ဝေဖန်မှုတွေထွက်ရှိခဲ့တဲ့ အကယ်ဒမီဆု များနဲ့ ပတ်သက်ပြီး ပြန်လည်သုံးသပ်ဆွေးနွေး

ဝေဖန်မှုတွေထွက်ရှိခဲ့တဲ့ အကယ်ဒမီဆု များနဲ့ ပတ်သက်ပြီး ပြန်လည်သုံးသပ်ဆွေးနွေး
April 9, 2018 AsianFame MediaGroup
ဝေဖန်မှုတွေထွက်ရှိခဲ့တဲ့ အကယ်ဒမီဆု များနဲ့ ပတ်သက်ပြီး ပြန်လည်သုံးသပ်ဆွေးနွေး

၂ဝ၁၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်တဲ့အခမ်းအနား လုပ်ငန်းဆောင်ရွက်ချက်များအပေါ် ပြန်လည်သုံးသပ်ခြင်းနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတစ်ရပ်ကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်း ကိုယ်တိုင်ဦးဆောင်ပြီး ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။

”ဆုရွေးချယ်ရေးအဖွဲ့က အကယ်ဒမီကို ဒီနှစ်မှာ အရင်တုန်းက မူ အဟောင်းအတိုင်း ရွေးချယ်ခဲ့ကြတာဖြစ်တယ်။ အဲဒီတော့ ဒီနှစ်ထဲမှာပဲ အကယ်ဒမီနဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းကို လောကသားတွေနဲ့ ကျယ် ကျယ်ပြန့်ပြန့် တွေ့ဆုံဆွေးနွေးပြီးတော့ ပြုပြင်သင့်တာတွေကို ပြုပြင်သွား ကြပါမယ်။ အခုဆွေးနွေးခဲ့ကြတာကတော့ ဆုရွေးချယ်ရေးအဖွဲ့အနေနဲ့သူတို့ တွေ့ကြုံခဲ့ရတဲ့ အခက်အခဲတွေကို တင်ပြဆွေးနွေးပြီးတော့ အဲဒါတွေကို လာမယ့်နှစ်မှာ ဘယ်လိုကျော်ဖြတ်ကြမလဲဆိုပြီးတော့ ဆွေးနွေးပါတယ်။ အမှန် တရားနဲ့ ပိုမိုနီးစပ်အောင်ဖြစ်ပါတယ်။ ဆုရွေးချယ်ရေးအဖွဲ့ရဲ့ တင်ပြချက်တွေကို ရယူထားပါတယ်။ ဘယ်ဆုတွေကတော့ ဝေဖန်မှုထွက်ခဲ့တယ် ဆိုတာတွေက အစဆွေးနွေးကြပါတယ်။ အမှန်ဆိုရင် အခမ်းအနားကြီးတစ်ရပ်ပြီးတိုင်း ဘယ် အဖွဲ့အစည်းမှာမဆို ပြန်လည်သုံးသပ်ဆွေးနွေးခြင်းဆိုတာ ရှိပေမယ့် ကျွန်တော်တို့ ရုပ်ရှင်အစည်းအရုံးမှာတော့ မရှိသေးပါဘူး။ အဲဒါကြောင့် ပြန် လည်သုံးသပ်ဆွေးနွေးခြင်းကို အခုနှစ်ကနေ စတင်ပြီး လုပ်ဆောင်တာဖြစ်ပါ တယ်။ အဲဒီတော့ ဒီနှစ်အားနည်းချက်တွေကို ပြုပြင်နိုင်မယ်။ နောက်တစ်ချက်က လောကသားတွေရဲ့ ဆွေးနွေးတင်ပြမှုတွေကိုပါ ပေါင်းစည်းလိုက်မယ်ဆိုရင် နောက်နှစ်ရဲ့ ရွေးချယ်စိစစ်မှုအပိုင်းတွေဟာ ပိုမို တိကျမှန်ကန်မှုတွေရှိလာ မယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့က အားနည်းချက်တွေကို ပြန်လည်ဖော် ထုတ်ပြီးတော့ သုံးသပ်ကြခြင်းဖြစ်ပါတယ်။ အဲဒီလို သုံးသပ်မှသာလျှင် နောက် နှစ်တွေမှာ အားနည်းချက်တွေကို ပြုပြင်နိုင်မှာဖြစ်ပါတယ်။ ပြုပြင်တယ်ဆိုတဲ့ နေရာမှာ လုံးဝအမှားအယွင်းကင်းအောင် လုပ်နိုင်ဖို့ဆိုတာတော့ မလွယ်ကူပါ ဘူး။ အားနည်းနေတဲ့ အချက်တွေကိုပြုပြင်နိုင်မယ်ဆိုရင် ချို့ယွင်းချက်တွေ နည်းသွားမှာပါ” လို့ ရုပ်ရှင်ဥက္ကဋ္ဌဦးဇင်ဝိုင်းက ပြောပြပါတယ်။

အကယ်ဒမီဆုတွေ တိုးမြှင့်ပေးရေးကိစ္စအတွက် အကယ်ဒမီဆုအကြောင်း အရာများနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေကိုလည်း အခုနှစ်အတွင်းမှာပဲ လောကသားတွေနဲ့ တွေ့ဆုံပြုလုပ်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။

ဒါ့အပြင် ဧပြီလ ၂ရက်နေ့က မြန်မာ့ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရုပ်ရှင်စတူဒီယိုနှင့် ရုပ်ရှင် အတတ်ပညာ သင်တန်းကျောင်း တည် ထောင်ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမမှာ ပြုလုပ်ခဲ့တာနဲ့ ပတ်သက်ပြီး ရုပ်ရှင်ဥက္ကဋ္ဌ ဦးဇင်ဝိုင်း ပြောပြတာက-

”ရုပ်ရှင် စတူဒီယိုနဲ့ အတတ်ပညာသင်တန်းကျောင်းကို နေပြည်တော်မှာ တည်ဆောက်ပေးမယ်ဆိုတဲ့ ကိစ္စရပ်နဲ့ပတ်သက်လို့ကတော့ အခုအချိန်အထိ တော့ ကျွန်တော်တို့ဆီကို တိကျတဲ့စာတော့ မရောက်လာသေးပါဘူး။ ကျွန်တော်တို့ရဲ့ အကြံပြုချက်စာကို တောင်းထားတာတော့ ရှိပါတယ်။ ဧပြီလ ၁၂ ရက်နေ့ အဲဒီစာကို အပြီးသတ်ပေးရပါမယ်။ ပြီးရင်တော့ ကျွန်တော်တို့တွေ တွေ့ ဆုံသွားကြဖို့ ရှိပါတယ်။ နိုင်ငံတော်အနေနဲ့ကတော့ အခုကိစ္စက ဘယ်လို ရည်မှန်းလည်းမသိပေမယ့် ကျွန်တော်တို့ဘက်ကတော့ ကျွန်တော်တို့ ရည်မှန်း ထားတဲ့ အချက်အလက်တွေကို ပြုစုပေးထားတာတော့ ရှိပါတယ်။ အဲဒီအပေါ် မှာ ညှိနှိုင်းပြီးတော့ သွားကြရမှာဖြစ်ပါတယ်။ ရုပ်ရှင် စတူဒီယိုနဲ့ အတတ်ပညာ သင်တန်းကျောင်း ပေါ်လာဖို့အတွက်ကို အခုအခါမှာတော့ နိုင်ငံတော်ကနေပြီး စိတ်ပါဝင်စားပြီးတော့ အားပေးအားမြှောက် လုပ်နေပြီဖြစ်ပါတယ်။ မှန်ကန်တဲ့ စီမံကိန်းတစ်ခုအဖြစ် ဖြစ်အောင်လုပ်ဖို့ပဲ လိုပါတယ်။ ရုပ်ရှင်လောကအတွက် တကယ်အကျိုးရှိအောင် ကြိုးစားသွားကြရမှာပါ” လို့ ပြောပြပါတယ်။

သမ္မတဦးသိန်းစိန် လက်ထက် က အင်းစိန်မြို့နယ်ရှိ အာလိန်ငါးဆင့်နား မှာ တည်ဆောက်ပေးမယ်ဆိုတဲ့ Myanmar Art Center ကတော့ ဘာတွေ ဘယ်လို ဖြစ်သွားခဲ့မှန်းမသိဘဲ လက်ဝယ်ပိုင်ဆိုင်ခဲ့ခြင်း မရှိခဲ့ဘူးလို့လည်း ပြောပြပေးခဲ့ပါတယ်။

ထက်လူ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*