အော်သံတွေ ညံနေဆဲပဲ

အော်သံတွေ ညံနေဆဲပဲ
February 19, 2018 Leanne Win
အော်သံတွေ ညံနေဆဲပဲ

ထောင့်တစ်ထောင့်ကလာတာ မဟုတ်ဘူး
မြစ်ကျိုးအင်းတစ်ခုရဲ့
ရှိုက်ညည်းသံမဟုတ်ဘူး
သစ်ပင်တစ်ပင်ရဲ့ အံကြိတ်သံမဟုတ်ဘူး
ကလေးငယ်တစ်ယောက်ရဲ့
ဗိုက်ပုတ်သံမဟုတ်ဘူး
ဒါဟာ
တစ်ကမ္ဘာလုံးရဲ့
ဆို့နင့်ကြေကွဲ ဆာလောင်သံ။

စားပွဲတစ်လုံးပေါ်က စက္ကူပန်းဟာ
ရေမငတ်ဘူး ဘယ်သူပြောလဲ
တံစက်မြိတ်အောက်မှာ မိုးစက်လေး တွေ တွဲခိုနေလည်း ရေငတ်သူဟာ တံခါးချက်ကြားမှာကွဲရှ
မွဲခြောက်ခြောက် ဆံနွယ်ကိုပင့်တင်
ပြေးရတာ မောလှပြီတဲ့
ဆိတ်ငြိမ်မှုက ဆိတ်ငြိမ်နေတုန်း။

အရှိန်နဲ့ ဆောင့်ဝင်လာမလား
အရှိန်နဲ့ ခုန်အုပ်လိုက်မလား
အရှိန်အဝါနဲ့ ကမ္ဘာဆိုတော့
ရှိန်နေကြတဲ့ လမ်းပျောက်သူတွေဟာ
လက်တံမဲ့စွာ ခန်းခြောက်လို့။

နာကျင်မှုမရှိတဲ့ ဆေးထိုးပေးပါ
ဘာမှမကြင်နာတတ်သူတွေရဲ့အလယ်
တစ်ဖက်က မီးစ
တစ်ဖက်က လှီးချမယ့်ဓားတွေနဲ့
ရေမြေမဲ့ အနာဂတ်တွေဟာ
မျက်လုံးနဲ့ နားကို ဘာသာမပြန်တတ်တော့ဘူး။

ဆုံးရှုံးမှုဆိုတာ အငွေ့ ပြန်ခြင်းမဟုတ်ဘူး
ပညာတွေ မထွန်းပရတာ
မေတ္တာတရား မလင်းဖျရတာ
အနာအဆာကိုမှ
မစာမနာ စားသုံးနေကြတဲ့ ခေတ်ဆိုးထဲ
ဝလုံးနဲ့ သုညဟာ တန်ဖိုးရှိခွင့်မရရှာ။

သွေးဆာနေတဲ့ တိမ်တွေလွင့်သွားပါစေ
နေကပေးလိုက်တဲ့ နေရောင်ခြည်
လ မိခင်တွေထံ ရောက်ပါစေ။

လသားအရွယ်လေးကအစ ကြယ်ဖြစ်မယ့်လူတွေ
အတောင်ပေါက်ခွင့်ရကြပါစေ
ထိခတ်ကြည့်ပါ
ငါတို့ဟာ ကမ္ဘာကြီးပါပဲ
ငါတို့ဟာ ကျောက်ခေတ်ရဲ့ မျိုးဆက်တွေ
အထီး အမနဲ့ ဘာသာဗေဒ
ချစ်ခြင်းတရားနဲ့ ဥာဏ်ပညာ
သွန်မပစ်ရက်တဲ့ စိတ်ထားကိုက
စိမ်းလန်းလာမယ့် အနာဂတ်ကမ္ဘာ။

ပေးပါ
ငှဲ့ကြည့်လှည့်ပါ
သင့်ရဲ့ ကောင်းစွာနိုးထမှုနဲ့
ဂေဟစနစ်ဖြစ်ချင်တယ်ဆိုတာ။

ရိုးဖွဲ့အိမ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*