ကြုံဖူးဆုံဖူးကိုလူထူးများ(၃)

ကြုံဖူးဆုံဖူးကိုလူထူးများ(၃)
April 11, 2018 Leanne Win
ကြုံဖူးဆုံဖူးကိုလူထူးများ(၃)

ပြောရပေဦးမည်။ ယခုရေးသားနေ သော စာရေးသူတွေ့ကြုံဖူးသမျှ၊ မှတ်မိသမျှ “လူထူး”များသည် “ထူး မှမြတ်၊ ရူးမှတတ်”ဟူသော မြန်မာဆို ရိုးတစ်ပုဒ်နှင့် လားလားမျှမဆိုင်ပါ။ “ထူးလည်းထူးတယ်။ မူးလည်း မူး တယ်။ တို့ …ကိုကြီးကျော်”ဟူသော အရပ်ထဲမှာ ခေတ်စားသည့် Pop နတ်သီချင်းနှင့်လည်း မပတ်သက်ပါ။ စာရေးသူရေးသမျှ ပုဂ္ဂိုလ်များသည် စာရေးသူအမြင်တွင် ထူးခြားသော လူသားများ queer persons သာ ဖြစ်နေကြပြီး သူတို့အားလုံး ကွယ် လွန်ပြီးကြလောက်ပါပြီ။ မကွယ်လွန် သေးလျှင်လည်း နေရာဒေသနှင့် အ မည်နာမကို လွှဲပြောင်းရေးသားထား ရကား ပြဿနာမပေါ်လောက်ဟု ယုံ ကြည်ပါသည်။ အကယ်၍ မကွယ်လွန် သေးသော ဇာတ်ကောင်တစ်ကောင် က စာရေးသူ၏ စာကိုဖတ်မိခဲ့လျှင် …

“အံမယ် …ကြူးနှစ်ဆိုတာ ဟိုအကောင်ပဲဖြစ်မယ်။ ဆံရှည်ဖား လျား၊ ဂျင်းဘောင်းဘီတကားကားနဲ့ သွားလေရာ စာအုပ်တစ်ကိုင်ကိုင်နေ တတ်တဲ့ အကောင်လေ။ ဒီအကောင် က အခုစာရေးဆရာတွေ ဘာတွေ ဖြစ်လို့ပါလား”ဟု မှတ်ချက်ချကောင်း ချမည်။ ယခုအခါ သက်ကြီးရွယ်အို ကြီးဖြစ်နေမည့် အဆိုပါဇာတ်ကောင် သည် စာရေးသူကို အမှတ်မထင်တွေ့ ရှိပါက လက်ဆယ်ဖြာအုပ်မိုး၍ ရှိခိုး ကန်တော့နေမှာကတော့ အသေအ ချာပဲဖြစ်ပေလိမ့်မည်။

လူထူးတစ်ယောက်သည် မူမှန် စိတ်ထား normal mind မှ မဆိုသ လောက်ကလေးလွဲနေသည်ကလွဲ လျှင် ပုံယွင်းစိတ်ထား ဘေညသမာေူာငညိ ဖြင့် ရူးသွပ်နေသူတော့ မဟုတ်ပါ။ ပုံမှန်နေ၊ ပုံမှန်ဝတ်၊ ပုံမှန် စားသော်လည်း သူ၏ အပြုအမူတွေ က အများနှင့်မတူ ထူးခြားနေသော ကြောင့် စာရေးသူက “ကိုလူထူး”ဘွဲ့ ပေးအပ်ခြင်းမျှသာ။ (ကိုလူထူးကို …ကိုလူချောနှင့်ရောထွေးခြင်းမ ပြုမိစေရန် စာရေးသူသတိထားပါ သည်။ ကိုလူချောဟူသည်မှာ မြန်မာ့ ရုပ်ရှင်နယ်မှ အထင်ကရအဖွဲ့အစည်း ဖြစ်ပါသည်။ ရုပ်ရှင်လောကနှင့် စာ ရေးသူ နည်းနည်းကလေးတောင်မှ မငြိစွန်းချင်ပါ။ စာရေးသူက ကြောက်တတ်သောကြောင့် ဖြစ်ပါ သည်။ ဤကား …စကားချပ်။)

(ကိုင်း …) အကြင့်အကြောင်း ပြောကြပါစို့။

အကြင်ဆို၍ အမျိုးသမီးဟု မထင်လိုက်ကြပါနှင့်။ မြန်မာပြည် ပေါက် တရုတ်မတစ်ဦး၏ နာမည် လည်း မဟုတ်ပါ။
‘အကြင်’ ဟူသည် မိတ္ထီလာနယ် သား ယောက်ျားကြီးစစ်စစ်၊ မြန်မာ လူမျိုးစစ်စစ်၊ စစ်ပြန်စစ်မှုထမ်း ဟောင်းစစ်စစ်၊ အမြဲတမ်းခေါင်းတုံး ကြီးနှင့် နေတတ်သည့် လူထူးတစ် ယောက်သာဖြစ်ပါသည်။ သူ့နာမည် ရင်းက ‘မောင်ကြင်’ ဖြစ်သော်လည်း တပ်မတော်သားဘဝတုန်းက ရဲဘော် ရဲဘက်တွေက ချစ်စနိုးဖြင့် “အကြင် ..အကြင်” ဟုခေါ်ကြရာက မောင် ကြင်ဘဝက စုတေပြီးအကြင်ဟူ၍ဖြစ် လာခြင်းပါ။ သူ့ကို “အကြင်”ဟုခေါ် ဝေါ်ခြင်းကို သူက အသက် ၅ဝ ကျော် အရွယ် အငြိမ်းစားစစ်သည်တော်ကြီး ဘဝရောက်သည်အထိ မြတ်နိုးတန်ဖိုး ထားဟန်ရှိပါသည်။ သူ၏အိမ်စုတ် ကလေးရှေ့၊ ခနော်ခနဲ့ခြံတံခါးတွင် အ ဖြူခံမှာ ဆေးအနီရောင်ဖြင့်”အကြင်” ဟူသော ဆိုင်းဘုတ်ကလေးကို သေ ချာချိတ်ထားပါသည်။

အကြင်တို့ မိသားစုနေထိုင်သော လမ်းထဲသို့ စာရေးသူတို့ မိသားစု ပြောင်းရွှေ့လာကြချိန်က စာရေးသူ သည် ၁ဝ တန်းကျောင်းသားဖြစ်ပါ သည်။ အကြင်တို့ အိမ်ရှေ့က ဖြတ် သွားလျှင် အကြင်သည် အိမ်ရှေ့မြေ ကွက်လပ်ကလေးမှာ အဖော်တစ်ဦး ဦးနှင့်စစ်တုရင်ထိုးလျှင်ထိုး၊ ကျားထိုး လျှင်ထိုး (သို့မဟုတ်ပါက) စာအုပ် ဟောင်းကြီးတစ်အုပ်ကို စူးစူးစိုက် စိုက်ဖတ်နေလေ့ရှိသည်။ ဘယ်တော့ ကြည့်လိုက်ကြည့်လိုက် အကြင်သည် လက်သုံးလုံးလောက်ထူသော ထိုစာ အုပ်ဟောင်းကြီးကိုသာ မျက်လုံး ကျွတ်ထွက်ခမန်း ဖတ်ရှုနေတတ်သည် ကိုသာတွေ့ရပါသည်။ ထိုစာအုပ်ကြီး မှာ ၁၉၆၂ ခုနှစ်မတိုင်မီကတည်းက ကျောင်းသုံးအဖြစ် ပြဋ္ဌာန်းထားသော ကမ္ဘာ့သမိုင်းစာအုပ်ကြီးဖြစ်သည်။

တစ်နေ့သော် …လမ်းပေါ်မှာ လျှောက်သွားသော စာရေးသူအား အကြင်က ခြံဝကနေ လှမ်းခေါ်ပါ သည်။

“ဟေ့ …ကိုထွန်းတင်ရဲ့သား၊ ဆယ်တန်းကျောင်းသားကလေး ဒီကို ခဏလာပါဦးကွ …”
သူ့ခေါ်ပုံကိုပဲကြည့်။ ‘ဟေ့ …ငါ့တူ ခဏလောက်ကွာ”ဟုပြော လျှင် လုံလောက်ပါလျက်နှင့် စာရေး သူ၏ ဖခင်နာမည်ရော။ စာရေးသူ ၏ ကျောင်းပညာအဆင့်အတန်းကိုပါ ဆွဲထည့်ပြီး ထူးထူးဆန်းဆန်းခေါ် သည်။

“ဘာကိစ္စရှိလို့လဲ ဦးလေး”ဟု စာရေးသူက ကြောင်တိကြောင်အဖြင့် မေးသော် သူက ပြုံးသည်။

“ကိစ္စက အရေးကြီးတယ်။ မင်း တို့ ငါတို့အားလုံးအတွက် အရေးတ ကာ့အရေးအကြီးဆုံး ကိစ္စကြီးပဲ”
ဤရပ်ကွက်တစ်ခွင် ပတ်ဝန်း ကျင်တွင် အကြင့်ကို လူထူးလူဆန်း တစ်ဦးအဖြစ် အများက သတ်မှတ် ထားရာ သူက ‘အကြီးဆုံးကိစ္စကြီးပဲ’ ဟုဆိုသောအခါ စာရေးသူကျောချမ်း သွားသည်။ သူသည် ‘ထူး’ရုံမျှမက ရူး နေပြီလော။

သူက ဖတ်နေကျ ကမ္ဘာ့သမိုင်း ကျောင်းသုံးစာအုပ်ဟောင်းကြီးကို ယူလာပြီး စာရေးသူလက်ထဲ ထိုး ထည့်သည်။ စာရေးသူ ဘူးလုံးနားမ ထွင်း၊ ကြောင်အန်းအန်းဖြစ်ဆဲပါ။

“ဒါ ..စာအုပ်ဟောင်းကြီးဗျ။ ကျောင်းတွေမှာ မသင်တော့ဘူး”ဟု စာရေးသူက ပြောလျှင် သူက အပြုံး မပျက်ဘဲ …
“ငါတို့ အလိမ်ခံနေကြရတာကို ပြောချင်လို့ကွ”ဟု ပြောလာပြန်သည်။
“ဘယ်လိုအလိမ်ခံရတာလဲ၊ ဘယ်သူက လိမ်တာလဲ “

“မင်းကြည့်စမ်း၊ ဒါ ကမ္ဘာ့သမိုင်း စာအုပ်ကြီး။ ကမ္ဘာပေါ်က နိုင်ငံတွေ ရဲ့ မြေပုံတွေပါတယ်။ တရုတ်ပြည် မြေပုံပါသကွာ၊ အိန္ဒိယပြည် မြေပုံပါ သကွာ။ အင်္ဂလန်မြေပုံလည်းပါတယ်။ ငါတို့ မြန်မာပြည်မြေပုံကျတော့ အစ အနတောင် မတွေ့ရဘူး”
“ဟာ ..ဦးလေးကလည်း ဒါ က ကမ္ဘာ့သမိုင်းစာအုပ်ပဲ။ မြန်မာ့ သမိုင်းစာအုပ်ကို ကြည့်မှ မြန်မာပြည် မြေပုံကို တွေ့ရမှာပေါ့”

“မဟုတ်သေးဘူး ကောင်က လေး။ ကမ္ဘာပေါ်မှာ ငါတို့ မြန်မာနိုင် ငံဆိုတာ ရှိမနေလို့ ဒီစာအုပ်ထဲမှာ ထည့်မထားတာ။ ရှိရင်ထည့်ထားမှာ ပေါ့ကွ။ လက်စသတ်တော့ ငါတို့မင်း တို့ဟာ ကမ္ဘာပေါ်မှာ မရှိတဲ့တိုင်းပြည် တစ်ပြည်မှာ နေကြရတဲ့အတိုင်းပဲ”

ကမ္ဘာသမိုင်းစာအုပ်နှင့်ပတ် သက်၍ ဦးအကြင်က “ကျားကျားမီး ယပ်”တစ်ဖက်သတ်ငြင်းနေခြင်း ကြောင့် စာရေးသူလည်း သူ့ကိုရှောင် နိုင်သမျှ ရှောင်နေခဲ့ပါသည်။ စာရေး သူ၏ သူငယ်ချင်းများဖြစ်ကြသော ‘ခေါင်းကြီးစိုးမြင့်’၊ ‘ကုလားမြင့်ဆွေ’တို့ကိုလည်း ဦးအကြင်က အတင်း ခေါ်ပြီး ကမ္ဘာ့သမိုင်းစာအုပ်ကြီးပြ ကာ ‘ကမ္ဘာပေါ်မှာ မြန်မာပြည်မရှိ ကြောင်း’ အခိုင်အမာပြောခဲ့သည်ဟု ကျွန်တော်ကြားရသည်။

ထိုသတင်းမှာ စာရေးသူတို့ ရပ် ကွက်အတွင်းမှာ ပျံ့နှံ့နေတော့ရာ၊ ခေတ်ပညာတတ်လူငယ်အချို့က နှာ ခေါင်းရှုံ့ကြသည်။ ထိုသတင်းကို ကြားသော စာရေးသူတို့အိမ်အနီးမှ မူလတန်းပြဆရာကလေး ကိုထွန်းရီ က မနေနိုင်မထိုင်နိုင် ဦးအကြင်ကို သွားတွေ့သည်။ ကိုထွန်းရီကလည်း ကျောင်းပြင်ပမှာဆိုလျှင် ရွှတ်တွတ် တွတ်ရယ် …။
“ဦးအကြင် …ကျွန်တော်တို့ မြန်မာနိုင်ငံ ကမ္ဘာပေါ်မှာ မရှိဘူးဆို တာ တကယ်လားဗျ ..”

“တကယ်ပေါ့ ကျောင်းဆရာရဲ့” ဟုဆိုကာ ဦးအကြင်က စာအုပ် ဟောင်းကြီးကို သေချာလှန်လှောပြ သည်။ “နို့ …ဒါဖြင့် မြန်မာနိုင်ငံက ဘယ်မှာရှိတာတုံး”ဟု ဆရာကိုထွန်း ရီက ထပ်ဆွပြန်သည်။

“ဟာ …ကျောင်းဆရာလုပ် ပြီး ညံ့လိုက်တာ။ ကျုပ်တို့နိုင်ငံဟာ ဇမ္ဗူဒိပ်ကျွန်းမှာရှိနေတာ၊ ဇမ္ဗူဒိပ် ကျွန်းဆိုတာလည်း ကမ္ဘာ့သမိုင်းစာ အုပ်တွေမှာ မပါဘူး။ ကျုပ်လေ့လာ ပြီးပြီဗျ ..”

ကြူးနှစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*