မိဘနှစ်ပါးကို ဦးထိပ်ထားတဲ့ အကယ်ဒမီ ခန့်စည်သူရဲ့နှစ်သစ်အကြို အလှူမင်္ဂလာ

မိဘနှစ်ပါးကို ဦးထိပ်ထားတဲ့ အကယ်ဒမီ ခန့်စည်သူရဲ့နှစ်သစ်အကြို အလှူမင်္ဂလာ
April 10, 2018 AsianFame MediaGroup
မိဘနှစ်ပါးကို ဦးထိပ်ထားတဲ့ အကယ်ဒမီ ခန့်စည်သူရဲ့နှစ်သစ်အကြို အလှူမင်္ဂလာ

အနန္တကျေးဇူးရှင် မိဘနှစ်ပါးဖြစ်တဲ့ ဦးဝင်းဆွေ + ဒေါ်မင်းသွယ်နုတို့ အား ဦးထိပ်ထားပြီး ၇ ရက် သားသမီးများကိုယ်စား အလှူ့ဒါယကာ သီဟ သုဓမ္မမဏိဇောတဓရ၊ အဘိဓမ္မဓရ အကယ်ဒမီ ခန့်စည်သူရဲ့ နှစ်သစ်အကြို အလှူမင်္ဂလာဖြစ်တဲ့ ပိဋကဂုဏ်ရည် ၃ ထပ် ကျောင်းဆောင်၊ ပိဋကတိုက်တော် ရတနာ အုတ်မြစ်တော်စီမင်္ဂလာ၊ ရဟန်းပဉ္ဇင်း ၁ဝ ပါး၊ ရှင်သာမဏေ ၁ဝ၈ ပါးတို့ကို ဗုဒ္ဓသားတော်များအဖြစ် သာသနာ့ဘောင်သို့ ပို့ဆောင် သာသနာ့ အမွေခံယူ အလှူတော်မင်္ဂလာ၊ အလင်းပြကောင်းကင် ဒီဇိုင်နာ ပရဟိတ အသက်မွေးသင်တန်းကျောင်း အပတ်စဉ် (၁) ဆင်းပွဲ၊ အပတ်စဉ် (၂) ဖွင့်ပွဲ မင်္ဂလာနှင့် အလှူတော်ငွေ ပေးအပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနားကို ဧပြီလ ၇ ရက်နေ့ မနက် ၉ နာရီက သင်္ဃန်းကျွန်းမြို့နယ်ရှိ ”ဓမ္မဝိဟာရပထမကျော် စာသင်တိုက်နှင့် ဓမ္မရိပ်သာ” ကျောင်းတိုက်မှာ ပြုလုပ်ကျင်းပခဲ့ပါတယ်။ အလှူ မင်္ဂလာနဲ့ပတ်သက်ပြီး အလှူ့ဒါယကာ အကယ်ဒမီခန့်စည်သူက …

”ရဟန်းခံ ရှင်ပြုကတော့ ကျွန်တော် ဒကာခံပြီး နှစ်တိုင်းဒီကျောင်းမှာ လုပ်ဖြစ်ပါတယ်။ ဒီနှစ်လည်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာရှိတဲ့ ကလေးတွေကို ရဟန်းခံ ရှင်ပြုပေးဖြစ်တယ်။ လွန်ခဲ့တဲ့နှစ်နှစ်၊ သုံးနှစ် ကတော့ ကျွန်တော်က ရုပ်ရှင်အစည်းအရုံးမှာရှိတဲ့ ရုပ်ရှင်အစည်းအရုံး ဝင်တွေထဲကနေ ရဟန်းခံ ရှင်ပြုမယ့်သူတွေကို အပါးရေ မသတ်မှတ်ဘဲ ကြိုက်သလောက်ဝတ်လို့ ရပါတယ်ဆိုပြီး ကျွန်တော် ဒီကျောင်းမှာပဲ အလှူ ပေးခဲ့ဖူးပါတယ်။ အခုက ဒီဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာရှိတဲ့ မိဘမဲ့ကလေးတွေ၊ ဆင်းရဲနွမ်းပါးတဲ့ကလေးတွေကို အဓိကဦးစားပေးပြီးတော့ ရှင်ပြုပေးပါတယ်။ နောက်တစ်ခုကတော့ ဆရာတော်က ပိဋကတိုက် ဆောက်ချင်တယ်ဆိုလို့ ပိဋကတိုက်ကို ဒီနေ့အုတ်မြစ်ချပါတယ်။ ဒီပိဋကတိုက် ကလည်း ဓမ္မ စေတီတည်သလိုပေါ့နော်။ အဲဒါလေးလည်း ဒီနေ့ လှူခဲ့ပါတယ်။ ဒီဇိုင်နာပရဟိတ သင်တန်းကျောင်း အပတ်စဉ် (၁) ဆင်းပွဲနဲ့ အပတ်စဉ် (၂) သင်တန်း လက်ခံတဲ့ အစီအစဉ်လေး ဒီနေ့လုပ်ပါတယ်။ ပြီးသွားလို့ရှိရင် ကျွန်တော်တို့က ၅ လပိုင်းကျရင် ဗိုလ်တထောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နဲ့ တိုင်ပင်ပြီးတော့ စစ်ဘေးရှောင်ဒေသမှာရှိတဲ့ အမျိုးသမီးတွေကို အချုပ်အလုပ်နဲ့ ဒီဇိုင်နာသင်တန်း တိုးတက်ဖွံ့ဖြိုးဖို့အတွက် ကျွန်တော်တို့ စီစဉ်ထားပါတယ်။ အဲဒီအမျိုးသမီးတွေ အတွက် ဒီကျောင်းမှာပဲ နေဖို့ ထိုင်ဖို့ စီစဉ်ပေးထားပါတယ်။ နေ့တိုင်း စားဖို့သောက်ဖို့အတွက်တော့ ကျွန်တော် တာဝန်ယူထားပါတယ်” လို့ ခန့်စည်သူက ပြောပါတယ်။ ရဟန်းခံရှင်ပြုအလှူပြု လုပ်ပေးတာကတော့ ဒီနှစ်နဲ့ဆိုရင် ၁ဝ နှစ် ကျော်ပြီလို့ သိရပါတယ်။ ခန့်စည်သူ ရဲ့ အလှူကိုတော့ သီလရှင်ဝတ်နေတဲ့ ဆရာလေးနန္ဒမာလာ(ခ)ထက်ထက်မိုးဦး လည်း ကြွရောက်ကုသိုလ်ယူခဲ့ပြီး ဆရာလေးအနေနဲ့လည်း အနုပညာအလုပ်တွေ ပြန်လုပ်တော့မယ်လို့ ကြားသိခဲ့ရပြီး အနုပညာ အလုပ်တွေ ပြန်လုပ်စေချင်ကြတဲ့ ပရိသတ်တွေရဲ့ ဆန္ဒတွေပြည့်ဝတော့မလားဆိုတာကတော့ စောင့်ကြည့်ရတော့ မှာပဲဖြစ်ပါတယ်။

ဇင်မာနွယ် ၊

ဓာတ်ပုံ – မင်းမင်းထွန်း

 

 

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*