ဘာသာဗေဒနှင့်ကျွန်တော်(၄)

ဘာသာဗေဒနှင့်ကျွန်တော်(၄)
March 5, 2018 Leanne Win
ဘာသာဗေဒနှင့်ကျွန်တော်(၄)

ကျွန်တော်ပညာရေးတက္ကသိုလ်မှာ တော်ပညာရေးတက္ကသိုလ်မှာ  ဘာသာဗေဒသင်ရသောအခါ ဘာသာဗေဒစာအုပ်များကို ပို၍ဖတ်ဖြစ် သည်။ ဘာသာဗေဒ (Linguistics) ရော သဒ္ဒဗေဒ (Phonetics) ပါ သင်ပေးရသည်။ အထူးသဖြင့် မြန်မာစကားကို သဒ္ဒဗေဒ အက္ခရာ ဖြင့် အသံဖလှယ်ခြင်း (Phonetic transcription) ကို လက်တွေ့ လေ့ ကျင့်ပေးသောအခါ ကျောင်းသားများ စိတ်ဝင်စားပါသည်။ မြန်မာစာလုံး ပေါင်းသတ်ပုံအတိုင်း ရေးထားသော စာကြောင်းများကို သဒ္ဒဗေဒအက္ခရာ ဖြင့် ဖလှယ်သောအခါ အသံထွက် သည့်အတိုင်း ရေးရသည့်အတွက် အသံထွက်ပုံ တိကျမှန်ကန်ရေး အတွက်လည်း အထောက်အကူပြုပါ သည်။

ဘာသာဗေဒအချိန်များကို သူတို့စိတ်ဝင်စားကြပါသည်။ ထိုအချိန်တွင် ကျွန်တော်တို့ မိတ်ဆွေ ကိုထွန်းမြင့် (တက္ကသိုလ်မင်း မော်)သည် လန်ဒန်တက္ကသိုလ်၊ အရှေ့တိုင်းနှင့် အာဖရိက ပညာသင် ကျောင်း (SOAS) တွင် ဘာသာဗေ ဒဖြင့် M.Phil ဘွဲ့ယူရန် ပညာသင်ပြီး ပြန်ရောက်လာပါသည်။ ကိုထွန်းမြင့် က ဘွဲ့အတွက် နောက်ဆုံး စာမေးပွဲ ဖြေဖို့ ကျန်နေသေးသည့်အတွက် ထို ကိစ္စပြီးမြောက်အောင် လုံးပန်းနေရ သည်။ ထိုအချိန်တွင် ကျွန်တော်တို့ကို ဘာသာဗေဒ၊ သဒ္ဒဗေဒသင်ကြား ပေးခဲ့သော ဆရာကြီး ဦးရွှေသွင်နှင့် ဆရာမကြီး ဒေါ်ခင်ခင်အေးတို့မှာ မော်လမြိုင်ကောလိပ်သို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရသည်။ ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်မှာ လော လောဆယ် ဘာသာဗေဒသင်ကြား ပေးမည့်သူ လိုအပ်နေသည်။ ထို အခြေအနေကြောင့် ပါမောက္ခဆရာ ကြီး ဦးမောင်မောင်ကြီးက ပညာရေး တက္ကသိုလ်မှာ လက်ရှိဘာသာဗေဒ သင်ကြားနေသော ကျွန်တော့်ကို ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် မဟာဝိဇ္ဇာတန်းမှာ ဘာသာဗေဒသင် ကြားပေးဖို့ တာဝန်ပေးသည်။ ကျွန်တော်က…

“ကျွန်တော် နားလည် သလောက်တော့ သင်ပေး နိုင်ပါ တယ်ဆရာ” ဟု ပြောသောအခါ ဆရာပါမောက္ခက =ဒါဆို ဖြစ်ပါတယ် ကွာ။ မင်းသင်ပေးပါ” ဟု ဝမ်းသာ အားရပြောသည်။ ထိုအချိန်မှာ အံ့သြစရာတစ်ခု ပေါ်ပေါက်လာ သည်။ ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္က သိုလ်မှာရှိနေသော ကျွန်တော့် သူငယ်ချင်း ၂ ယောက်က ဦးဆောင် ပြီး ပါမောက္ခကို အရေးဆိုသည်တဲ့။ “တခြားကျောင်း ရောက်နေတဲ့သူကို ဘာသာဗေဒ သင်ဖို့ တာဝန်မပေးသင့် ပါဘူး”ဟု ကန့်ကွက်အရေးဆိုခြင်းဖြစ် သည်။ ထိုသတင်းကို ကြားရတော့ ကျွန်တော် တော်တော်အံ့သြသွားရ သည်။ စိတ်မကောင်းလည်းဖြစ်ရ သည်။ ကျွန်တော်သူတို့နှင့် လည်ပင်း ဖက်ကာ ခင်ခင်မင်မင် နေထိုင်ရင်း  ပညာရေးတက္ကသိုလ်သို့ ပြောင်းသွား ရတာ ဘာမှမကြာသေးပါ။ ယခု ကျွန်တော့်ကို ‘တခြားကျောင်းကလူ’ ဟု နာမည် တပ်ပြီး ကန့်ကွက်သည်ကို နားမလည်နိုင်ပါ။ သူတို့ဆီက တစ် ယောက်တယောက်ကို ဘာသာဗေဒ သင်ခိုင်းဖို့ဆိုတာကလည်း သူတို့အား လုံး မဟာဝိဇ္ဇာဘွဲ့အတွက် ဘာသာ စကားကို ကျမ်းမပြုခဲ့ကြပါ။ ဘာသာ ဗေဒနှင့် အကျွမ်းတဝင် မရှိကြပါ။ စာပေဖြင့် ကျမ်းပြုကြသူများသာဖြစ် ပါသည်။ ဘာသာဗေဒနည်းဖြင့် ကျမ်းပြုသူ ကျွန်တော် တစ်ယောက် သာရှိပါသည်။ ကန့်ကွက်သူ သူငယ် ချင်း ၂ ယောက်တွင် တစ်ယောက် မှာ မဟာဝိဇ္ဇာဘွဲ့ပင် မရသေးပါ။

စာပေဖြင့် ကျမ်းပြုဆဲဖြစ်ပါသည်။ သူတို့နှင့်အတူ ရောယောင်ကန့်ကွက် သူ တခြားတစ်ယောက်ကလည်း မဟာဝိဇ္ဇာတန်းကို စာပေအထူးပြု ဖြင့် တက်နေသူဖြစ်ပါသည်။ ဆရာ ပါမောက္ခက ထိုအခြေအနေကို သိ သည့်အတွက် ကျွန်တော့်ကို ခိုင်းခြင်း ဖြစ်သည်ဟု နားလည်ပါသည်။ သူတို့ကိုယ်တိုင်လည်း သင်နိုင်ခြင်း မရှိဘဲ လာသင်မည့်ကျွန်တော့်ကို ဘာကြောင့်ကန့်ကွက်ရသလဲဟူသော အကြောင်းကို စဉ်းစားကြည့်တော့ professional jealousy (ပညာရပ် နှင့် ပတ်သက်သည့် မနာလိုမှု)ကြောင့် ကန့်ကွက်ခြင်းသာဖြစ်ကြောင်း သဘောပေါက်လာရပါသည်။ သင်ခန်းစာလည်းယူမိပါသည်။  ထိုဖြစ်ရပ်ကြောင့် ဆရာ ပါမောက္ခလည်း စိတ်ရှုပ်သွားရှာပါ သည်။ ‘တပည့်ရေ မင်းကိုကျေးဇူး တင်ပါတယ်။ သင်ကြားရေး အစီအစဉ် တော့ မဖြစ်တော့ဘူးကွာ’ ဟု ပြော သည်။ နောက်ထပ်သိရသည်က အကယ်၍ ကျွန်တော်သာ ဘာသာ ဗေဒသင်ဖြစ်လျှင် ကျွန်တော်မဖြေနိုင် မည့်မေးခွန်း အတန်းထဲမှာမေးပြီး ကျွန်တော့်ကို ကသိကအောက်ဖြစ် အောင်လုပ်ဖို့ပင် သူတို့ပြင်ဆင်ထား ကြောင်း သိရပါသည်။ အကျိုးဆက် ကတော့ ကျွန်တော်ယခုအထိ ဘာသာဗေဒနှင့် အဆက်မပြတ်သော် လည်း သူငယ်ချင်းများမှာ တစ်သက် လုံး ဘာသာဗေဒနှင့် မနီးစပ်တော့ ခြင်းဖြစ်သည်။

၂ ယောက်ကတော့ ကွယ်လွန်သွားကြပါပြီ။ ဘဝတစ်ကွေ့ မှ အမှတ်တရ သင်ခန်းစာယူစရာ အဖြစ် ပြန်သတိရမိသည့်အတွက် ဤအကြောင်းပြောရခြင်းဖြစ်ပါ သည်။  ထိုအချိန်တွင် တက္ကသိုလ် ပညာပဒေသာစာစောင်မှာ ဘာသာ စကားဆိုင်ရာ ဆောင်းပါးများ ကျွန်တော်ဆက်ရေးဖြစ်ပါသည်။ ‘မြန်မာစကားသံ ပြောင်းလဲမှု’၊ ‘စာ အရေးအသား၏ သဘောလက္ခဏာ များနှင့် မြန်မာစာအရေးအသား စနစ်’၊ ‘မြန်မာသဒ္ဒါနှင့် ဝါစင်္ဂရှစ်ပါး ပြဿနာ’စသည့် ဆောင်းပါးများ ဖြစ် ပါသည်။ ပညာပဒေသာစာစောင်သို့ မပို့မီ ဆရာကြီး ဦးရွှေသွင်ထံ တင်ပြ ရာ ဆရာကြီးက တည်းဖြတ်ပေးပါ သည်။

ကိုထွန်းမြင့် M.Phil ဘွဲ့ အတွက် စာမေးပွဲဖြေရပြီးတော့ ဌာန မှာ ဘာသာဗေဒ ဆက်သင်သည့် အတွက် အဆင်ပြေသွားပါသည်။  ဘာသာဗေဒနည်းဖြင့် တိုင်း ရင်းသားဘာသာစကားများကို စနစ် တကျ လေ့လာရသည့် ကွင်းဆင်း သုတေသနလုပ်ငန်းတစ်ခုမှာ ပါဝင် ဆောင်ရွက်ခွင့်ရသည့် ဖြစ်ရပ်တစ်ခု ကိုလည်း သတိရပါသည်။ ‘မြန်မာ နိုင်ငံ ပညာရေးသုတေသနဗျူရို’က တိုင်းရင်းသား ကလေးငယ်များ အတွက် မြန်မာဖတ်စာပြုစုရေး သုတေ သနနှင့် တိုင်းရင်းသားဘာသာစကား လေ့လာရေး သုတေသန လုပ်ငန်း များကို ၁၉၇ဝ ကျော် ကာလမှာ အကောင်အထည်ဖော်ပါသည်။ ထို လုပ်ငန်းအတွက် တိုင်းရင်းသား ဘာသာစကား ၅ ခုကို ကွင်းဆင်း သုတေသနပြုရန်နှင့် ထိုဒေသများရှိ မူလတန်းကျောင်းများမှ ကလေးများ ကို မြန်မာစာသင်ကြားရာတွင် တွေ့ ကြုံရသည့် အချက်များကိုလည်း သုတေသနပြုရန် အဖွဲ့များဖွဲ့၍ သက်ဆိုင်ရာ ပြည်နယ်များသို့ စေ လွှတ်ပါသည်။

ထိုလုပ်ငန်းအတွက် ထိုစဉ်က မြန်မာနိုင်ငံပညာရေး သုတေသနဗျူရို ဒုတိယညွှန်ကြားရေး မှူး ဆရာကြီးဦးသန်းဦး (ယခုမြန်မာ စာအဖွဲ့ဝင်)က တက္ကသိုလ်ကောလိပ် များရှိ မြန်မာစာဌာနများမှ ဘာသာ ဗေဒနှင့် အထိအတွေ့ရှိသည့် ဆရာ၊ ဆရာမများကို မေတ္တာရပ်ခံ၍ တာဝန်ပေးခြင်းဖြစ်သည်။ ကချင်၊ ကယား၊ ကရင်၊ ရှမ်းဟူသော ပြည်နယ် ၄ ခုနှင့် ချင်းဝိသေသတိုင်း သို့ ကွင်းဆင်း လေ့လာရမည်ဖြစ် သည်။ (ထိုအချိန်က ချင်းဝိသေသ တိုင်းသည် ချင်းပြည်နယ် မဖြစ် သေးပါ။ ရခိုင်ပြည်နယ်နှင့် မွန်ပြည် နယ်လည်း မပေါ်ပေါက်သေးပါ။)ဆရာကြီး ဦးရွှေသွင်နှင့် ဆရာမကြီး ဒေါ်ခင်ခင်အေး ခေါင်းဆောင်သည့် အဖွဲ့က ရှမ်းပြည်နယ်နှင့် ကယား ပြည်နယ်၊ ဆရာဦးထွန်းမြင့် ခေါင်း ဆောင်သည့်အဖွဲ့က ကချင်ပြည် နယ်နှင့် ချင်းဝိသေသတိုင်း၊ ဆရာမ ဒေါ်သန်းသန်းကြည် ခေါင်းဆောင် သည့် အဖွဲ့က ကရင်ပြည်နယ်သို့ ကွင်းဆင်းမည်ဖြစ်ပါသည်။ ဆရာ ကြီး ဦးရွှေသွင် ခေါင်းဆောင်သည့် အဖွဲ့တွင် ဒေါ်စောကြည်ကြည်၊ ဦးကျော်လှနိုင်နှင့် ကျွန်တော့်ကိုအဖွဲ့ ဝင်အဖြစ် တာဝန်ပေးပါသည်။ ဆရာမကြီး ဒေါ်ခင်ခင်အေး လိုက်ပါ ရန် ဖြစ်သော်လည်း ဆရာမကြီးမှာ မွေးဖွားခါနီး ဖြစ်နေသည့်အတွက် မလိုက်နိုင်ခဲ့ပါ။ ၁၉၇၂ ခုနှစ်တွင် ပထမအကြိမ်အဖြစ် အဖွဲ့များ ခရီး ထွက်ကြသည်။ ဆရာကြီး ဦးရွှေသွင် ခေါင်းဆောင်သော ကျွန်တော်တို့ အဖွဲ့က ရှမ်းပြည်နယ် လဲချားမြို့နယ် သို့ ကွင်းဆင်းရပါသည်။

ပြည်နယ် ပညာရေးမှူး မြို့နယ်ပညာရေးမှူးများ က သွားလာရေး၊ စားသောက်ရေး ကိစ္စများကို တာဝန်ယူ ဆောင်ရွက် ပေးဖို့ ဆရာကြီး ဦးသန်းဦးက ကြို တင်စီစဉ်ထားသဖြင့် အစစအဆင် ပြေပါသည်။ ကျွန်တော်တို့အဖွဲ့သည် ရန်ကုန်မှ တောင်ကြီးသို့ လေယာဉ် ဖြင့်သွားသည်။ တောင်ကြီးတွင် ကျွန်တော့် မိတ်ဆွေ ဘီအီးဒီဘွဲ့ရ ကိုစိုးမောင်) မောင်တင်မြိုင်၊ အင်းလေး – ကွယ်လွန်) ရှိနေရာ တောင်ကြီးမှ လဲချားသို့ သွားသည့်အစီအစဉ်တွင် သူကိုယ်တိုင်လိုက်လာပြီး လဲချားမှ သူ့မိတ်ဆွေ စာရေးကြီး ဦးအောင် ကြည်၏အိမ်မှာတည်းခိုပြီး သုတေ သန ဆောင်ရွက်နိုင်အောင် ကိုစိုး မောင်က စီစဉ်ပေးပါသည်။ လဲချား မြို့ အနီးရှိ ဝမ်ပန်း၊ ဝမ်ဆန်း၊ ဝမ့်ဝုန် ဟူသော ရွာ ၃ ရွာရှိ မူလတန်း ကျောင်းများသို့ သွားရောက်၍ ကလေးများ မြန်မာစာသင်ကြားပုံကို သုတေသနပြုရသည်။ လဲချားမှာ ရှမ်းအမျိုးသားအထက်တန်းပြဆရာ ဦးစိုင်းလုံက အမေးခံပုဂ္ဂိုလ် (informant) အဖြစ် ဆောင်ရွက်ပေး ပြီး ရှမ်းစကားသံများ ရွတ်ဆိုပြခြင်း၊ ဝေါဟာရများ၊ ဝါကျများကို အဓိပ္ပာယ် ရှင်းပြခြင်းတို့ကို ဆောင်ရွက်ရာ ကျွန်တော်တို့အဖွဲ့က အသံသွင်းယူ ပါသည်။ ထို့နောက် ဆရာကြီး ဦးရွှေ သွင်၏ လမ်းညွှန်မှုဖြင့် ထိုအသံများ ကို ပြန်နားထောင်ပြီး IPA  (အပြည် အပြည်ဆိုင်ရာ သဒ္ဒဗေဒအက္ခရာ)ဖြင့် စနစ်တကျရေးမှတ်ခြင်း၊ ရှမ်း ဘာသာစကား၏ စကားသံ၊ စကား လုံးဝါကျဖွဲ့ပုံတို့ကို စီစဉ်ခြင်းတို့ကို အစီအစဉ်တကျ ဆောင်ရွက်နိုင်ခဲ့ပါ သည်။ ၂ ပတ်ခန့် သုတေသနပြုပြီး နောက် ရန်ကုန်သို့ ပြန်လာကြပြီး သုတေသနအစီရင်ခံစာ ပြုစုပြီးနောက် ဆရာကြီး ဦးသန်းဦးလက်သို့ အောင် အောင်မြင်မြင် အပ်နှံတင်သွင်းနိုင်ခဲ့ ကြပါသည်။

  မောင်ခင်မင်(ဓနုဖြူ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*