ကျောင်းပျော်ကြီးကျွန်တော် (၁၉)

ကျောင်းပျော်ကြီးကျွန်တော် (၁၉)
February 6, 2018 AsianFame MediaGroup
ကျောင်းပျော်ကြီးကျွန်တော် (၁၉)

နောက်ဆုံးသင်တန်းအပရဂေါယာနဆောင်မှ နိုင်ငံ ရေးသင်တန်းပြီးခါနီးပါပြီ။ သင်တန်း ကာလပြီးခါနီးလေလေ သင်တန်း ချိန် ပိုများလာလေလေဖြစ်သည်။ ညစာ စားပြီးသည်နှင့် ည ၇ နာရီမှ ၉ နာရီအထိ သင်တန်းခန်းဝင်ပြီး ဆွေးနွေးပွဲများမှာ ပါဝင်ဆွေးနွေးရ သောကြောင့်ဖြစ်သည်။ လက်ရှိ ဖြစ် ပျက်နေသော နိုင်ငံရေး၊ စီးပွားရေး ကိစ္စရပ်များကိုလည်း ဆွေးနွေးကြ သည်။ ဆွေးနွေးရင်း စကားလွန်သွား လျှင် ဆရာများက ပြန်ထိန်းပေးကြ သည်။ ‘အခြေအနေကို ကျွန်တော်တို့ လည်း သိပါတယ်။ ဒါပေမဲ့ ခဏတော့ သည်းခံကြပါဦး’ ဆိုသော ဖြေသိမ့် စကားမျိုးတွေလည်း ကြားရသည်။

စာတမ်းခေါင်းစဉ်များ ကြေညာ ပေးပြီး နှစ်သက်ရာ ခေါင်းစဉ်ကို ရွေး၍ စာတမ်းပြုစုရန် တာဝန်ပေး သည်။ တစ်ဦးချင်း ပြုစုရမည်ဖြစ် သည်။ သဘောတရား၊ စီးပွားရေး၊ သမိုင်း၊ စည်းရုံးရေးဟူသော ဘာသာ ရပ်နယ်ပယ် တစ်ခုခုထဲက ရွေးချယ် ရန်ဖြစ်သည်။ ခေါင်းစဉ်များကို အလှည့်ကျ ဆွေးနွေးပြီး သင်တန်း သားအားလုံးက အကဲဖြတ်ရသည်။ သင်တန်းပြီးခါနီးအထိ ယခုကဲ့သို့ တက္ကသိုလ်ကောလိပ်သိပ္ပံများမှ ဆရာ၊ ဆရာမများအား သင်တန်းပေးရ သည့် ရည်ရွယ်ချက်ကို သင်တန်း ဆရာများက တိတိကျကျ မပြောကြ သေးပါ။ သို့သော် သင်တန်းသားများ က ခန့်မှန်းမိကြသော အချက်တစ် ချက်မှာ ဤသင်တန်းသည် မကြာမီ ဖွင့်လှစ်တော့မည့် ဒေသကောလိပ် များနှင့် ပတ်သက်မှုရှိလိမ့်မည် ဟူသော အချက်ဖြစ်သည်။ ပညာရေး ဝန်ကြီး ဒေါက်တာခင်မောင်ဝင်းက သင်တန်းမှာ ဒေသကောလိပ် အကြောင်း ဆွေးနွေးသွားသည်။ (ဝန်ကြီးက ဒေသကောလိပ်ခေါ် ရီဂျင်နယ် (reginal) ကောလိပ်ကို တချို့က ‘ရီ (ရယ်)ချင်တယ်ကော လိပ်’ ဟု နောက်ပြောင်ကြကြောင်း၊ တချို့ကလည်း ‘ငိုချင်တယ်ကော လိပ်’ ဟု နောက်ပြောင်ကြကြောင်း ထည့်ပြောသွားသည်ကို မှတ်မိနေ ပါသည်။) သင်တန်းသားများကတော့ ဒေသကောလိပ်မှာ သင်ကြားဖို့တာဝန် ပေးနိုင်သည်ဟု ခန့်မှန်းကြသည်။

ခန့်မှန်းသည့်အတိုင်းပင် သင် တန်းဆင်းသည့်နေ့မှာ အကျိုး အကြောင်းသိရသည်။ ဖွင့်တော့မည့် ဒေသကောလိပ်များမှာ နိုင်ငံရေး သိပ္ပံ (Political Science) ကို ဘာသာရပ်တစ်ခုအဖြစ် သင်ကြား ရန် အစီအစဉ်ရှိကြောင်း၊ ယခုသင် တန်းသားများထဲက တာဝန်ပေးမည် ဖြစ်ကြောင်း၊ သင်တန်းဆင်းလျှင် ကိုယ့်မိခင်ဌာနမှာ ပြန်လည်တာဝန် ထမ်းဆောင်ရင်း စောင့်ကြရန်ဖြစ် ကြောင်း သိရပါသည်။

ဒေသကောလိပ်တွေ စဖွင့်နေပါ ပြီ။ ပြည်နယ်နှင့် တိုင်းများတွင် ဒေသကောလိပ်များ ဖွင့်လိုက်သည်။ အချို့တိုင်းများတွင် ဒေသကောလိပ် တစ်ကျောင်းထက်ပိုဖွင့်သည်။ ရန်ကုန်တိုင်းမှာ ဒေသကောလိပ် ၂ ကျောင်းစဖွင့်ပြီး နောက်နှစ်မှာ တစ် ကျောင်းထပ်ပေါင်း၍ ၃ ကျောင်း ဖြစ်လာသည်။ အားလုံးဒေသ ကော လိပ် ၂ဝ ကျော်ဖွင့်သည်။ သြဂုတ်လ ကျတော့ ကျွန်တော်တို့ သင်တန်းသား များကို ဒေသကောလိပ်များမှာ နိုင်ငံ ရေးသိပ္ပံသင်ကြားရန် တာဝန်ချသည့် အမိန့်ထွက်လာသည်။ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်စသည့် မြို့ကြီးများမှ တက္ကသိုလ်ကောလိပ် များတွင် ကိုယ့်မိခင်ဘာသာရပ်ကို ရော၊ နိုင်ငံရေး သိပ္ပံကိုပါ တွဲဖက် သင်ကြားရန် တာဝန်ပေးခြင်းများရှိ သည်။ အခြားမြို့များရှိ ဒေသ ကောလိပ်များတွင်မူ နိုင်ငံရေး သိပ္ပံ ဌာန သီးခြားဖွင့်၍ ဌာနမှူးအဖြစ် တာဝန်ယူသင်ကြားပို့ချရသည်။ ဌာန မှူးတာဝန်ယူရသော်လည်း တစ်ဌာန မှာ တစ်ယောက်သာခန့်နိုင်သည်။ ဌာနမှူးလည်းသူ၊ ကျောင်းသားလည်း သူပင်ဖြစ်သည်။ တွဲဖက်သင်ရသည့် ကျောင်းများမှာတော့ ၃ ယောက်၊ ၄ ယောက် စသည်ဖြင့် တာဝန်ပေးထား သည်။ တစ်ယောက်က ဌာနမှူး တာဝန်ယူရသည်။

ထိုနှစ်တွင်ကျွန်တော်သည် ပညာရေးတက္ကသိုလ်မှ ပုသိမ်ကော လိပ်သို့ ပြောင်းရွှေ့ရသည်။ ပုသိမ် ကောလိပ် မြန်မာစာဌာနမှာ တာဝန် ထမ်းဆောင်ရင်း အနားက ဧရာဝတီ တိုင်း ဒေသကောလိပ်မှာ နိုင်ငံရေး သိပ္ပံကို တွဲဖက်သင်ကြားရန်ဟု အမိန့်စာမှာ ဖော်ပြထားသည်။ ပုသိမ်မှာ အပရဂေါယာန သင်တန်း ဆင်း ဆရာ၊ ဆရာမ ၄ ယောက်က နိုင်ငံရေးသိပ္ပံကို တွဲဖက်သင်ကြားရပါ သည်။ မူရင်းလစာအပြင် တိုင်းက အချိန်ပိုင်း လစာချီးမြှင့်သည်။ ပြန် စဉ်းစားကြည့်တော့ ထိုစဉ်က ပြောင်း လဲလိုက်သော ပညာရေးစနစ်တစ်ခု မှာ ပါဝင်ဆောင်ရွက်ရခြင်းပါကလား ဟု တွေးမိပါသည်။

‘ကျွန်တော်’နှင့် ‘နိုင်ငံရေးသိပ္ပံ’ တို့ ကြာကြာရေစက်မဆုံလိုက်ပါ။ နောက်နှစ်တွင် ဟင်္သာတမှာ ဒေသ ကောလိပ်တစ်ခု (ဧရာဝတီတိုင်း ဒေသကောလိပ်အမှတ် ၂)ဖွင့်တော့ ပုသိမ်ဒေသကောလိပ်မှာ ကျောင်း သားလျော့သွားသည်။ နိုင်ငံရေး သိပ္ပံ ဆရာတစ်ယောက်က ဟင်္သာတ ဒေသကောလိပ်သို့ ပြောင်းရသည်။ ပုသိမ်ဒေသကောလိပ်မှာ နိုင်ငံရေး သိပ္ပံဆရာ ၂ ယောက်သာ လိုအပ် သဖြင့် တစ်ယောက်ပိုနေသည်။ ကျွန်တော်က မိမိဆန္ဒအလျောက် နိုင်ငံရေးသိပ္ပံဆရာအဖြစ်မှ ထွက်ခွင့် တောင်းပြီး ပုသိမ်ကောလိပ်မှာပင် ဆက်၍တာဝန်ထမ်းဆောင်ပါသည်။

သို့သော် ‘ကျောင်းပျော်ကြီး ကျွန်တော်’ သင်တန်းတက်ရသည့် ရေစက်က မကုန်သေးပါ။ အမှုထမ်း သက် ၃ဝ ကျော်မှ သင်တန်းတစ်ခု တက်ရပြန်ပါသည်။ ၁၉၉၂ ခုနှစ်တွင် ဖောင်ကြီးဗဟိုဝန်ထမ်း တက္ကသိုလ် မှာ ဖွင့်လှစ်သော တက္ကသိုလ်ဆရာ၊ ဆရာမများ မွမ်းမံသင်တန်းအမှတ် ၂ ကို တက်ရခြင်း ဖြစ်ပါသည်။ သင် တန်းက တစ်လသင်တန်းဖြစ်သည်။ တစ်နိုင်ငံလုံးရှိ တက္ကသိုလ်ကောလိပ် များမှ ဆရာ၊ ဆရာမများ အလှည့် ကျ တက်ရသည်။ သင်တန်းအမှတ် ၁ ဖွင့်ပြီးတော့ အမှတ် ၂ တက်ရန် ခေါ်သည့်အချိန်တွင် ဇနီးက ပခုက္ကူ ကောလိပ်မှာ တာဝန်ကျနေသည်။ တစ်ချိန်တည်း၊ တစ်ပြိုင်တည်းပြီးသွား အောင် သင်တန်းအတူတက်ရန် စီစဉ်လိုက်သည်။ တပ်ခွဲအလိုက် နေရာချထားသော အဆောင်သို့ ရောက်၍ လူစုံသည်နှင့် ပတ်ဝန်း ကျင်ကို စပ်စုလိုက်သောအခါ လုပ် ဖော်ကိုင်ဖက် မိတ်ဆွေများကို တွေ့ရ သည့်အတွက် ဝမ်းသာသွားသည်။ ‘အကြောင်းညီညွတ်’သည့်အတွက် ‘ဘောင်းဘီဝတ်’ရသည့် အတွေ့အ ကြုံကလည်း တစ်မျိုးထူးခြားပါသည်။ ယူနီဖောင်းဝတ်စုံကိုယ်စီဖြင့် စာသင် ခန်းသို့ ‘ချီတက်’ရသည့်အခါ စီးထား သော ‘ဖိနပ်’က ကိုယ့်ကို ရှေ့ဆောင် လမ်းပြလုပ်ပြီး ခေါ်သွားသလို ခံစား လိုက်ရသည်။ ဖိနပ်၏ ခေါ်ဆောင် ရာသို့ လိုက်ပါရင်း ခြေလှမ်းသွက် လာသည်။ မနက်ပိုင်း သင်တန်းချိန် မှာ ဆရာတစ်ယောက်ပြီးတစ်ယောက် တစ်ချိန်ပြီးတစ်ချိန် လာသင်ကြ သည်။ စိတ်ဝင်စားစရာလည်း ကောင်း ပါသည်။ အိပ်ငိုက်စရာလည်းပါသည်။ တချို့က သိသိသာသာ ငိုက်ကြသည်။ မနက်ပိုင်းပြီးတော့ အဆောင်သို့ ထမင်းစားပြန်ရသည့် အချိန်မှာ အပင်ပန်းဆုံးဖြစ်သည်။ နေပူပူ၊ ချွေး ရွှဲရွှဲနှင့် လမ်းလျှောက်ရသည်မှာ ကိုယ့်အသက်အရွယ်အရ မသက်သာ လှ။ စားသောက်ပြီး၍ ခဏနားပြီး တော့ လာလမ်းအတိုင်း ချီတက်ရပြန် သည်။ ညနေပိုင်း သင်တန်းပြီးတော့ စိတ်လက်ပေါ့ပါးစွာ ပြန်လာရသည်။ ညစာစားပြီး နားနားနေနေ နေနိုင် သည်။ လက်ဖက်ရည်ဆိုင် သွားချင် သွား၊ အဆောင်မှာ စကားပြောချင် ပြော။ ညနေဘက် နေဝင်ခါနီးမှာ အဖော်များနှင့် လမ်းလျှောက်ရသည့် အရသာမှာလည်း တစ်မျိုးထူးသည်။

သင်တန်းမှာ ဌာနအမျိုးမျိုးက လာရောက်၍ အကြောင်းအရာအမျိုး မျိုးကို ပို့ချဆွေးနွေးသည့်အတွက် ဗဟုသုတတိုးပွားသည်။ မြန်မာ့ယဉ် ကျေးမှု ဓလေ့ထုံးတမ်းများ၊ စီမံခန့်ခွဲ ရေးကိစ္စများ၊ ဘဏ္ဍာ ငွေကြေးကိစ္စ များ၊ ဥပဒေရေးရာများ၊ ပြည်ထောင် စုစိတ်ဓာတ်၊ ခေါင်းဆောင်မှုပညာ စသည်ဖြင့် သိကောင်းစရာများဖြစ် သည်။ စိတ်ဝင်စားရာ ဘာသာရပ်ကို ဆက်လေ့လာဖို့ လမ်းစရသည်။

ကျွန်တော်ပြန်စဉ်းစားကြည့်ပါ သည်။ ၄ နှစ်သားအရွယ် လူမမည် ဘဝက အဘိုးထံမှာ ကကြီးခခွေး စသင်ရသည့်အချိန်ကစ၍ နောက် ဆုံးသင်တန်းတက်ရသော အသက် ၅ဝ ကျော်အထိ ဖြတ်သန်းခဲ့ရသော ‘ကျောင်းပျော်ကြီး’ အတွေ့အကြုံက ကျွန်တော့်ဘဝမှာ တိုးတက်ရာ တိုး တက်ကြောင်းအတွက် အရေးပါသော အတွေ့အကြုံများဖြစ်ကြောင်း သဘောပေါက်ပါသည်။ ကျွန်တော်၏ ကံ့ကူလက်လှည့် ဆရာဖြစ်သော အဘိုးကစ၍ ကျွန်တော့်ကို သင်ကြား ပို့ချလမ်းပြခဲ့ကြသော ဆရာများ၏ အသိပညာ၊ အတတ်ပညာ အမွေ ကောင်းများ ရရှိသည့်အတွက် ထို ဆရာများ၏ ဂုဏ်ကျေးဇူးကြီးမားပုံ ကိုလည်း ဆင်ခြင်အောက်မေ့မိပါ သည်။ ကျောင်းများ၊ သင်တန်းများမှာ စိတ် ချမ်းမြေ့စွာ ပျော်ပျော်ရွှင်ရွှင် ပညာ ဆည်းပူးခဲ့ဖူးသော ‘ကျောင်း ပျော်ကြီး’ ဘဝကို ရခဲ့ခြင်းမှာ ‘အရ တော် ပေစွ’ ဟူ၍ စိတ်ထဲက ကျူးရင့် ရင်း ကျေနပ်နေမိပါတော့သည်။

မောင်ခင်မင်(ဓနုဖြူ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*