ကြုံ ဖူးဆုံဖူး ကိုလူထူးများ(၂)

ကြုံ ဖူးဆုံဖူး ကိုလူထူးများ(၂)
April 10, 2018 Leanne Win
ကြုံ ဖူးဆုံဖူး ကိုလူထူးများ(၂)

သူ့နာမည်က အောင်ကျော်ခန့်။ အင် မတန်ခံ့ညားထည်ဝါလှသော နာမည်။ အသက် ၆ဝ အရွယ်လောက် မှာ “စိတ်ကြံသလောက်၊ အဓိဋ္ဌာန် ပေါက်”သည့် မဟိဒ္ဓိဂိုဏ်းဝင်လိုလို၊ သိဒ္ဓိဂိုဏ်းဝင်လိုလို အများက ယုံ ကြည်ကြသောအခါ သူ့ကို အများသူ ငါက ဂုဏဝုဒ္ဓိအရာသွင်း၍ “ဆရာ ကြီး အောင်ကျော်ခန့်”ဟု တရိုတသေ ခေါ်ဝေါ်ကြသည်။

ဦးအောင်ကျော်ခန့်သည် အ သားနီစပ်စပ်၊ ကိုယ်လုံးကိုယ်ထည် တောင့်တောင့် ပုပျပ်ပျပ်နှင့် ဥပဓိရုပ် ကောင်းပါသည်။ ယောဂီရောင် ဝတ်စုံကို သပ်သပ်ရပ်ရပ်ဝတ်၍၊ ပန်းနုရောင်ပိုးပဝါကလေးကို နှစ် ဖက်စ,ထောင်ပြီး လှလှပပ ပေါင်း ထားလိုက်သောအခါ တကယ့်အစစ် အမှန်ဘိုးတော်တစ်ပါး၏ အသွင် အပြင်မျိုးဖြင့် ဟိတ်ဟန်ပေါ်လွင်လာ တော့သည်။ သူ၏အသက်မွေးဝမ်း ကျောင်းအလုပ်အကိုင်ကား “ဗေဒင် ဆရာ” ဖြစ်သည်။ ဗေဒင်နှင့်တွဲ၍ ဓာတ်ရိုက်ဓာတ်ဆင်၊ ယတြာအလုပ် များလုပ်ပေးသည်။ ပယောဂလည်း ကုသည်ဟု ဆိုသည်။

ထူးခြားသည်မှာ သူနေထိုင် သော ရန်ကုန်မြောက်ပိုင်းခရိုင်ထဲက ရပ်ကွက်ကလေးထဲမှာတော့ အထက် ဖော်ပြပါအလုပ်များမလုပ်ပါ။ ဂုဏ် တွေ ဟိတ်တွေ ရှိသော်လည်း ဦး အောင်ကျော်ခန့်သည် ဆင်းရဲနွမ်းပါး လှပါသည်။ သူနှင့်ရွယ်တူ ဇနီးနှင့် အတူ၊ နှစ်ယောက်တည်း နေထိုင် သော အိမ်ကလေးမှာ သွပ်မိုး၊ ထရံ ကာအိမ်ဟောင်းကလေး တစ်လုံးမျှ သာဖြစ်ပါသည်။

ဦးအောင်ကျော်ခန့်မှာ သားသ မီးရှိမှန်း မရှိမှန်းလည်း ကျွန်တော်တို့ မသိကြပါ။ သူ့ဇနီး အဘွားကြီးမှာ ‘ကတော်ကျ’ ရုပ်ရည်မျိုးရှိပြီး၊ အဝတ် အစား အပြင်အဆင် လက်ဝတ်တန် ဆာမတောက်ပြောင်ပါ။ သို့သော် ဗေဒင်ဆရာကတော်ကြီးက ဘုရင်မ တစ်ပါးလိုတော့ မျက်နှာထားတင်းလှ သည်။ ဆရာကြီး အောင်ကျော်ခန့် က ပတ်ဝန်းကျင်နှင့် ဆက်ဆံရာတွင် ဖော်ဖော်ရွေရွေရှိသလောက် အဘွား ကြီးက မျက်နှာကြောကတင်းလှသည်။

ဆရာကြီးမှာ ကော်ဖီမှုန့်ရောင် “ဝမ်းဆက်”ဝတ်စုံ ဘယ်နှစုံရှိမှန်း တော့မသိ။ သူက အိမ်မှာနေရင်း လည်း ထိုဝတ်စုံကိုသာဝတ်သည်။ အပြင်ထွက်တော့လည်း ထိုဝတ်စုံနှင့် ပင်။ အပြင်ထွက်လျှင် တစ်ခုပိုလာ သည်ကတော့ ပန်းနုရောင်ပိုးပဝါ ခေါင်းပေါင်းကလေး။

ဆရာကြီးတို့ ဇနီးမောင်နှံက အခြားတစ်ပါးသော အရပ်ကနေ၊ ကျွန်တော်တို့ ရပ်ကွက်သို့ ပြောင်းရွှေ့ ကာ အိမ်တစ်လုံးကို ဝယ်ယူနေထိုင် ကြခြင်းဖြစ်သည်။
“ဆရာကြီးက ဒီအိမ်မှာ ဘာ ကြောင့်ဗေဒင်မဟောပါသလဲခင်ဗျာ” ဟု အိမ်နီးချင်းတစ်ဦးက မေးသော အခါ …

“ဒီလိုရှိတယ်ဗျ …၊ ကျုပ်တို့ အထက် ဆရာကြီးတွေရဲ့ ညွှန်ကြား ချက်ရှိတယ်။ ကျုပ်တို့ ဂိုဏ်းက သတ် မှတ်ပေးတဲ့ ဓာတ်ခန်းမှာပဲ အဟော အပြော၊ ဓာတ်ရိုက်ဓာတ်ဆင်လုပ်ရ တယ်။ ပယောဂကုရတယ်။ စည်း ကမ်းဆိုပါတော့ဗျာ။ ကျုပ်တို့က အဲဒီ စည်းကမ်းကို အတိအကျလိုက်နာရ တယ်”ဟု ခန့်ညားစွာ ဖြေပါသည်။

ကျွန်တော်နှင့် သူငယ်ချင်း ‘ရေ အေး’တို့မှာ စာရူးပေရူး၊ ချောက်တီး ချောက်ချက်စာရေးဆရာ၊ ကဗျာ ဆရာတွေပီပီ …။ ပတ်ဝန်းကျင် လူသားများကို အလေးအနက်မထား၊ စိတ်မဝင်စားကြသော်လည်း ဆရာ ကြီးဦးအောင်ကျော်ခန့်ကိုတော့ ကျွန် တော်တို့ စိတ်ဝင်တစားလေ့လာနေ ကြသည်။ တကယ်လေ့လာကြည့် တော့မှ ဆရာကြီးသည် ဖြီးဖြန်းညာ ဝါးနေသော ဗေဒင်ဆရာမဟုတ်။ လောကီပညာရပ်မျိုးစုံကို ခြေခြေမြစ် မြစ် လေ့လာလိုက်စားထားသော အင်္ဂလိပ် မြန်မာနှစ်ဘာသာကောင်း ကောင်းတတ်သည့် ပညာတတ်တစ် ဦးဖြစ်မှန်း သိလာရပါသည်။

“ငါ ဘီအက်စ်စီဘွဲ့ရပြီး ဘာမှ မကြာဘူး။ သိပ္ပံပညာကို အယုံအ ကြည်ကင်းမဲ့လာတယ်။ မင်းတို့ ခပ် လွယ်လွယ်ပြောနေကြတဲ့ ဂမ္ဘီရပညာ ကို လေ့လာရင်း ငါယုံကြည်သွား တယ်။ အရင်က ဗေဒင်ကို မယုံတဲ့ ငါဟာ ဗေဒင်ပညာကို နက်နက်နဲနဲ ကျယ်ကျယ်ပြန့်ပြန့်လေ့လာလိုက်စား မိတယ်။ အဂ္ဂိရတ်လည်း ထိုးတယ်။ အဲသလို လောကီပညာဘက်ကို ဦး စားပေးမိတဲ့အတွက် ငါလည်း ရုံးအုပ် ရာထူးကတော့ ပြုတ်သွားတယ်။ ဒါ ပေမဲ့ ငါမပူပါဘူး။ သားသမီးတွေက လည်း ဘွဲ့အသီးသီးရ၊ အိမ်ထောင် တွေ ကျကုန်ကြပြီ။ ငါ့ရဲ့ ငယ်ချစ်ဇနီး ကိုပဲ ငါလုပ်ကျွေးရတော့မယ်။ ဒါ လည်း လွယ်ပါတယ်။ ငါဗေဒင်ဟော ပြီး ကျွေးနိုင်တယ်။ ဒီပညာတတ်ထား မှတော့ ငါတို့လင်မယား ထမင်းမငတ် နိုင်တော့ပါဘူး။ ဟုတ်တယ်မှုတ်လား ကွ”ဟု သူက ပြောသောအခါ၊ ယမ ကာရီဝေနေကြသော ကျွန်တော်တို့ နှစ်ယောက်က “ဝုတ်တယ် ရှာကြီး၊ ဝုတ်တယ် …ဝုတ်တယ်”ဟု ထောက်ခံလိုက်ကြ၏။

ဆရာကြီး ဦးအောင်ကျော်ခန့် သည် ကျွန်တော်နှင့် ရေအေးတည်း ဟူသော စာရူးပေရူး ငမူးနှစ်ကောင် ကို ထူးထူးခြားခြားခင်မင်သည်။ ချစ် လှစွာသော တူသားနောင်မယ်လို ဆက်ဆံလေ့ရှိသည်။

“ငါက စာရေးဆရာ၊ ကဗျာဆ ရာဆိုရင် အထက်တန်းစားလူသား တွေအဖြစ် သတ်မှတ်သကွ။ ငါ ဦး ထိပ်ပန်ဆင်ပြီး ကိုးကွယ်ရတဲ့ စာဆို တော်ကြီး ==စလေဦးပုည++ဆိုရင် စာ ရေးဆရာလည်းဖြစ်တယ်။ ကဗျာဆ ရာလည်းဖြစ်တဲ့ ပါရမီရှင်ကြီးမဟုတ် လား”

“ဝုတ်တယ် ..ရှာကြီး၊ ဝုတ် တယ်..”

“ဦးပုညဟာ ခွေးသတ်လို့ သေ ခဲ့ရတာတော့ နာသကွာ”

“ဝုတ်တယ် ..ရှာကြီး၊ ဝုတ် တယ် ..”

“မြို့ဝန်ဦးသာအိုးဆိုတာ မယား ငယ်တွေ အများကြီးနဲ့ကွ။ သူ့အိမ်မှာ အကျယ်ချုပ်နဲ့ အဖမ်းခံထားရတဲ့ ဦး ပုညကို ..”

“ဦးပုညကို ဘာလို့ဖမ်းတာလဲ ရှာကြီး” ဟု ရေအေးက မေးသော အခါ ဆရာကြီးက ..

“မသိချင်ပါနဲ့ကွာ၊ နိုင်ငံရေး တွေ ငါမပြောချင်ဘူး။ လက်ကြောင့် ကြေ၊ နှုတ်ကြောင့်သေ ဆိုတာ နိုင်ငံ ရေးပဲ။ ဦးပုညဟာ နိုင်ငံရေးနဲ့ပတ် သက်ပြီး ဗေဒင်ဟောလို့ အဖမ်းခံရ တာ။ မြို့ဝန်ဦးသာအိုးက သူ့မယား ငယ်တွေနဲ့ ဦးပုညနဲ့ ငြိတယ်ထင်ပြီး ဦးပုညကို ရေနှစ်သတ်ပစ်လိုက်တာ၊ အဲဒီကိစ္စကို မင်းတုန်းဘုရင်ကြားသွား တော့ “လူကို ခွေးသတ်လေခြင်း”လို့ ညည်းရှာသတဲ့။ ဒါကြောင့် စလေဦး ပုညကို ခွေးသတ်တာလို့ ငါစောစော က ပြောတာ”

ထိုနေ့ကကျွန်တော်တို့၏စကား ဝိုင်းရှိခဲ့သောနေရာမှာ လမ်းထိပ် “ဘုံဆိုင်”မှာဖြစ်ပါသည်။ ဆရာကြီး ၏ ထူးခြားချက်တစ်ခုမှာ … “ဓာတ်ကျသည်၊ ဓာတ်စီးရမည်”ဆို ကာ အရက်သောက်တတ်ခြင်းဖြစ် သည်။ ယောဂီဝတ်စုံကြီး ဝတ်ပြီး အရက်ဖြူဆိုင်ထဲမှာ ယမကာမော့ နေတတ်သော ဆရာကြီးကို နားလည် ရခက်ပါသည်။ ကျွန်တော်တို့ကတော့ ကျွန်တော်တို့၏ ကျေးဇူးရှင်ဆရာကြီး ကို နေ့တိုင်းသောက်စေချင်ကြသည်။ သူလာလျှင် ကျွန်တော်တို့ အရက် လည်း တစ်ဝသောက်ရ၊ မုန့်ဖိုးပဲဖိုး လည်း ရတတ်ပေသကိုး။
ထိုနေ့ကကျွန်တော်သည် စလေ ဦးပုည၏ ဟာသရသပါသော တေး ထပ်တစ်ပုဒ်ကိုရွတ်ဆိုပါသည်။ တေး ထပ်တစ်ပုဒ်လုံးကို မဖော်ပြတော့ပါ။ အဓိပ္ပာယ်နှစ်ခွထွက်သော ဟိုလိုလို ဒီလိုလိုတေးတပ်ဖြစ်သည်။ ကျွန် တော်က တေးထပ်အစ ပိုဒ်ကို သံနေ သံထားဖြင့် ရွတ်ဆိုလိုက်သည်။

“တူနှစ်ကိုယ်လျောင်းမွေ့x x x လောင်းကလေ့နာဝါ x x x စောင်း ပုလွေ့ဘာဂျာကို x x x သာအယာ ကြူ၍ …”

ဆရာကြီးအောင်ကျော်ခန့်သည် ထွေတေတေရှိလာပြီဖြစ်ရာ အာလေး လျှာလေးကြီးဖြင့် …”စောင်းပလွေ့ ဘာဂျာ …စောင်းပုလွေ့ဘာဂျာ” အပိုဒ်ကို ထပ်တလဲလဲ အော်ဟစ်နေ တော့၏။

“မကြီးမငယ်နဲ့ ဒီအရွယ်ကြီးကျ မှ ဘာဂျာမှုတ်ချင်ဦးဟဲ့။ ဘာဂျာမှုတ် ချင်ဦး” ဟုဆိုကာ ဆရာကြီးအား ပါး တဖြန်းဖြန်းဝင်ချနေသူကား … ဆရာကြီးကတော်ဖြစ်လေသည် တ ကား။ ဆရာကြီးကား … “စောင်း ပုလွေ့ဘာဂျာ”တစ်ပိုဒ်ကို ရွတ်ဆိုနေ ဆဲ …။ ။

ကူးနှစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*