ဘာသာဗေဒ နှင့် ကျွန်တော် (၃)

ဘာသာဗေဒ နှင့် ကျွန်တော် (၃)
February 26, 2018 Leanne Win
ဘာသာဗေဒ နှင့် ကျွန်တော် (၃)

ဘာသာ  စကားကို အာရုံဝင်စား သည့်စိတ်ပို၍ ထက်သန်လာအောင် အထောက်အကူပြုသော အခြေ အနေတစ်ခုမှာ ၁၉၆၆ ခုနှစ်က စတင် ထုတ်ဝေသော တက္ကသိုလ် ပညာပဒေ သာ စာစောင် အတွဲ ၁၊ အပိုင်း ၁ တွင် လူ့ကိုယ်ခန္ဓာနှင့် ဘာသာစကား ခေါင်းစဉ်ဖြင့် ကျွန်တော်ရေးသော ဆောင်းပါး အရွေးရခြင်းဖြစ်သည်။ ပုသိမ်ကောလိပ်မှာ ကျွန်တော်တာဝန် ထမ်းဆောင်နေစဉ် ထိုစဉ်က မူဝါဒ ဖြစ်သော တက္ကသိုလ်ပညာကို မြန်မာ လို သင်ကြားရေးအတွက် အထောက် အကူအဖြစ် တက္ကသိုလ်ပညာပဒေ သာစာစောင်ကို ထုတ်ဝေမည်ဖြစ်၍ တက္ကသိုလ်ဆရာ၊ ဆရာမများပါဝင် ရေးသားရန် ဖိတ်ခေါ်သည့် ကြေညာ ချက်တစ်ခုကို အထက်တန်းပညာဦး စီးဌာန (အဆင့်မြင့်ပညာ ဦးစီးဌာန ဟု နောင်အမည်ပြောင်းသည်)က ထုတ်လိုက်သည်။

ကျွန်တော်က ထိုကြေညာချက်ကို စိတ်ဝင်စားသဖြင့် ဆောင်းပါးရေးဖို့စဉ်းစားရာ လူကိုယ် ခန္ဓာကို အစွဲပြုသုံးနှုန်းသော ‘မျက်နှာ ငယ်သည်၊ ခေါင်းမာသည်၊ ခြေ သွက်သည်၊ လက်မြန်သည်၊ အသည်း စွဲ၊ မျက်စိကြီးနားကြီး’ စသည့်စကား လုံးများကို အခြေခံ၍ ဆောင်းပါး ရေးဖို့ စိတ်ကူးရပြီး ထိုစကားလုံးများ ကို စုစည်း၍ အမျိုးအစားခွဲခြားပြီး လေ့လာသော ဆောင်းပါးတစ်ပုဒ်ရေး လိုက်သည်။ မြန်မာစာဌာနမှူး လည်း ဖြစ် ကျောင်းအုပ်ကြီးလည်းဖြစ်သော ဆရာကြီး ဦးလှရွှေက ကျွန်တော့် ဆောင်းပါးကို စိစစ်ထောက်ခံပြီး ပေးပို့လိုက်သည်။ စာစောင်ထွက် တော့ ကျွန်တော် ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်သို့ ပြန်ရောက်နေပါ ပြီ။ ပထမဆုံးထုတ်သော စာစောင် ဖြစ်သည့်အပြင် ပါမောက္ခချုပ်၊ ပါမောက္ခ၊ ကထိကဟူသော ဆရာ ကြီး၊ ဆရာမကြီးများ၏ ဆောင်းပါး များထဲတွင် နည်းပြဆရာ ပေါက်စ ကျွန်တော်၏ဆောင်းပါး အရွေးခံရ သည်ဆိုတော့ ဘယ်လောက်ဂုဏ်ယူ စရာ ကောင်းလိုက်ပါသနည်း။ များ စွာ ဝမ်းသာဂုဏ်ယူမိသည်နှင့်အမျှ ဘာသာစကားဘက်သို့ ပို၍အာရုံ တိမ်းညွှတ်လာရပါသည်။

ထိုအချိန်တွင် မြန်မာစာဌာနသို့ လာရောက်ပညာသင်ကြားနေသော နိုင်ငံခြားသားကျောင်းသားများထဲက ဘာသာဗေဒပညာရှင် ဂျာမနီဇနီး မောင်နှံကို သင်ကြားရန် ကျွန်တော် လည်း တာဝန်ကျပါသည်။

ကျွန်တော် က ပညာပဒေသာစာစောင်မှာပါဝင် သော ထိုဆောင်းပါးကို မူတည်၍ သင်ကြားရာ သူတို့စိတ်ဝင်စားကြ သည်။ သူတို့မှာ မြန်မာနာမည်တွေရှိ သည်။ ကိုဟန်စိန်နှင့် မယဉ်ရွှေဖြစ် သည်။ ဂျာမနီနာမည်တွေက Mr. Hermann Janzen နှင့်Mrs. Marqarete Janzen ဖစ်သည်။ မြန်မာစကားနှင့်ပတ်သက်၍ သူတို့ မှာ  အခြေခံရှိပြီးသားဖြစ်သည်။ ကျွန်တော်သင်ကြားသည့်အချက်များ ကို စိတ်ဝင်တစား ပြန်ဆွေးနွေးသည်။ သူတို့နှစ်ယောက် မြန်မာနိုင်ငံ သုတေသနအသင်းမှာ မြောက်ပိုင်း မွန်ခမာဘာသာစကား မျိုးနွယ်စုဝင်  ပလဲ(ငွေပလောင်)စကား၏ သဒ္ဒါ စိစစ်ချက် သုတေသနစာတမ်းကိုဖတ် ကြသည်။ တိုင်းရင်းသား ဘာသာ စကားတစ်ခုကို ဘာသာဗေဒနည်းပြ ဖြင့် ဘယ်လိုဘယ်ပုံ လေ့လာသည်ကို သိခွင့်ရလိုက်ပါသည်။

ကျွန်တော်မဟာဝိဇ္ဇာ နောက် ဆုံးနှစ် အပိုင်း ၁ နှင့် ၂ အောင်ပြီး တော့ ကျမ်းပြုရသည်။ ကျမ်းခေါင်း စဉ်မှာ ‘အသုံးရွေ့လာသော ဓလေ့ သုံး မြန်မာစကားများ’ ဖြစ်သည်။ လူ့ကိုယ်ခန္ဓာနှင့် ဘာသာစကား ဆောင်းပါးမှတစ်ဆင့် နယ်ပယ်ချဲ့ လိုက်သောအခါ လူမှုကိစ္စအမျိုးမျိုး ကို အခြေခံ၍ ပေါ်ပေါက်လာသော တင်စားသုံးနှုန်းသော စကားလုံးများ ကို သတိပြုမိသည်။ ထိုစကားလုံးများ သည် စကားလုံးမှာ ပါဝင်သည့် အစိတ်အပိုင်းများအတိုင်း အလိုက် သင့်  အဓိပ္ပါယ် ကောက်၍မရဘဲ သီးခြားအဓိပ္ပါယ် ကောက်ရသည့် စကားလုံးများဖြစ်သည်။ အင်္ဂလိပ် စကားမှာ idiom ဟု ခေါ်သော စကားလုံးများဖြစ်သည်။ မြန်မာစာ ပါမောက္ခဆရာကြီး ဦးဧမောင်က idiom ကို ဓလေ့သုံး စကားဟု မြန်မာမှုပြုထားရာ ဆရာကြီး၏ အသုံးအတိုင်း မြန်မာဓလေ့သုံး စကားများဟု သုံးစွဲလိုက်ခြင်းဖြစ်ပါ သည်။ လူ့ကိုယ်ခန္ဓာသာမက အခြား လူမှုကိစ္စများကို အခြေခံသော ‘ကျီး ကန်းတောင်းမှောက်၊ ဆင်ကြံကြံ၊ ဂယက်ရိုက်၊ အညွှန့်ချိုး၊ ခုတုံးလုပ်၊ အိုးနင်းခွက်နင်း၊ ခါးတောင်းကျိုက် မဖြုတ်တမ်း၊ ရွှေပေါ်မြတင်၊ ကာရန် သင့်၊ စည်းလွတ် ဝါးလွတ်၊ ဗိုလ်စွဲ၊ ပိုက်စိပ်တိုက်၊ ဖူလုံ+ စသည့် စကား လုံးများဖြစ်သည်။

ထိုစကားလုံးများ ကို သုံးနှုန်းထားသော အထောက် အထားများကို စုစည်း၍စနစ်တကျ ကတ်ပြားတင်ပြီး အမျိုးအစားခွဲကာ ဘာသာဗေဒ၊ သတ္တဗေဒအမြင်ဖြင့် လေ့လာသည်။ ဆရာမကြီး ဒေါ်ခင် ခင်အေးက ကျွန်တော့်ကျမ်း၏ ကြီးကြပ်သူဖြစ်သည်။ ဆရာမကြီးက ဘာသာဗေဒ သတ္တဗေဒဆိုင်ရာ သဘောတရားများကို လမ်းညွှန် သည်။ ဖတ်ရှုကိုးကားသင့်သော စာအုပ်များကိုလည်း လမ်းညွှန်သည်။ ၂ နှစ်အချိန်ယူ၍ ပြုစုပြီးနောက် ကျွန်တော့်ကျမ်း ပြီးစီးသွားပါသည်။ ဝမ်းသာစရာကောင်းသည်မှာ ကျမ်း တင်သွင်းသူများ အားလုံးတွင် ကျွန်တော်က အဆင့် ၁ ရပြီး ဂုဏ်ထူး ဖြင့် အောင်မြင်ခြင်းဖြစ်သည်။ မြန်မာစာဌာနတွင် ဘာသာဗေဒ နည်းနာများ အသုံးပြု၍ တင်သွင်း သော ကျမ်းများတွင် ကျွန်တော့်ကျမ်း မှာ ပထမဆုံးဖြစ်သည့်အတွက် ဝမ်းသာဂုဏ်ယူရပါသည်။ ကျမ်းကြီး ကြပ်သူဆရာမကြီးကိုလည်း များစွာ ကျေးဇူးတင်ရပါသည်။

ကျမ်းပြုသည့် ၂ နှစ်အတွင်း ဘာသာဗေဒစာအုပ် များကို လယ်လက်လှမ်းမီသလောက် တော်တော်ကလေး ဖတ်ဖြစ်သည့် အတွက် ဘာသာဗေဒနှင့် ပို၍နီးစပ် လာရပါသည်။  ၁၉၆၈ ခုနှစ်မှာ ကျွန်တော် (ရန်ကုန်) ပညာရေးတက္ကသိုလ်သို့ ပြောင်းရသည်။ ထိုအချိန်တွင် မဟာ ဝိဇ္ဇာဘွဲ့ ရပြီးပါပြီ။ မဟာဝိဇ္ဇာတန်းမှာ ဆရာကြီးနှင့် ဆရာမကြီးတို့ သင်ကြားနေသော စာအုပ်များကို ကျွန်တော်ရှာပြီး ဆက်ဖတ်သည်။ သတိရစရာကလေးတစ်ခုရှိပါသည်။ ကျွန်တော့်ဇနီးလောင်းနှင့် သူ့သူငယ် ချင်းများက မြန်မာစာမဟာဝိဇ္ဇာ တက်နေသည်။ ဇနီးလောင်းက စာ ပေအထူးပြုယူသည်။ သူ့သူငယ်ချင်း ၂ ယောက်က ဘာသာစကားအထူးပြု ယူသည်။

သူတို့ကိုသင်ရသော H.A Gleason ၏ Introduction to Descriptive Linguistics (သရုပ် ဖော် ဘာသာဗေဒ နိဒါန်း)စာအုပ် ကို ကျွန်တော်တော်တော်ဖတ်ထားပြီး ဖြစ်၍ ဇနီးလောင်း၏ သူငယ်ချင်း ၂ ယောက်ကို တတ်သလောက် မှတ် သလောက် ရှင်းပြပေးခဲ့သည်။ တစ်ခါ တစ်ခါ ကမ္ဘာအေးစေတီ ပရိဝုဏ်ထဲ က တန်ဆောင်းများသို့ သွားပြီး အေး အေးဆေးဆေး စာဆွေးနွေးခဲ့ကြ သည်ကို သတိရမိပါသည်။ သူတို့ကို ရှင်းပြနိုင်အောင် ဖတ်ရသည့်အတွက် ပိုနားလည်သွားသည်။  ပညာရေးတက္ကသိုလ်မှာ ကျွန်တော်ဘာသာဗေဒသင်ကြား ပေးဖို့ အကြောင်းဖန်လာပုံကိုလည်း ပြောရပါဦးမည်။ ပညာရေးတက္ကသိုလ် မြန်မာစာဌာနမှ ဆရာမ ဒေါ်သန်း သန်းကြည် (မောင်စူးစမ်း ကလောင် အမည်ရှင် ဆရာကြီး ဦးချမ်းအေး၏ ဇနီး)သည် ပညာတော်သင်အဖြစ် လန်ဒန် တက္ကသိုလ် အရှေ့တိုင်းနှင့် အာဖရိက ပညာသင်ကျောင်းမှာ ဘာသာဗေဒ ပညာရပ်သင်ယူခဲ့ပြီး ပညာရေးတက္ကသိုလ်မှာ အမှုထမ်းရ သည်။ ဒေါ်သန်းသန်းကြည် ဘာသာ ဗေဒ သင်ကြားပေးဖို့ ဌာနမှူးက တာဝန်ပေးသည့်အတွက် တတိယနှစ် နှင့် စတုတ္တနှစ် ဘီအီးဒီသင်တန်း များမှာ နှစ်တစ်ဝက်စီ ပို့ချပေးသည်။

တစ်နှစ်ပို့ချပြီးတော့ ဒေါ်သန်းသန်း ကြည် မော်လမြိုင်ကောလိပ်သို့ ပြောင်းရသည်။ ဌာနမှူးဆရာမကြီးက ဘာသာဗေဒဆက်သင်ဖို့ ကျွန်တော့် ကို တာဝန်ပေးသည်။ သို့ဖြင့် ဆရာမ ဒေါ်သန်းသန်းကြည်၏ အမွေကို ဆက်ခံပြီး ဘာသာဗေဒသင်ရပါ တော့သည်။ တတိယနှစ် ဘီအီးဒီတွင် ပထမနှစ်ဝက်၊ စတုတ္ထနှစ်ဘီအီးစီတွင် ဒုတိယနှစ်ဝက်သင်ရန် သင်ရိုးများ ချိန်ဆရေးဆွဲရသည်။ ကျောင်းသား များ စိတ်ဝင်စားကြပါသည်။  ပညာရေးတက္ကသိုလ်စာအုပ် ဆိုင်အကြောင်းလည်း ပြောစရာရှိပါ သည်။ ထိုကာလတွင် အင်္ဂလိပ်စာ သင်တန်းများကို ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်မှာ မထားတော့ဘဲ ပညာရေးတက္ကသိုလ်မှာ ပြောင်းရွှေ့ ဖွင့်လှစ်သည်။ အင်္ဂလိပ်စာ အဓိက သင်တန်းသားများကို အကြောင်း ပြု၍ စာအုပ်ဆိုင်ကို အင်္ဂလိပ်စာအုပ် သစ်များစွာ ရောက်လာပါသည်။

ဘာသာဗေဒဆိုင်ရာ စာအုပ်များ၊ စာပေဆိုင်ရာစာအုပ်များ၊ နေ့စဉ်လို လို အသစ်တွေ ရောက်လာသည်။Pelican Books, Penguin Books စသည့်စာစဉ်များ၊ ELBS စာစဉ်များ အများအပြားပါဝင်သည်။ ဈေးနှုန်း လည်း ချိုပါသည်။ စာအုပ်စုံမှန်း သိရတော့ စာအုပ်ဆိုင်မှာ ပြင်ပမှ လာပြီး စာအုပ်ဝယ်သူများဖြင့် အမြဲ စည်ကားနေပါသည်။ ကျွန်တော် လည်း အတန်းအားချိန်တိုင်းလိုလို စာအုပ်ဆိုင်ကိုသွားပြီး စာအုပ်ဆိုင် ဝန်ထမ်းများနှင့် စကားစမြည်ပြော ရင်း ကိုယ်ကြိုက်သော စာအုပ်တွေ ဝယ်ဖြစ်သည်။

ဘာသာဗေဒစာအုပ် များ၊ စာပေသဘောတရား၊ စာပေ ဝေဖန်ရေးဆိုင်ရာ စာအုပ်များ အများဆုံး ဝယ်ဖြစ်ပါသည်။ သင်ကြားရေးအတွက် များစွာ အထောက်အကူပြုပါသည်။ ကျွန်တော့် စာအုပ်စင်က ဘာသာဗေဒစာအုပ် များတွင် ပညာရေး တက္ကသိုလ်စာအုပ် ဆိုင်မှ ဝယ်ခဲ့သော စာအုပ်အများ အပြား ပါဝင်ခဲ့ပါသည်။  ပညာရေးတက္ကသိုလ်စာကြည့် တိုက်မှလည်း ဘာသာဗေဒစာအုပ် များ ငှားဖတ်ခဲ့ပါသည်။ ရန်ကုန် ဝိဇ္ဇာ နှင့် သိပ္ပံတက္ကသိုလ်မြန်မာစာ မဟာ ဝိဇ္ဇာတန်းများတွင်သင်သော စာအုပ် များတွင်R.H Robins ၏ General Linguistics: An Introductor rS Survey ဆိုသော စာအုပ်လည်း ပါဝင် သည့်အတွက် ထိုစာအုပ်ကိုလည်း ရှာဖွေလေ့လာပါသည်။  ကျွန်တော်က မြန်မာနိုင်ငံ သုတေသနအသင်း (Burma Research Society)အသင်းဝင် ဖြစ်သည့်အတွက် အသင်းကတစ်နှစ် ၂ ကြိမ် ထုတ်ဝေသော ဂျာနယ်(JBRS) များကို အမြဲတမ်း ဖတ်ရ ပါသည်။ ဂျာနယ်တွင် ဘာသာဗေဒ ဆောင်းပါးများ၊ စာတမ်းများလည်း ပါဝင်သည့်အတွက် များစွာအဆင် ပြေပါသည်။

ဆရာကြီး ဒေါက်တာ လှဘေ Classifier (မျိုးပြပစ္စည်းများ) လေ့လာထားသည့် စာတမ်းကို ဖတ်ရ သောအခါ လေ့လာပုံလေ့လာနည်း နှင့်တကွ အသိသစ် အမြင်သစ် တိုး ပွားပါသည်။ ထိုကာလတွင် မြန်မာ နိုင်ငံ သုတေသနကွန်ဂရက်ခေါ် ဆွေးနွေးပွဲများ နှစ်စဉ်ကျင်းပပြီး ပညာရှင်များက စာတမ်းများဖတ် ကြားကြရာ ဘာသာဗေဒပညာရှင် တစ်ဦးဖြစ်သော ဆရာမကြီးDr.Katheleen Forbes (ဒေါက်တာ ကင်းသလင်းဖော့)က မြန်မာဘာသာ စကားကို ဘာသာဗေဒနည်းဖြင့် သုတေသနပြုထားသော စာတမ်း များလည်း ပါဝင်သည့်အတွက် နား ထောင်မှတ်သားရပါသည်။ ‘မြန်မာ ဝါစင်္ဂများ’၊ ‘မြန်မာနာမ်ပေါင်းများ’၊’ မြန်မာ စကားလုံးသစ် ဖန်တီးမှုများ’ စသည့် အကြောင်းအရာများကို သုတေသနပြုထားခြင်းဖြစ်၍ စိတ် ဝင်စားစရာ ကောင်းပါသည်။ ချက်ကို စလိုဗားကီးယား (ချက်ပြည်ထောင်စု) တွင် မြန်မာဘာသာစကား ပို့ချနေ သော ဘာသာဗေဒပညာရှင် ဒေါက်တာ ဦးမင်းလတ်၏ မြန်မာ သဒ္ဒါ လေ့လာစိစစ်ချက်စာတမ်းများ နှင့်Modernization of Burmese (မြန်မာဘာသာစကားခေတ်မီရေး) ဟူသော စာအုပ်ကို မိတ်ဆွေတစ် ယောက်ထံမှ ငှားပြီး ဖတ်ရသော အခါ မြန်မာဘာသာစကားကို စနစ်တကျ လေ့လာပုံများနှင့်ထိတွေ့ ရပါသည်။ ဤသို့ဖြင့် ဘာသာဗေဒ ပညာရပ် နယ်ပယ်ထံသို့ ခြေတစ် လှမ်း ပြီးတစ်လှမ်း လျှောက်လှမ်းဝင် ရောက်ခဲ့ပါသည်။

 မောင်ခင်မင် (ဓနုဖြူ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*