အချိန်များ

အချိန်များ
April 11, 2018 Leanne Win
အချိန်များ

 

(၁)
အဖေက ၁၉၉၅ ခုနှစ်မှာ ကွယ် လွန်ခဲ့ပြီး အမေက ၁၉၉၇ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ ကျွန်တော်က ၁၉၅၁ ခုနှစ်ဖွားဆိုတော့ အဖေ၊ အမေကွယ်လွန်ချိန်မှာ ကျွန်တော့် အသက် ၄၄ နှစ်၊ ၄၆ နှစ်ဖြစ်ပါတယ်။ အခုကျွန်တော့် အသက် ၆၆ နှစ်ဆို တော့ အဖေ၊ အမေမရှိဘဲ ကျွန်တော့် အသက်ရှင်မှုမှာ အနှစ် ၂ဝ ကျော်ရှိ ပါပြီ။
စင်စစ်တော့ ပညာသင်ဖို့ မိဘ နဲ့ ခွဲခဲ့ရတာက အသက် ၁၉ နှစ်ကပါ။ အိမ်ထောင်ကျတော့ မိဘနဲ့ ၃ နှစ် အတူနေခဲ့ရပါတယ်။ ၁၉ နှစ်နဲ့ ၃နှစ် နဲ့ ပေါင်းရင် ၂၂ နှစ်ပါ။ ပြန်စဉ်းစား ကြည့်တော့ မိဘများ အသက်ရှင်နေ ပေမယ့် အမှန်အတူနေခဲ့ရတဲ့ နှစ်က ၂၂ နှစ်ပဲရှိပါတယ်။ ကျွန်တော့် အသက် ၆၆ နှစ်ဆိုတော့ ၄၄ နှစ်မှာ ၂၂ နှစ်က မိဘမရှိတဲ့ နှစ်များဖြစ်ပြီး ၂၂ နှစ်က မိဘရှိပေမယ့်အတူမနေတဲ့ နှစ်များဖြစ်ကြောင်း တွေ့ရှိရပါတယ်။

(၂)
အိမ်ရဲ့ ဘုရားခန်းမှာ လမ်း လျှောက်ရင်း အဖေ၊ အမေအကြောင်း တွေကို စဉ်းစားနေမိပါတယ်။ ကွယ် လွန်ခဲ့တာ နှစ်ပေါင်းနှစ်ဆယ်ကျော် ပေမယ့် ကျွန်တော့်ရင်ထဲမှာတော့ အမြဲရှင်လျက်ပါ။ ကိန်းဂဏန်းတွေကို တွက်ချက်မိတော့ ဝမ်းနည်းစိတ် လည်း ဝင်မိပါတယ်။ ကျွန်တော့် အသက် ၆ဝ ကျော်နေပေမယ့် အမေ၊ အဖေတို့နဲ့ တကယ်နေခဲ့ရတာ က အနှစ်နှစ်ဆယ်ကျော်ပဲ ရှိပါလား ဆိုတာ တွေးမိလို့ပါ။

(၃)
ကျွန်တော့်မှာ သားသမီးလေး ယောက်ရှိပါတယ်။ သမီး ၃ ယောက် သားတစ်ယောက်ပါ။ သမီး ၃ ယောက်က အကြီးပါ။ သမီးတွေက အသက် ၄ဝ၊ အသက် ၃၇၊ အသက် ၃၄ နှစ် တို့ရှိပါပြီ။ သမီးကြီး ၂ ယောက်က အခုထိအိမ်မှာ နေနေ တာပါ။ သူတို့အသက်နဲ့အမျှ မိဘနဲ့ မခွဲဖူးပါဘူး။ သမီးငယ်နဲ့ သားငယ် လေးကတော့ အိမ်ထောင်လည်းကျပါ ပြီ။ အိမ်ထောင်မကျခင်လည်း မိဘ နဲ့ခွဲပြီး အလုပ်လုပ်ခဲ့ရတာပါ။ သား ငယ်က ကျွန်တော်တို့နဲ့ အနှစ် ၂ဝ လောက်အတူနေရပြီး သမီးငယ်လေး က ၂၄ နှစ်လောက် အတူနေရပါ တယ်။

(၄)
ကျွန်တော့် မိဘများ၊ ကျွန်တော့် သားသမီးများနဲ့ အတူနေရတဲ့ ဖြစ်စဉ်တွေကို စဉ်းစားကြည့်တဲ့အခါ အံ့သြရပါတယ်။ တကယ့် တကယ် တော့ ကျွန်တော့်အသက်တမျှလို့ တွေးလိုက်ရင် ထင်ရပေမယ့် ထင် သလောက်အတူတူ မနေခဲ့ရဘူးဆို တာ သိသာပါတယ်။ အချိန်တွေက တော့ အတိအကျစီမံထားတာပါပဲ။ စိတ်ထဲမှာတော့ အချိန်တွေ ပျောက် ဆုံးသွားတယ်လို့ ထင်ရပါတယ်။ မိဘ တွေနဲ့ ထင်သလောက် မနေရပါဘူး။ သားသမီးတွေနဲ့ ထင်သလောက် မနေရပါဘူး။

(၅)
စင်စစ် နှစ်တွေကို ပိုင်းခြားစိတ် ဖြာကြည့်ရင် ၅ နှစ်တစ်ခါမပြောင်း တောင် ၁ဝ နှစ် တစ်ခါတော့ ပြောင်း ခဲ့ကြတတ်ပါတယ်။ ကျွန်တော်ဆိုရင် တောင်တွင်းကြီး-ရန်ကုန်-မကွေး- မန္တလေး အခြေအနေအရ ပြောင်းခဲ့ ရတာပါ။သတိမူမိသည်ဖြစ်စေ၊ သတိ မမူမိသည်ဖြစ်စေ အံ့သြစရာကတော့ အချိန်ပါပဲ။ အချိန်တစ်ခုမှာ အောင် မြင်နိုင်တယ်။ အချိန်တစ်ခုမှာ ဆုံးရှုံး နိုင်တယ်။ အချိန်တစ်ခုမှာ တက်ြ<ွက လန်းဆန်းပြီး အချိန်တစ်ခုမှာ စိတ် ဓာတ်ကျဆင်းနိုင်တယ်။ ပိုပြီးထူးဆန်း တာက ဘယ်လိုက ဘယ်လို အသက် တွေကြီးလာသလဲ။ ဘယ်လိုက ဘယ် လို အခက်အခဲတွေ ဖြတ်ကျော်ခဲ့သလဲ ဆိုတာတွေ သတိမမူ မိနိုင်အောင် အချိန်ဟာ ပိရိသေသပ်စွာဖြတ်ကျော် နိုင်တာပါပဲ။

အချိန်
ဖွဖွခြေသံများ
တိုးတိတ်ညင်ညင်သာသာ သွား
အံ့သြဖွယ်ရထား။

မောင်ကြည်သာ (တောင်တွင်း)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*