ငါတို့အရင်လိုမဟုတ်တော့ဘူး ပေါ်လီယာနာ

ငါတို့အရင်လိုမဟုတ်တော့ဘူး ပေါ်လီယာနာ
April 30, 2018 Leanne Win
ငါတို့အရင်လိုမဟုတ်တော့ဘူး ပေါ်လီယာနာ

ငါတို့အရင်လိုမဟုတ်တော့ဘူး ပေါ်လီယာနာ
ဝံပုလွေတွေရဲ့ အပျော်မျက်လုံးကြားက
မြေဇာပင်တွေကို
ငါတို့ မနှစ်မြို့နိုင်တော့ဘူး
အစည်းမဲ့၊ အတားမဲ့ တစ်ဖက်သတ်
လောကဓံတွေကို
ငါတို့ ထောက်ခံ မပေးတော့ဘူး။

ငါတို့အရင်လိုမဟုတ်တော့ဘူး ပေါ်လီယာနာ
အဘက်ဘက်က ပြိုဆင်းလာတဲ့ ငါတို့အိမ်ကို
ရွှေအိုရောင်လို့
ငါတို့ မြင်မပေး နိုင်တော့ဘူး။

တူးဖွဖျက်ဆီးခံနေရတဲ့
အနာဂတ် ပျိုးခင်းတွေကို
ငါတို့ လက်ပိုက်ကြည့်မနေတော့ဘူး။

ငါတို့ အရင်လိုမဟုတ်တော့ဘူး ပေါ်လီယာနာ
ဝတ်ကျေတန်းကျေ လက်ဆွဲနှုတ်ဆက် အပြုံးတွေကို
ငါတို့ ကောင်းချီးသြဘာ
မပေးနိုင်တော့ဘူး။

ပွဲပြီး မီးသေ
ရွှေရည်စိမ် ကတိကဝတ်တွေကို
ငါတို့ လက်ခုပ်မတီးတော့ဘူး ။

ငါတို့ အရင်လိုမဟုတ်တော့ဘူး ပေါ်လီယာနာ
ချိန်ခွင်ပေါ်က ဓါးရဲ့ စီရင်နေခြင်းကို
ငါတို့ ထိုင်စောင့်မနေနိုင်တော့ဘူး။

မျက်စိဖွင့်၊ နားစွင့် ပကတိအမြင်တွေ
ချိုးဖောက်ခံရခြင်းကို
ငါတို့ မမက်မောတော့ဘူး
ငါတို့ အရင်လိုမဟုတ်တော့ဘူး ပေါ်လီယာနာ
ပေးသမျှယူ ကျွေးသမျှစား ဒါသိ ဒါသင်
ဟုတ်ကဲ့၊ အင်း၊
ခေါင်းညိတ်၊ ခေါင်းခါတွေကို
ငါတို့ မနှစ်သက်နိုင်တော့ဘူး။

ဖိနပ်အောက်မှာ ချောင်ထိုးခံခဲ့ရတဲ့
ငါတို့ နေ့တွေကို
ငါတို့ ပြန်မပေးတော့ဘူး။

ငါတို့ အရင်လိုမဟုတ်တော့ဘူး ပေါ်လီယာနာ
တစ်ဝမ်းတစ်ခါးလှရုံ
အလှအပတွေ တန်ဆာဆင်ပြီး
ဖားသူငယ်လို
အုံ အင် အော်မနေနိုင်တော့ဘူး
သမုဒ္ဒရာ ဘယ်လောက်ကျယ်လဲ
အပိတ်ခံရခြင်းတွေကို
ငါတို့ ခွင့်မပြုတော့ဘူး။
ငါတို့ အရင်လို မဟုတ်တော့ဘူး
ပေါ်လီယာနာ . . .။

အောင်သင်းမိုး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*