မြန်မာ့ရုပ်သေးအကရဲ့ တန်ဖိုးကို မြတ်နိုးအောင်လုပ်ကြဖို့ လိုနေသေးတယ်လို့ ထွေးဦး မြန်မာ ရုပ်သေးအဖွဲ့မှ ဦးထွေးပြော

မြန်မာ့ရုပ်သေးအကရဲ့ တန်ဖိုးကို မြတ်နိုးအောင်လုပ်ကြဖို့ လိုနေသေးတယ်လို့ ထွေးဦး မြန်မာ ရုပ်သေးအဖွဲ့မှ ဦးထွေးပြော
March 19, 2018 AsianFame MediaGroup
မြန်မာ့ရုပ်သေးအကရဲ့ တန်ဖိုးကို မြတ်နိုးအောင်လုပ်ကြဖို့ လိုနေသေးတယ်လို့ ထွေးဦး မြန်မာ ရုပ်သေးအဖွဲ့မှ ဦးထွေးပြော

”ဦးထွေးတို့မြန်မာနိုင်ငံမှာ ရုပ်သေးအကအပေါ်ထားတဲ့ သဘောထားက တစ်မျိုးဖြစ်နေတယ်။ ဘာကြောင့်တစ်မျိုးဖြစ်နေလဲဆိုတော့ အကြောင်း ကြောင့် အကျိုးဖြစ်တာပေါ့လေ။ ဖြတ်သန်းခဲ့တဲ့ကာလမှာ ရုပ်သေးအကဆိုတာ နိုင်ငံတော်က ကျင်းပတဲ့ ဆိုကရေးတီးပြိုင်ပွဲတွေရှိလို့သာ စင်ပေါ်မှာ တင့်တင့်တယ်တယ် မြင်နေရတာလေ။ ကျန်တဲ့အချိန်တွေဆိုရင် ရုပ်သေးကဖို့ သိပ်မလွယ်ဘူး။ သိပ်လည်းမမြင်ရဘူး” လို့ ရုပ်သေးနဲ့ပတ်သက်လို့ ထွေးဦး မြန်မာရုပ်သေးအဖွဲ့မှ ဦးထွေးကပြောပါတယ်။ လက်ရှိမှာ ရုပ်သေးအကအတွင်ကျယ်ဆုံးနယ်ပယ်ကတော့ ခရီးသွားလုပ်ငန်းတွေမှာပဲ တွင်ကျယ်နေကြောင်းလည်း သူက ပြောပါတယ်။ ရုပ်သေးအကအနုပညာနဲ့ပတ်သက်ပြီး လူတွေရဲ့ စိတ်ဝင်စားမှုအရှိန် နည်းပါးရတဲ့ အကြောင်းကိုလည်း ဦးထွေးက အခုလိုဆက်လက်ပြောပြလာတာက-

”တချို့ကပြောကြတယ်။ ရုပ်သေးအကကိုမတီထွင်ကြတော့ဘူးလား။ မဆန်းသစ်တော့ဘူးလားပေါ့။ ရိုးရာအတိုင်းပဲပြနေရင် ဘယ်သူတွေက ကြိုက်မှာလဲဆိုပြီးပြောကြတယ်။ ဒါပေမဲ့ အဲဒီ့ရိုးရာအတိုင်း ကပြဖို့ကို လိုနေသေးတယ်။ ရိုးရာအတိုင်းကိုမမြင်ဖူးကြဘူး။ ရိုးရာအတိုင်း ကပြတဲ့အခါမှာ ဘယ်လောက်ခက်ခဲတယ်၊ ဘယ်လောက် နက်နဲတယ်။ အရုပ်ကလေးကရုံနဲ့တင် မပြီးဘူး။ ဒီအရုပ်ကလေးတွေ ကနိုင်ဖို့ဆို ငိုပြော ပညာတွေ၊ ပြီးတော့ဆိုငိုပြောပညာရှင်တွေကို ပံ့ပိုးမယ့် ဆိုင်းပညာရှင်တွေ ဒီအခန်းကဏ္ဍတွေ ပျောက်ကွယ်လုနီးပါးဖြစ်နေပြီ။ မှေးမှိန်နေပြီ။ အရုပ်တောင်မှာ Standard ဖြစ်အောင် ဘယ်လိုပုံစံမျိုးလုပ်ရမယ်ဆိုတာ မသိကြတော့ဘူး။ မလုပ်ကြတော့ဘူး။ ဈေးပေါပေါနဲ့ ပြီးစလွယ်အရုပ်ကလေးတွေ လုပ်လာကြတယ်။ ဧည့်ခန်းမှာချိတ်လည်း ဒါမျိုးလေးတွေချိတ်တယ်။ ဒါမျိုးလေးတွေကိုပဲ ပြသနေကြတဲ့အနေ အထားမျိုးရောက်လာတာဟာ ဦးတို့ မြန်မာ နိုင်ငံအနေနဲ့ တော်တော်ဝမ်းနည်းဖို့ကောင်းတယ်” လို့ ပြောပါတယ်။

ထွေးဦးမြန်မာအနေနဲ့ နိုင်ငံတကာဖိတ်ခေါ်ပွဲတွေကို သွားရောက်ကပြခဲ့ တာများခဲ့ပြီဖြစ်ပြီး နိုင်ငံတကာက ဖိတ်ခေါ်တဲ့အခါမှာ မြန်မာ့ရုပ်သေးသမိုင်းကြောင်းတွေကို ဖတ်ကာလေးလေးစားစားနဲ့ ဖိတ်ခေါ်ကြတာ မျိုးဖြစ်တယ်လို့ သိရပါတယ်။ ”ရုပ်သေးကို တန်ဖိုးထားလွန်းလို့ ဖိတ်ပြီးတော့ကြည့်ကြတာ။ သွားရောက် ကပြတဲ့အခါမှာလည်း ဦးထွေးတို့က အဲဒီလိုမျိုးဖြစ်အောင် သွားရောက်ကပြချပြတော့ တကယ်ကိုသူတို့တွေချီးကျုးကြတယ်။ ဂုဏ်ပြုကြတယ်။ ဒါပေမဲ့ ကိုယ့်မြန်မာပြည်ထဲကို လာပြီး တော့ ကြည့်ကြတဲ့အခါကျတော့ စားသောက်ဆိုင်မှာ ကနေတာတို့၊ သစ်ပင်မှာတွဲ လောင်းဆွဲရောင်းနေတာမျိုးဆိုတော့ ဦးထွေးတော့ ရှက်လည်း ရှက်တယ်။ ဝမ်းလည်းနည်းတယ်။ အဲဒီတော့ ကိုယ့်မြန်မာလူမျိုးကြားထဲမှာ ရုပ်သေးအကကို မူရင်းသူ့ရဲ့တန်ဖိုး အတိုင်းသိကြအောင် မြတ်နိုးအောင် လုပ်ဖို့ တော်တော်လိုနေတယ်လို့မြင်တယ်” လို့ ရုပ်သေးအကပညာနဲ့ပတ်သက်လို့ သူ့ရဲ့ခံစားချက်ကိုဦးထွေးကပြောပါတယ်။

လင်းအက္ခရာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*