လူငယ် နဲ့ အနာဂတ်နိုင်ငံ (၁)

လူငယ် နဲ့ အနာဂတ်နိုင်ငံ (၁)
April 23, 2018 AsianFame MediaGroup
လူငယ် နဲ့ အနာဂတ်နိုင်ငံ (၁)

 

ဒီတစ်ပတ်မှာတော့ ပေါ်ပြူလာ ပရိသတ်တွေအတွက် အနာဂတ် မြန်မာနိုင်ငံကြီးကို လူငယ်တွေ ဘယ်လိုဖြစ်စေချင်ကြလဲ၊ ဘယ်လိုမြင်စေချင်ကြလဲဆိုတဲ့ လူငယ်တွေရဲ့အမြင်တွေကိုစုစည်းပြီး ‘လူငယ်နဲ့ အနာဂတ်နိုင်ငံ’ ဆိုတဲ့ ခေါင်းစဉ်နဲ့ မေးမြန်းဖော်ပြလိုက်ရပါတယ်။

ကိုအောင်သူဟိဏ်း

အနာဂတ် မြန်မာနိုင်ငံကြီးကို ဘယ်လိုမျိုးဖြစ်စေချင်လဲဆိုတော့ အဓိကကတော့ တိုးတက်စေချင်တာပေါ့။ တိုးတက်တယ်ဆိုတာကလည်း မြန်မာနိုင်ငံက မြန်မာနိုင်ငံလိုပဲ တိုးတက်စေချင်တာ။ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းတို့ ဘာတို့ပြောသလိုပေါ့။ စင်ကာပူလိုမျိုး အင်္ဂလန်လိုမျိုး အမေရိကန်လိုမျိုးတော့ မဆိုလိုချင်ဘူး။ မြန်မာနိုင်ငံလိုမျိုး တိုးတက်စေချင်တယ်ဆိုတာက စင်ကာပူထက်လည်း သာချင်သာ သွားနိုင်လိမ့်မယ်။ အင်္ဂလန်နိုင်ငံထက်လည်း သာချင်သာသွားနိုင်လိမ့်မယ်ပေါ့နော်။ ကိုယ့်တိုးတက်မှုနဲ့ ကိုယ်ပေါ့။ သူများကိုတော့ အတုယူလို့ရတယ်။ ဒါပေမဲ့ ကိုယ့်တိုးတက်မှုနဲ့ ကိုယ်ဖြစ် စေချင်တယ်။ ဘယ်လိုမျိုးနေသွားချင်လဲဆိုတော့ ကိုယ်တွေနေနေရတဲ့ လူနေမှုပတ်ဝန်းကျင်မှာ ဘာကအဆိုးဆုံးဖြစ်နေလဲဆိုတော့ နံပါတ်(၁)က အစားအသောက်ပေါ့။ အစားအသောက်ဆိုတာ ဓာတုဆေးဝါး ကင်းစင်တာတို့ Organic Farm တွေနဲ့ လုံခြုံစိတ်ချရတဲ့ အစားအသောက် အဲ့ဒါမျိုးတွေဖြစ်စေချင်တယ်။ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပိုပြီးတော့ ကောင်းလာစေချင်တယ်။ ပြီးရင် မူးယစ်ဆေးဝါးတွေ ပိုပြီးတော့ ကင်းစင်စေချင်တယ်။ အဲ့ဒီလိုမျိုးတွေကို အဓိကဖြစ်စေချင်တယ်။ ပြီးရင် လူငယ်တွေကို ကိုယ့်လွတ်လပ်ခွင့်နဲ့ ကိုယ်ဖန်တီးခွင့်တွေ ပေးစေချင်တယ် ။ တရားဥပဒေစိုးမိုးမှုက လက်ရှိစိတ်အထင်အရ တော့တော်တော်ကြီးကို ချွတ်ခြုံကျနေတယ်လို့ထင်တယ်။ လူတစ်ယောက်က ကိုယ့်ရဲ့ လုံခြုံမှုကို ကိုယ့်ဟာနဲ့ ကိုယ်ပဲဂရုစိုက်နေရတဲ့ အနေအထားမှာရှိတယ်။ ဒါကတော့ တော်တော်ကိုဆိုးတဲ့ အနေအထားလို့ သုံးသပ်ပါတယ်။

xxxxxxxxxxxxxxxxxxxxxxxxxxxx

ကိုစိုင်းဝမ်း

အနာဂတ် မြန်မာနိုင်ငံကြီးကို ဖြစ်စေချင်တဲ့ပုံစံကတော့ အရင်လို ပြီးပြီးရောမနေဘဲ အရာရာကို စနစ်တကျနဲ့ နေသွားသင့်တယ်လို့ထင်တယ်။ ဥပမာ အရင်က ခရီးသွားရင်း ကားပေါ်မှာ မုန့်စားတယ်။ စားပြီး မုန့်ခွံကို လမ်းပေါ်ပစ်ချတယ်။ ကိုယ်က တစ်ခု၊ နောက်တခြားသူကလည်း ကိုယ့်လိုပဲလုပ်၊ တစ်ယောက်ပြီးတစ်ယောက်လုပ်တော့ ကားလမ်းမကြီး ညစ်ပတ်ပြီး အများအမြင် မတင့်တယ်တော့ဘူးပေါ့။ ကွမ်းတံတွေးကအစ သတိထားပြီး ထွေးသင့်တယ်။ ကျွန်တော်တို့ နိုင်ငံကြီးတိုးတက်ဖို့ ချက်ချင်းကြီးပြင်ဖို့ မလွယ်ဘူး။ နိုင်ငံသားတိုင်းရဲ့အကျင့်တွေကို တဖြည်းဖြည်းပြင်ပြီးမှ တိုးတက်လာတဲ့ မြန်မာနိုင်ငံတော် ကြီးဖြစ်မယ်လို့ မြင်တယ်။ စီးပွားရေးအတွက်ဆိုလည်း နိုင်ငံအတွက် အကျိုးပြုမယ့် လုပ်ငန်းမျိုးတွေကို နိုင်ငံတော်က လမ်းကြောင်းပြပေးသင့်တယ်။ဥပမာ နိုင်ငံခြားဝင်ငွေရတဲ့ Export လုပ်ငန်းတွေ၊ စက်ရုံတွေထောင်ပြီး ဖက်စပ်မဟုတ်ဘဲ အရည်အသွေးရှိတဲ့သူတွေနဲ့ ကိုယ်ပိုင်ထုတ်လုပ်မှုမျိုးပေါ့။ အဲ့ဒီလိုမျိုးတွေ လုပ်နိုင်ရင်တော့ အနာဂတ်မြန်မာပြည်ဟာ တကယ့်ကို ကောင်းမွန်တဲ့ နိုင်ငံဖြစ်လာမှာပါပဲလို့ ကျွန်တော်က ယူဆတယ်။ အသေးစိတ်ပြောရင်တော့ အများကြီးပေါ့။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*