Reflection 2 ရိုက်ဖို့ဆိုတာ ပရိသတ် အားပေးမှုအပေါ်မူတည်ကြောင်း ဒါရိုက်တာ လူမင်းပြော

Reflection 2 ရိုက်ဖို့ဆိုတာ ပရိသတ် အားပေးမှုအပေါ်မူတည်ကြောင်း ဒါရိုက်တာ လူမင်းပြော
April 23, 2018 AsianFame MediaGroup
Reflection 2 ရိုက်ဖို့ဆိုတာ ပရိသတ် အားပေးမှုအပေါ်မူတည်ကြောင်း ဒါရိုက်တာ လူမင်းပြော

မြန်မာပြည်ရဲ့ ထိပ်တန်းမင်းသမီးတွေဖြစ်တဲ့ အကယ်ဒမီထွန်းအိန္ဒြာဗို၊ အကယ်ဒမီအိန္ဒြာကျော်ဇင်၊ အကယ်ဒမီဝတ်မှုံရွှေရည်နဲ့ ပက်ထရစ်ရှာတို့ ပါဝင်သရုပ်ဆောင်ထားကြတဲ့ ရောင်ပြန် (Reflection) ရုပ်ရှင်ဇာတ်ကားကတော့ မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ကနေစတင်ပြီး မြန်မာပြည်တစ်ဝန်းရှိ ရုပ်ရှင်ရုံ တွေမှာ ရုံတင်ပြသလျက်ရှိနေပြီဖြစ်ပါတယ်။ Reflection ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးဖန်တီးပေးခဲ့သူကတော့ အကယ်ဒမီဒါရိုက်တာ လူမင်းဖြစ်ပြီး ပါဝင်ခဲ့တဲ့ ဇာတ်ကောင်တွေကို သေသပ်စွာနဲ့ ဖန်တီးပုံဖော်နိုင်ခဲ့တာကိုလည်း တွေ့ရပါတယ်။ ဇာတ်ကောင်တွေကို အရင်ရွေးချယ်ခဲ့တာကတော့ ထုတ်လုပ်သူ အကယ်ဒမီ အိန္ဒြာကျော်ဇင်ဖြစ်ပြီး စီစဉ်သူ ရွေးချယ်ပြီးတော့မှသာ ဇာတ်ညွှန်းကို အခိုင်အမာပြန်လည်တည်ဆောက် ရေးဆွဲခဲ့ကြတာဖြစ်တယ်လို့ အကယ်ဒမီဒါရိုက်တာလူမင်းက ဆိုပါတယ်။

အကယ်ဒမီဒါရိုက်တာ လူမင်းကိုယ်တိုင်လည်း Reflection ရုပ်ရှင်ဇာတ်ကားထဲမှာ ဟာသဆန်ဆန် ဇာတ်ကွက်တစ်ခုအတွက် ကွန်တင်နာကားကြီး မောင်းသူတစ်ဦးအနေနဲ့ ပါဝင်ကူညီအားဖြည့်ပေးခဲ့တာကိုလည်း တွေ့ရသလို Reflection ဇာတ်ကားရဲ့ထုတ်လုပ်သူ အကယ်ဒမီအိန္ဒြာကျော်ဇင်ရဲ့ ခင်ပွန်းဖြစ်သူ အကယ်ဒမီပြေတီဦးကလည်း လေလံဆွဲတဲ့ ဇာတ်ဝင်ခန်းမှာ လေလံဆွဲသမားတစ်ဦးအနေနဲ့ အားဖြည့်ပါဝင်ခဲ့တာကိုလည်း တွေ့ရပါတယ်။

ထုတ်လုပ်သူအကယ်ဒမီအိန္ဒြာကျော်ဇင်ကတော့ Reflection ရုပ်ရှင်ရဲ့နောက်ဆက်တွဲရုပ်ရှင်အဖြစ် Reflection 2 ကို ထပ်မံထုတ်လုပ်ဖို့ ရှိမရှိနဲ့ပတ်သက်လို့ ကတော့ …”အမှန်အတိုင်းပြောရရင် ဒီဇာတ်ကောင်တွေနဲ့ ထပ်မံဆုံချင်ပါတယ်။ ဒါပေမဲ့လည်း နောက်ဆက်တွဲ ရိုက်ရမယ့် နံပါတ်နှစ်ဆိုတဲ့ သဘောတရားတွေ အတွက်တော့ နည်းနည်း စိုးရိမ်တယ်။ ဘာလို့လဲဆိုရင် နံပါတ်နှစ်ရိုက်ပြီဆိုရင် အခု နံပါတ်တစ်ကို ကျော်ရမှာလေ။ အဲဒီလိုဆိုတော့ နည်းနည်းလေးတော့ အန္တရာယ် များတယ်”လို့ ပြောပါတယ်။

အကယ်ဒမီဒါရိုက်တာ လူမင်းကတော့ ”နံပါတ်နှစ် ရိုက်ဖို့ဆိုတာကလည်း အခုနံပါတ်တစ်ကို ပရိသတ် ဘယ်လောက်အထိ အားပေးသလဲ ဆိုတဲ့ အပေါ်မှာအများကြီးမူတည်ပါတယ်။ အဲဒါမှ ဒုတိယစိတ်ကူးကို ထပ်မံပုံဖော်နိုင်မှာပါ။ အခုလက်ရှိမှာတော့ အဲဒီအရာကို ကြိုတင်ပြီးတော့ စိတ်မကူးနိုင်သေးပါဘူး” လို့ ပြောပြပေးခဲ့ပါတယ်။

ထက်လူ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*