နှင်းဆွတ်မြို့ကလေးထဲက စိတ်ကူးများ

နှင်းဆွတ်မြို့ကလေးထဲက စိတ်ကူးများ
February 19, 2018 Leanne Win
နှင်းဆွတ်မြို့ကလေးထဲက စိတ်ကူးများ

အသိပညာ ဗဟုသုတတွေထက်စိတ်ကူးဥာဏ် စိတ်ကူးစိတ်သန်းတွေ ကပိုပြီး အရေးပါလျက်ရှိသည်။ အဲလ်ဘတ်အိုင်းစတိုင်း၊

ကျွန်တော်တို့ လူ့အသိုင်းအဝိုင်း က ထူးဆန်း၏။ သူ့ထက်သူ လူစွမ်း ကောင်းတွေချည်းဖြစ်၏။ အသိပညာ ဗဟုသုတအကြောင်း စကားစလိုက် သည်နှင့် တစ်ပြိုင်နက် ‘မဟာဗဟုသု တဓရကြီးများ’ သည် စိုက်ပျိုးရေး ခြံထဲကမှိုတွေလို အပြိုင်အဆိုင် ပေါ်ပေါက်လာတတ်ကြ၏။ အသိ ပညာဗဟုသုတထက် စိတ်ကူးဥာဏ် စိတ်ကူးစိတ်သန်းတွေက ပိုပြီးတော့ ဘဝအတွက် အရေးပါကြောင်း ကျွန်တော်တို့တစ်တွေ မေ့နေကြသည် မှာ အချိန်ကာလအတော်ကြာပြီ။

“ဟိုစာအုပ်က ဟိုလိုပြောတာ ကွ”

“ဒီစာအုပ်က ဒီလိုဆိုတာကွ”စသည်ဖြင့် ဗဟုသုတကို ဇောင်းပေးငြင်းခုံကြ ရန်ဖြစ်ကြ၏။
“ခင်ဗျားရဲ့ ကိုယ်ပိုင်ဘဝ စာအုပ်က ဘယ်လိုပြောသလဲ”ဟု ကောက်မေးလိုက်သောအခါ အဖြေ နတ္ထိ။

(၂)
လက်ကိုင်ဖုန်းကိုပိတ်ပြီး အိမ်က စာရေးစားပွဲပေါ် တင်ထားခဲ့လိုက် ၏။ ဖတ်ချင်စိတ်ရှိသောစာအုပ် တစ်အုပ်ကို ခါးကြားကောက်ထိုးကာ လမ်းထိပ်ရှိ နန်းလျံကဖေးဆီထွက် လာခဲ့၏။ ကွန်ကရစ်လမ်းပေါ်မှာ အပူငွေ့တွေ ခုန်ပေါက်နေကြတုန်း ရှိသေး၏။ မနေ့တစ်နေ့ကမှ အသက် သုံးနှစ်ပြည့်သွားသော ကျွန်တော့် သားလေးကတော့ အိမ်မှာ ကာတွန်း ဇာတ်လမ်းကြည့်ရင်း ကျန်ရစ်ခဲ့၏။မြို့ပြမှာ ကျင်လည်နေကြသော ရှဥ့် ကလေးများ၊ ကြွက်ကလေးများပါဝင် သည့် ကာတွန်းဇာတ်လမ်းဖြစ်၏။ဇာတ်ကောင်ရှဥ့်ကလေး ပြောသော စကားကို အမှတ်တမဲ့ လှမ်းကြည့်မိရာ ကျွန်တော့်ရင်ထဲ စွဲထင်ပါလာခဲ့၏။

“ငါက သူရဲကောင်းတစ် ယောက်မဟုတ်ပါဘူး။ မြေပဲစေ့က လေးတွေလိုက်ရှာနေတဲ့ သာမန်ရှဥ့် တစ်ကောင်ပါ++ ဆိုသောစကားဖြစ်၏။ကျွန်တော့်ဘဝပတ်ဝန်းကျင်မှာ ရှဥ့် ကလေးလိုလူတွေအများကြီးရှိ၏။ကျွန်တော်လည်း သူရဲကောင်းမဟုတ် ပါ။ ဘဝအတွက် မြေပဲစေ့ကလေးတွေ ရဖို့ ရုန်းကန်နေရသော သာမန် စာ ပြင်ဆရာ၊ စာရေးသမားတစ်ယောက် သာဖြစ်၏။ ကျွန်တော်တို့စာပေလောကသားအများစုမှာ သောင်သာသူ နည်းပါးပါ၏။ ကိုယ့်နှလုံးသား၊ ကိုယ့် ခံစားချက်ကို ခံတပ်တစ်ခုလိုကာကွယ် ရင်း ဆင်းဆင်းရဲရဲ ရပ်တည်နေကြရ တာဖြစ်၏။ အယ်ဒီတာ၊ စာရေးဆရာ အားလုံး လက်လုပ်လက်စားသမား နှင်နှင်ချည်းသာဖြစ် ကြ၏။ ခေါင်းမီး တောက်အောင်တွေးနိုင်၊ ရေးနိုင်ပါမှ ဝမ်းအေးရသော လူစားများဖြစ်ကြ၏။

သူကစာရေးချင်၊ ငါကစာရေး ချင်၊ အားလုံးက စာရေးချင်ကြသောအခါ၊စာရေးချင်သောသူအချင်းချင်း သူ့ထက်ငါ ကောင်းအောင်ရေးနိုင်မှ “စွံ” ပေလိမ့်မည်။ စာရေးချင်သည်ဟု ဆိုပြီး ဘာကိုရေးရမှန်း မသိလျှင် အတော်ခက်လိမ့်မည်။

မောင်ထင်၏
ဝါသနာအိုးများအတွက်…မှ၊

အထက်ပါ ဆရာကြီး မောင်ထင် ၏စာထဲကလိုပင် စာရေးချင်သူ အများကြီးထဲမှာ ကိုယ့်စာမူလေးစွံ အောင် မနည်းကြီးကြိုးစားနေရ၏။ အယ်ဒီတာများသည်လည်း ကိုယ့် စာမူကို မသုံးချင်၍တော့ မဟုတ်တန် ရာပါ။

“ဖြစ်နိုင်ရင် စာရေးဆရာ အားလုံးရဲ့ စာမူတွေအကုန် သုံးပေး ချင်တာပေါ့ဗျာ။ မဖြစ်နိုင်လို့ပါ”ဟု အယ်ဒီတာတစ်ယောက်က ပြောဖူး ၏။ အယ်ဒီတာမှာလည်း အယ်ဒီတာ အခက်အခဲရှိသည်သာဖြစ်၏။ကောင်းပြီ။ စာမူခကျတော့ရော။ အလွန်အင်အားတောင့်တင်းသည် ဟုထင်ရသော မီဒီယာကြီးနှစ်ခုသာ လျှင် စာမူခအများဆုံးပေးနိုင်သော အခြေအနေရှိ၏။ကျွန်တော့်သူငယ် ချင်း သူဌေးတစ်ယောက်က မေးဖူး၏။

“စာမူတစ်ပုဒ်ရေးရင် စာမူခ ဘယ်လောက်ရသလဲ”
“ငါ့စာမူလေးတွေ တစ်ခါ တလေသုံးပေးတတ်တဲ့ သတင်းစာ တိုက်က သုံးသောင်းပေးတယ်ကွ။ တခြားသတင်းစာတိုက်ကြီးတစ်တိုက် ကတော့ နှစ်သောင်းခွဲတဲ့။ ကျန်တဲ့ တိုက်ကလေးတွေကတော့ တစ် သောင်းတစ်သောင်းခွဲပေါ့ကွာ”

“သုံးသောင်းက အများဆုံး လား”
“အေး”

ဘဝအတွက် ဘာမျှမပူပင်ရ သော သူဌေးသူငယ်ချင်းက သူစီး ထားသောဖိနပ်ကို ပြ၏။

“ခုနစ်သောင်းခွဲပေးရတယ်ကွ၊ငါအကြမ်းစီးတာ”
“မင့် ဖိနပ်အတွက်ဂုဏ်ယူပါ တယ်ကွာ”

ကျွန်တော် သတင်းစာတိုက်က ထုတ်ယူလာသော စာမူခစာအိတ် ကလေးကို ထောင်ပြလိုက်၏။

“ဆရာအောင်မှူးဝေအတွက် ဥာဏ်ပူဇော်ခ” ဟု လက်ရေးလှလှဖြင့် ရေးထား၏။သူက ပိုက်ဆံအိတ်ကြီး ပိုက်လျက်တန်းလန်းနှင့် ငိုင်ငေးနေ ၏။သူ့ပိုက်ဆံတွေက သူ့ကို လေးစား သမှုဖြင့် ဆရာခေါ်မည်မထင်။ကျွန်တော့်စာအိတ်ညိုလေးထဲမှာ ကျွန်တော့်ကို တလေးတစား ဆရာ ခေါ်သည့် ငါးထောင်တန်ခြောက်ရွက် ရှိပါ၏။

“ဒါ ငါဆင်းဆင်းရဲရဲတည် ဆောက်ခဲ့ရတဲ့ မြတ်နိုးဖွယ်ရာပါပဲ သူငယ်ချင်း။ လူတစ်ယောက်နဲ့တစ် ယောက် မြတ်နိုးတန်ဖိုးထားတဲ့ အရာချင်းတော့ ဘယ်တူပါ့မလဲ”

သူက မချိပြုံး ပြုံးရင်း –

“မင်းဝါသနာနဲ့ မင်းဘဝ အတွက် ဂုဏ်ယူပါတယ်သူငယ်ချင်း”
ဟု ဖြည်းလေးစွာ ပြောလေ၏။

(၃)
တွေးလက်စအတွေး မဆုံး သေးခင် လက်ဖက်ရည်ဆိုင်သို့ ရောက်လာ၏။ ဆိုင်အပြင်မှာ ဆောင်း ဦးညနေရီရီက မှုန်စပြုနေပြီ။စားပွဲ ထိုးကလေးက ရှယ်ပေါ့ကျတိုင်ကီ တစ်ခွက်နှင့် ဆေးလိပ်တစ်ပွဲလာ ချပေးသွား၏။ ကျွန်တော်ငယ်ငယ်က ဗန်းမော်တင်အောင်၏ ဒေါက်တာ ရေချမ်းဝတ္ထု ကို စွဲခဲ့၏။ ထိုစဉ်က တည်းက ဒေါက်တာရေချမ်းသောက် သော လက်ဖက်ရည်ပြင်းပြင်းကို တစိုက်မတ်မတ်မှာသောက်ခဲ့၏။စသောက်ခါစတုန်းကတော့ လျှာ ပေါ်မှာအတော်ခါးသည်ဟု ထင်၏။နောက်ပိုင်းကျတော့ ခါးတသက်သက် အရသာလေးကိုပဲ စွဲတစိမ့်စိမ့်ဖြစ်လာ ၏။ ကျွန်တော်တို့ဘဝတွေကလည်း ပေါ့ကျလက်ဖက်ရည်သောက်သူနှင့် အလားတူသည်သာဖြစ်၏။ ခါးသီးမှု တွေ့ကြုံ ရဖန်များလာသောအခါ ထို ခါးသီးမှုကိုပင် စွဲလမ်းသွားတတ်ကြ တာမျိုးရှိ၏။ ဖန်ဆိမ့်သောက်သူ အဖေကတော့ –

“မအေပေးလေး လေနာစွဲပြီး သေလိမ့်မယ်ဟ” ဟု ပြောဖူး၏။သေခါမှသေကရော၊ ယခုတော့ ကျွန်တော် ပေါ့ကျကိုမဖြတ်နိုင်တော့ ပြီ။ စာထဲကဇာတ်ကောင်ကို အတု ခိုးခြင်းသည်လည်း ကောင်းသည့် အရာကောင်းပြီး၊ မကောင်းသည့် အရာမကောင်းချေ။ ကျွန်တော့် သူငယ်ချင်းစန်းဝင်းကိုသတိရ၏။သူက လူသန်ကြီးဇော်ဝိတ်ကို အား ကျ၏။

အတုခိုး၏။ အရက်မသောက်၊ ဆေးလိပ်မသောက်၊ မိန်းမ မလိုက် စား။ ကာယဗလလေ့ကျင့်၏။ လွန်ခဲ့ သော ၁ဝ နှစ်ခန့်က ကျွန်တော် ချင်း တွင်းမြစ်အထက်ပိုင်း ဥရုချောင်း ရိုးတစ်လျှောက် ရွှေမှော်တွေဆီ ရောက်သွားတော့ စန်းဝင်းကိုတွေ့ ခဲ့၏။ သူဇော်ဝိတ်ကို အတုခိုးပြီးလေ့ ကျင့်ခဲ့တာတွေ အခုတော့အသုံးတည့် နေ၏။ သူ နန်တောရှမ်းဈေးကလေးမှရွှေမှော်တဲစုကလေးများသို့ ဈေး ကုန်များထမ်းပို့သော အလုပ်ကို လုပ်နေလေ၏။

“ငါဖြင့် ဇော်ဝိတ်လိုဗလတောင့် လို့တော်ပါသေးရဲ့ကွာ။ နို့မဟုတ် ရင်မလွယ်ဘူး” ဟု စန်းဝင်းကပြော ၏။ ကျွန်တော်တို့သူငယ်ချင်းများက သူ့ကို စန်းဝိတ်ဟုခေါ်ကြ၏။ သူ့ အဖေ ဦးကျော်မင်းကတော့ “ဝိတ်ရူး” ဟုခေါ်လေ၏။

စန်းဝင်းရောက်နေသော ရွှေ မှော်လေး၏အမည်မှာ နွယ်ပတ်ဟု ခေါ်၏။ ကျွန်တော်က စေတီဆိပ်၊ တင်းချယ်ကြယ်ရွှေမှော်တွေဆီမှာ ရွှေမျောတိုက်သော တရုတ်နီစက်တွေ ပြင်နေ၏။ နန်တောရွာသို့ နှစ်ပတ် တစ်ကြိမ် ရိက္ခာသွားဝယ်ရ၏။ ထိုစဉ် အခါက ဖက်စပ်ကုမ္ပဏီတွေ ရွှေ မှော်များထဲ ရောက်စပြုနေသော အချိန်။ ရွှေအရများသည့်နေရာမှန် သမျှ ဖက်စပ်သမားများ လက်ထဲ ရောက်နေပြီ။ ဒေသခံများနှင့်မြန်မာ ပြည် အရပ်ရပ်မှ ရွှေရှာသူများကတော့ ဖက်စပ်များမလိုချင်သည့် နေရာ ကလေးများ၌သာ လုပ်ရကိုင်ရ၏။ ဒေသခံ ရှမ်းအမျိုးသားများကတော့ စိတ်တိုင်း မကျလေတိုင်း “အာ့မွေ အာ့မွေ” ဟု အော်ဟစ်ရင်း တရုတ်နီ စက်များနှင့်ကိုယ့်တောင်ယာကိုယ် ရွှေမျောတိုက်နေကြ၏။

ရွှေမျောက နှစ်မျိုးရှိ၏။ တောင်တိုက်မျောနှင့် မှုန်စုပ်မျောတို့ဖြစ်ကြ၏။ တောင် တိုက်မျောက တောင်ကမ်းပါးယံကို ရေပိုက်နှင့်ထိုးပြီး ရွှေပါသောမြေစာ ကိုယူသော မျောမျိုးဖြစ်၏။ မှုန်စုပ် မျောကတော့ မြေကြီးထဲတွင်းကြီး ဟောက်ပက်ဖြစ်အောင် လှိုက်တူးပြီး ရွှေပါသောမြေစာကိုယူသည့်မျောမျိုး ဖြစ်၏။ ချင်းတွင်းမြစ် မစိန်၊ ရွှေ ပလ္လင်ဘက်မှာတော့ ရေမျောတိုက် ၏။ ရေမျောဆိုသည်မှာ ရေပေါ် ဖောင်ဖွဲ့၊ စက်တွေတင်ပြီး မြစ်ထဲ ကမြေစာကိုယူခြင်းဖြစ်၏။ စက်မျော မတတ်နိုင်သူများကတော့ လက်ကျင်း လေးများတူးကာ တပင်တပန်းမြေစာ ယူကြရှာ၏။ စက်မျောလည်းမတတ် နိုင်၊ လက်ကျင်းလည်း မထောင်နိုင် သူတွေအဖို့တော့ မျောမြီးခံ မြေစာ အကျန်ကျုံးဘဝနှင့် တစ်ရွေးရရ နှစ် ရွေးရရ ရှာဖွေစားသောက်ရသည်သာ ဖြစ်၏။မျောမြီးခံခြင်းဆိုသည်မှာ သူများမျောစင် နောက်ဆုံးမှာ ကိုယ့် အိတ်ဖတ်ကလေးခင်းပြီး တင်လာ သမျှမြေစာလေးများမှ ရွှေကိုကျင်ယူ ခြင်းဖြစ်၏။ မျောတစ်မျှောမှာ မျော မြီးခံသူတွေကလည်း ခပ်များများပင် ဖြစ်၏။

ထမင်းချက်လည်း မျောမြီး ခံ၏၊ ပေါ်လိန်(မျောပိုင်) ကတော် ကလည်း မျောမြီးခံ၏။ ကျွန်တော် တို့လို ဈေးဝယ်စက်ပြင် များကလည်း မျောမြီးခံတတ်ကြ၏။ ဈေးဝယ်စက် ပြင်ဟုဆိုလိုက်ခြင်းမှာ အကြောင်းရှိ ၏။ စက်က အမြဲတမ်း ပြင်ရသည် မဟုတ်။ စက်ပြင်စရာမရှိသောအချိန် များတွင် ကိုယ့်မျော လုပ်သားများ အတွက် ရိက္ခာဝယ်သော အလုပ်ကို လုပ်ပေးရ၏။ ထို့ကြောင့် ဈေးဝယ် စက်ပြင်ဟုဆိုခြင်းဖြစ်၏။ ကျွန်တော် အလုပ်လုပ်သော ရွှေမျောက တင်း ချယ်ရွာတစ်ဖက်ကမ်း တောပိုင်းမှာ ရှိ၏။ ဥရုချောင်းတစ်ဖက် ကမ်းဖြစ် ၏။ နန်တောကို ဈေးဝယ်သွားမည် ဆိုလျှင် တင်းချယ်ရွာကနေ စက်လှေ စီးသွားရလေ၏။ ရွှေမှော်များ၏မနက်ခင်းသည် တရုတ်နီ စက်သံ တဖုန်းဖုန်း မီးခိုးတလုံးလုံးနှင့် ဆူညံ မှုန်ဝေနေတတ်၏။ မျောသမားတွေ လုပ်ငန်းခွင်ဝင်ချိန်ဆိုလျှင် ကျွန်တော် က မျောထဲလိုက်မဆင်း။ အလုပ် သမားတဲထဲ၌ တင်းချယ်နှင့် နန်တော မှဝယ်လာသော စာအုပ်များကို ဖတ် နေတတ်၏။ တစ်ခါတလေလည်း ငှက်ဖျားတက်သဖြင့် စောင်ခြုံကွေး နေတတ်၏။ မျောထဲတွင် စက် တစ်ခုခုဖြစ်၍ လာခေါ်မှ လိုက်သွား ၏။ သို့သော် မျောထဲသို့တန်းမဆင်း သေး။ မြေပြိုနိုင်သလား မပြိုနိုင်ဘူး လား လေ့လာ အကဲခတ်ပြီးမှဆင်း ၏။ တစ်ခါက မျောထဲဆင်းပြီး စက် ပြင်နေတုန်း မြေပြိုကျသောကြောင့် အသက်လုပြီး တက်ပြေးရဖူး၏။အလုပ်သမား သုံးယောက်တော့ မြေပိပြီးသေဆုံးသွားကြ၏။ မျော ပိုင်ရှင် ပေါ်လိန်က သူတို့သုံးယောက် အတွက် လျော်ကြေးပေးရန် စကား အစမခံ။

“ဒီကောင်တွေ ဘိန်းစားတွေပါ။ဘာမိသားစုမှမရှိပါဘူး။ခင်ဗျား နန်တောသွား အလုပ်သမား အသစ် ရှာချေ” ဟု ပြော၏။ရွှေမှော်တွေထဲမှာ မြေကြီးပိသေသော မသာတွေ အများ ကြီးတွေ့ခဲ့ဖူးပါ၏။ တချို့လည်း လျော်ကြေးရ၊ တချို့လည်း လျော် ကြေးမရကြပေ။ တကယ့် ရွှေမှော်ထဲ ကအလုပ်သမားများ ဘဝသည် ရုပ် ရှင်တွေ၊ ဝတÄုတွေထဲက သရုပ်ဆောင် ရွှေမျောအလုပ်သမားတွေနှင့် မတူ တာအမှန်ပင်။ တချို့ ပေါ်လိန်တွေက ဒေသခံမဟုတ်။ မှော်လူလည်တွေ မှော်တကာနှံ့လာသူတွေ။ ရွှေကလေး ရလျှင် အလုပ်သမားတွေကို နန်တော ဘက် ဟုမ္မလင်း ရွှေရောင်းသွား လိုက်ဦးမယ်ဟုဆိုကာ ထွက်ပြေးသွား တတ်ကြ၏။ ဒေသခံပေါ်လိန်များ ကတော့ သစ္စာရှိကြပါ၏။

“မှော်ထဲကို အိပ်မက်တွေ ကျောပိုးပြီးဝင်လာတယ်။ ပြန်ထွက် သွားတော့ ကိုယ့်အလောင်းကိုယ်ထမ်း ပြန်သွားရတယ်” ဟူသော အလုပ် သမားများ၏ဘဝ။ ကျွန်တော် နီးနီး ကပ်ကပ်တွေ့မြင်ခဲ့ရဖူးလေ၏။တချို့ ဆို မှော်ထဲသို့ဒီဇယ်ဆီအလှူ ခံကြွ လာသော သံဃာတော်များနှင့်သရဏဂုံတင်ခွင့်ရလျှင်ပင် အတော်ကံ ကောင်းသောမသာဟု မှတ်ယူရမည့် ဘဝမျိုး။ ထိုမှော်များကို ကျွန်တော် ကျောခိုင်းထားခဲ့၏။

(၄)
အသံချဲ့စက်သံတွေကြောင့် နား တွေပူ၊ရင်တွေပူနေခဲ့သော မြို့သစ် ကလေးသည် ဝင်လာလုဆဲဆဲ ဆောင်းရာသီ၏ နှင်းကို ဆွတ်ယူ လိုက်ပြီထင်ပါ၏။ အေးသလိုလို ခံစားလာရ၏။ နန်းလျံကဖေးထဲကနေ စက်ရုံဖယ်ရီကားများ ထိုးဆိုက်လာ ပုံ၊ ကားပေါ်က အလုပ်သမားများ ပူပုံပန်း၍နွမ်းသည့်အသွင်ဖြင့် ဆင်း လာကြပုံ၊ ညနေဈေးတန်းကလေးဆီ ခပ်သုတ်သုတ် ပြေးလွှားသွားကြပုံ၊

“ကျွန်တော်တို့က စက်ဘီးခေတ် ကတည်းက ကယ်ရီဆွဲလာကြတာဗျ” ဟု ကယ်ရီရာဇဝင်ခင်း ပြတတ်သူများ ၏ “ကယ်ရီလား…ကယ်ရီလား အစ်မ” ဟု အော်နေပုံ။ ဆောင်းဦးရာသည် နှင့်ဘယ်လိုမျှ ပနံမရပါ။အီကွေတာ နှင့်နီးသော အပူပိုင်း တိုင်းပြည်တစ်ခု မှာ လူဖြစ်ရသူများပီပီ တစ်ခုမဟုတ် တစ်ခု ပူနေကြရသည်သာဖြစ်၏။ ဖတ်ချင်စိတ်ရှိသော စာအုပ်ထဲ စိတ် ကိုလွှတ်ချလိုက်၏။

“မြန်မာလူမျိုးတို့၏ရွှင်ပျသောမျက်နှာနှင့်ခံ့ညားသော ဣနြေ္ဒ အမူ အရာများကို ကြည့်ရသည်မှာ ကြာ မြင့် စွာကျွန်ဖြစ်နေရမည့် လက္ခဏာ မျိုး မဟုတ်နိုင်ပါ”

အိပ်ခ်ျဂျီဝဲလ်
မစ္စတာဝဲလ်မှားသွားပြီဟု ကျွန်တော်ထင်၏။ သူတစ်ဦးတည်း မှားသည်တော့မဟုတ်။ မြန်မာလူမျိုး တို့ကို ကျွန်ုပ်မြင်ရလျှင် မြင်ရချင်း ၄င်းတို့၏ကျောပေါ်တွင် မည်သည့် နည်းနှင့်မျှ ကျွန်တံဆိပ်မပါရှိကြောင်း ကောင်းစွာအကဲဖြတ်မိပါ၏”

ဂျဝါဟလာနေရူး

မစ္စတာနေရူးလည်း အကဲဖြတ် မှား၏။

“မြန်မာပြည်အားလွတ်လပ်ရေး ပေးခြင်းသည် သွေးချောင်းစီးစေခြင်း သာဖြစ်ပေလိမ့်မည်”

ဆာဝင်စတန်ချာချီ

မစ္စတာချာချီ၏မှတ်ချက်ကသာ သွေးထွက်အောင်မှန်သည်ဟု ဆိုရ တော့မည်သာ။ ကျွန်တော်၏စိတ်ကူး စိတ်သန်းများသည် ဆောင်းဦးလေ ပြည်ထဲ၌တည်ဆောက်၍မရမီ လွင့် ပါးသွားကြလေတော့သတည်း။

“ဆင်းရဲကင်းကြပါစေ”

အောင်မှူးဝေ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*