာအေ”

“သူတို့အမေတွေက အားလည်း မအားကြသလို ဒီလိုလုပ်ပေးရမယ်ဆို တာကို မသိတာနေမှာပါ အစ်မရယ်”

“အေးပါအေ လုပ်ပါ မိခင်သုန် ရယ်”
လုပ်ဖော်ကိုင်ဖက်အစ်မဆရာမတစ်ယောက်က မချိတင်ကဲ လေသံ နှင့် ပြောသည်။ ဆရာမဒေါ်ခင်သုန် အပြုံးနှင့်သာ အဖြေပြန်ပေးမိသည်။

xxxxxxxxxxxxx

ဆရာမ ဒေါ်ခင်သုန်တစ်ယောက် တပည့်လေးနှစ်ယောက်၏ နားသန့် ရှင်းရေးကိစ္စကို တစ်ပတ်လောက် စိတ်ရှည်လက်ရှည်လုပ်ပေး လိုက်ရ သည်။ နောက်တွင် သူတို့လေးနှစ် ယောက် နားပြည်ယိုသံမကြားရတော့။

တပည့်လေးများသည် ဆရာ ဆရာမများဖြင့်သာ တစ်နေကုန် အချိန်ကုန်ရသည်။ မိဘများနှင့်နေရ သည် အချိန်က နည်းလှသည်။ ဆရာ ဆရာမများသည် တပည့်လေးများ၏ ဒုတိယမိဘဆိုလျှင်လည်း မမှားပါ။

“မိမိနှင့်သာ အနေများသော တပည့်လေးများကို မိမိကသာပစ် ထားခဲ့ပါလျှင် သူတို့လေးများ၏ဘဝ သည် လှပနိုင်မည်မဟုတ်။ သူတို့ လေးများသည် အနာဂတ်၏ ပန်း ကလေးများမဟုတ်ပါလား။အနာဂတ် ၏ ပန်းကလေးများကို အနာအဆာ ကင်း၍ လှပစေချင်တာ မိမိ၏မှန်ကန် သော စေတနာပါ” ဟု တွေးမိသော အခါတွင် ဆရာမဒေါ်ခင်သုန်တစ် ယောက် စိတ်ထဲတွင်လန်းဆန်းကြည် လင်သွားသည်ဟု ထင်လိုက်ရပါတော့ သည်။

မယင်းမာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*