မှင်စာမှတ်တမ်း(၁၁)

မှင်စာမှတ်တမ်း(၁၁)
March 21, 2018 AsianFame MediaGroup
မှင်စာမှတ်တမ်း(၁၁)

တနေ့သ၌ မှင်စာတို့၏အကြီး အကဲသည် ပျင်းပျင်းရှိလှသည် နှင့် သူ၏အထူးအေးဂျင့် (အထောက် တော်) မှင်စာကို ခေါ်ယူပြီးနောက် ထူးခြားသော မေးခွန်းတစ်ခုထုတ် လိုက်လေသည်။

”အချင်းမှင်စာငဲ့၊ လောကတွင် ရှိရှိသမျှသော အတုများအနက်၊ မည် သည့်အတုက အဆိုးရွားဆုံးပါနည်း”

”ဒါလေးများ…” ဟု ပခုံး တွန့်၍ နှုတ်ခမ်းမဲ့လိုက်ပြီးနောက် မှင်စာက…

”အတုတကာ အတုတွေထဲမှာ နိုင်ငံရေးသမားအတုက အဆိုးဆုံးပါ ဗျား” ဟု အားရပါးရဖြေလိုက်သည်။ မှင်စာအကြီးအကဲသည် ကျေနပ် သောအဖြေကို မရရှိသဖြင့် မျက် မှောင်ကြုတ်လိုက်ကာ ခေါင်းယမ်း လေသည်။

”နင်ဟာ တော်တော့်ကို ပေါက် တီးပေါက်ရှာ၊ ကတ်သီးကတ်သတ် ပြောတတ်တဲ့ အကောင်။ နိုင်ငံရေး သမားဆိုမှ အတုတွေ အစစ်တွေရှိ သေးလို့လား။ ငါသိသလောက် နိုင်ငံ ရေးသမားက နှစ်မျိုးနှစ်စားပဲရှိတယ်။ Politician ရယ်၊ Statesman ရယ်။ ပထမတစ်မျိုးက အရပ်ထဲက လူထု နိုင်ငံရေးသမား၊ ဒုတိယတစ်မျိုးက တော့ လွှတ်တော်ထဲက နိုင်ငံရေး သမား”

မှင်စာက ဆတ်ဆတ်ထိမခံသော အကြောက်အကန် အမူအရာဖြင့် လက်နှစ်ဖက်ကို ဝှေ့ယမ်းလိုက်ပြီး …

”ဟိုး …ဟိုး၊ Politician လို့ ခေါ်တဲ့ နိုင်ငံရေးသမားတွေက အမျိုး အစားများစွာရှိပါတယ် အကြီးအကဲ။ ဘယ်ပါတီမှ မဝင်ဘဲ အရပ်ထဲမှာ အာပေါင်အာရင်းသန်နေတဲ့ သူ ကလည်း သူ့ကိုယ်သူနိုင်ငံရေးသမား လို့ ယူဆပါတယ်။ စာရေးဆရာ၊ ကဗျာဆရာ တချို့ကလည်း သူတို့ ကိုယ်သူတို့ နိုင်ငံရေးသမားလို့ ခံယူ ထားကြပါတယ်။ တစ်ချိန်တုန်းက အမေရိကန်နိုင်ငံ၊ ချီကာဂိုမြို့မှာထင် တိုင်းကြဲခဲ့တဲ့ လူဆိုးကြီး ‘အယ်လ်က ဖုန်း’ကလည်း သူ့ကိုယ်သူ နိုင်ငံရေး သမားခေါင်းဆောင်တစ်ယောက်လို့ ကြေညာတာပဲ။ ဟောဒီ့ ရန်ကုန်မှာ လည်း လမ်းဘေးမှာ ဖိနပ်ချုပ်စား တဲ့ ဦးပွကြီးဆိုတဲ့ အဘိုးကြီးကို နိုင်ငံ ရေးစကားပြောလွန်းလို့၊ ရပ်သူ ရွာ သားတွေက သူ့ကို နိုင်ငံရေးသမားလို့ သတ်မှတ်ထားကြပါတယ်။ ဒုတိယ အမျိုးအစား နိုင်ငံရေးသမားက တော့ …”

”ဟိတ် တော်ပြီ။ လေမရှည်နဲ့ တော့၊ နင်ပြောတဲ့ နိုင်ငံရေးသမား အတုဆိုတာ ဘယ်လိုဟာလဲ၊ အဲဒါပဲ …ငါ့ကိုဖြေ …” ဟု အကြီး အကဲက ကြားဖြတ်ဝင်ဟောက်၍ မှင် စာ ပါးစပ်ပိတ်သွားသည်။

”ကဲ…ဖြေစမ်းကွာ၊ နိုင်ငံရေး သမားအတုဆိုတာ ဘာလဲ”

”နိုင်ငံရေးသမားအတုဆိုတာ အမျိုးသမီးတွေ သုံးတဲ့ တင်တုရင်တု နဲ့ တူပါတယ် အကြီးအကဲ”

”ဟား…ပေါက်ကရကွာ။ နိုင်ငံရေးသမားအတုကို မဟုတ်က ဟုတ်ကတွေနဲ့ မနှိုင်းပါနဲ့ကွ၊ ရွံစရာ ကြီး …”

”မရွံပါနဲ့ အကြီးအကဲ။ ရင်တု တင်တုက ရေမြှုပ်ဖော့ကလေးတွေ ဆိုတော့ ကိုင်ကြည့်ရင် မွမွကလေး ပျော့အိပျော့အိနဲ့”

”တယ် …ဒီမှင်စာစုတ်တော့ ငါဆောင့်ကန်လိုက်ရင် အဝီစိကို ကျွမ်းပစ်ပြီး ရောက်သွားပြန်ကရော့ မယ် …ဟင်း”

အကြီးအကဲမှာ အမှန်တကယ် စိတ်တိုသွားပြီဖြစ်ကြောင်း အကင်း ပါးစွာရိပ်မိလိုက်သော မှင်စာသည် ရိုသေကိုင်းညွှတ်ဟန် အမူအရာဖြင့် …

”မှန်တာပြော သစ္စာပါ အကြီး အကဲ။ လောကမှာ အဆိုးဆုံးအတုက တော့ ဒေါက်တာရမ်းကုလို့ခေါ်တဲ့ ဆရာဝန်အတုတွေပါပဲ ခင်ဗျား။ သူ တို့ကို ဒေါက်တာပေါက်တူး၊ ဒေါက် တာအပ်ပုန်းလို့လည်း ဘွဲ့မည်ရည် များချီးမြှင့်ထားကြပါတယ်။ အကျွန်ုပ် တို့ …မှင်စာလောကမှာ မှင်စာဦး ရေတိုးပွားအောင် သမားတုသမား ယောင်များက မြန်မာပြည်အနှံ့မှာ အင်တိုက်အားတိုက် ကူညီနေကြပါ တယ်ဗျား။ သူတို့ကြောင့် ကမ္ဘာကြီး ပျက်သွားနိုင်ပါတယ်ဗျား” ဟု လျှောက်တင်အစီရင်ခံလိုက်ရာ အကြီး အကဲမှာ အလိုမကျသလို မျက်ထား ညိုသွားပြန်၏။

”အကြီးကြီးတွေ လျှောက်မပြော နဲ့ကွယ်၊ ဒေါက်တာရမ်းကုတွေက အသက်ကယ်နိုင်တဲ့ နေရာကယ်နေ ကြတာမဟုတ်လား”

”မဟုတ်တာပဲ အကြီးအကဲရာ …ကလေးတွေကတောင် (ဒေါက် တာရမ်းကု၊ မပုယောက်ျား၊ခေါ်တော့ တက္ကစီ စီးတော့ ဆိုက်ကား)ဆိုပြီး ရမ်းကုတွေကို ရှုတ်ချနေကြတာ”

”ကဲပါကွယ်။ မြန်မာနိုင်ငံမှာ လူ ဦးရေနဲ့ ဆရာဝန်အချိုးအဆ မမျှ တတော့ ရမ်းကုတွေကို သုံးနေရဦး မှာပဲကွယ်။ အကောင်းဆုံးကတော့ တရုတ်ပြည်မှာလုပ်ခဲ့သလို၊ ဆရာဝန် တွေကို အစိုးရအမိန့်အာဏာနဲ့ ကျေးလက်ဆီ လွှတ်ရမှာကွယ့်။ ဒါမှ ကျေးလက်က တောသားများ သက်တမ်းစေ့နေခွင့်ရကြမှာ။ ကဲ ဆရာဝန်အတုတွေ ဘယ်လောက် ရှိသလဲဆိုတာ သိရအောင်။ အချင်း မှင်စာကွင်းဆင်းလေ့လာလော့”

သို့တပြီးကား …မှင်စာသည် ဆရာဝန်အတု (ခေါ်) ဒေါက်တာရမ်း ကုများ စာရင်းကောက်ရန် ရောဂါ သည် အသွင်ယူ၍ ရန်ကုန်တိုင်းထဲ သို့ ထွက်လာခဲ့လေသည်။
တစ်နေရာသို့အရောက်တွင် ပျဉ်ထောင်သွပ်မိုး အိမ်တစ်လုံး၏ မျက်နှာစာ၌ ”ဆရာဖိန့်၊ အထွေ ထွေရောဂါကု” ဟူသော ဆိုင်းဘုတ် ကလေးကိုတွေ့ရသဖြင့် မှင်စာသည် ”အင်း ..ဆိုင်းဘုတ်ကြည့်ရတာ ရမ်းကုဖြစ်ဖို့များတယ်”ဟု တွေးပြီး အိမ်ထဲသို့ ဝင်လာခဲ့လေသည်။

အိမ်ထဲတွင် ထိုင်နေသော ယောက်ျားကြီးကား ..ဆရာဝန်နှင့် လည်း မတူ၊ ဗိန္ဓောဆရာနှင့်လည်း မတူ၊ စုတ်ဖွားဖွားပေတူးတူးနှင့် အရက်သမားဒီဇိုင်းသာ ထွက်နေလေ ၏။

”မိတ်ဆွေက ဘာရောဂါပြမှာ တုံး” ဟု ထိုသူက အာပုပ်စော်နံလှ သောပါးစပ်ကြီးကို ပြဲ၍ ဘုဆတ် ဆတ်မေးသည်။

”အထွေထွေရောဂါကု ဆိုတာ နဲ့ ဝင်လာခဲ့တာပါ ဆရာ။ ကျွန်တော် က ခေါင်းလည်းကိုက်၊ ဗိုက်လည်း အောင့်၊ ဒူးလည်း နာ၊ အစာမကြေ၊ ရင်ပြည့်ရင်ကယ်လည်း ဖြစ်နေတော့ ရောဂါက အထွေထွေလို့ ပြောရမှာ ပေါ့နော် …”ဟု မှင်စာက လူမမာ သံကလေးဖြင့် ခပ်ချွဲချွဲပြောလိုက် သောအခါ ဆရာဖိန့်ဆိုသူက …

”မောင်ရင့် ရောဂါက အထွေ ထွေထက်ပိုနေတယ်။ တော်တော်ကုယူ ရမယ့်ပုံပဲ”ဟု ခန့်ညားစွာမိန့်လေ၏။

”ကုပါ ဆရာ။ ကုပါ။ ကျွန်တော့် အသက်နဲ့ခန္ဓာကို ဆရာ့ဆီမှာ အပ်ပါ တယ်။ ငွေကုန်ကြေးကျ များချင်များ ပါစေ ..”

ထိုစဉ် …ဆရာဖိန့်ဟု ထင်ရ သော လူကြီးက ထိုင်ရာမှ ထလာပြီး သော်၊ မှင်စာ၏ ပခုံးကို ကိုင်လိုက် သည်။

”ဒီမယ်မိတ်ဆွေ၊ ဆန္ဒမစောပါ နဲ့။ ကျုပ်က ဆရာဖိန့်မဟုတ်ဘူးဗျ …”

”နို့…ဆရာက ဘယ်သူတုံး ဟင်”

”ကျုပ်က ဆရာဖိန့်ရဲ့ ညီ၊ ဘာ ကောင်မှ မဟုတ်ဘူး။ ဆရာဖိန့်က တော့ အထွေထွေရောဂါကုဆိုတဲ့ နာ မည်နဲ့အညီ ဆေးလည်း ကု၊ ဗေဒင် လည်း ဟော၊ ယတြာလည်း ချေ၊ နောက်ဆုံးတော့ မိန်းမယောင်ဆောင် ထားတဲ့ မိန်းမလျာကို မိန်းမအစစ် ထင်ပြီး တောင်ကိုင် မြောက်ကိုင် ကိုင်လို့၊ မိန်းမလျာက တရားစွဲတာနဲ့ အခုတော့ …ထောင်ကြီးချုပ်ထဲ ရောက်နေပါပကောလား”

”ဘုရားရေ …ဆေးဆရာ တစ်ယောက် အဖမ်းခံလိုက်ရတယ် ဆိုတာ လူထုကျန်းမာရေးအတွက် နစ်နာမှုအကြီးကြီးပဲ ခင်ဗျ ..”ဟု မှင်စာက ဟန်ဆောင်ပန်ဆောင် ဝမ်းနည်းစကားပြောလိုက်၏။

”အိုး …ဘာမှမနစ်နာဘူး ကိုယ့်လူ၊ ကျုပ်အစ်ကို ဆရာဖိန့်ဆို တာက ဘာကျောင်းဘာသင်တန်းမှ မတက်ဘဲ။ အောင်လက်မှတ်အတု၊ ပါမစ်အတုတွေ ကိုင်ပြီး ရမ်းကုလုပ် စားနေတာ။ ဆရာဖိန့်ဆိုတဲ့ နာမည် ကလည်း အတုကြီး။ သူ့နာမည်ရင်းက ဦးဖိုးခွေးတဲ့ဗျ …ပညာအရည်အ ချင်း ၆ တန်းပဲရှိတာ …”

”ကျွန်တော်လည်း လူနာအတုပါ ဗျာ …”ဟု မပြောမိအောင် သတိ ထားရင်း မှင်စာသည် တော်သလို လျော်သလို ခွင့်တောင်းပြီး အိမ်ထဲ မှပြန်ထွက်ခဲ့ရလေ၏။

ကြူးနှစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*