ရွှေကျီးနားစေတီ

ရွှေကျီးနားစေတီ
February 1, 2018 Leanne Win
ရွှေကျီးနားစေတီ

ဗန်းမော် မြို့သည် ကချင်ပြည်နယ်၏ တောင်ဘက်စွန်းကျသော မြို့ဖြစ်သည်။ရှမ်းဘာသာအားဖြင့် မန်မော် ဟုခေါ်ရာမှ ဗန်းမော်ဟု ပြောင်းလဲလာကြောင်းသိရသည်။ မန်သည် ရှမ်းဘာသာအားဖြင့် ရွာဖြစ်ပြီး မော်သည် ‘အို’းဟုဆိုသဖြင့် အိုးလုပ်သောရွာဟု အဓိပ္ပါယ်ရလေသည်။ဗန်းမော်မြို့အကြောင်းပြောပါက ထင်ရှားသည့် ဘုရားတစ်ဆူအကြောင်းသိရှိထားရန်လိုပါမည်။ထိုဘုရားကား ရွှေကျီးနားမဟာစေတီ တော်ပင်ဖြစ်ပါသည်။ဓမ္ပာနဂိုရ် ပြည့်ရှင်  စိတ္တရာဇာ မင်းကြီးနှင့် သားတော်ဝိလာသမင်းသားတို့သည် သီရိဓမ္မသောက မင်းကြီး ထံမှ ဓာတ်တော်လေးဆူ ရရှိခဲ့သည်။ထိုဓာတ်တော်လေးဆူဖြင့် ဗန်းမော် ဒေသ၌ စေတီလေးဆူ တည်ထားခဲ့ကြသည်။ ထိုစေတီတော်မြတ်များမှာ ဓမ္ပာနဂိုရ်ကောင်းစင့် နေပြည်တော် တာပိန်မြစ် ဦး၌ ရွှေကျီးနား မဟာစေတီတော် ၊မန်မော်(ဗန်းမော်) မြို့၌ ရွှေစေတီ (သိမ်မဟာစေတီတော်)၊ကောင်းတုံမြို့၌ ရွှေစည်းခုံ စေတီတော် ၊ဟားခမ်း ခေါ်ငဆောင်ချမ်းမြို့၌မြစေတီတော်တို့ဖြစ်လေသည်။

ဓမ္ပာနဂိုရ် မင်းကြီး စိတ္တရာဇာနှင့် သားတော် ၀ိလာသမင်းသားတို့တည်ထားတော်မူသော ရွှေကျီးနား စေတီတော်သည် မြန်မာနှစ် ၁၁၈၀ ပြည့်နှစ်၊ ခရစ်နှစ် ၁၈၁၈ ခုနှစ် ဘိုးတော် ဗဒုံမင်းလက်ထက်တွင် တာပိန်မြစ်ရေ တိုက်စားသဖြင့် ရေသို့လားမည်သကဲ့သို့ဖြစ်လေရာ ဗန်းမော်မြို့ဝန် ဦးအိုးနှင့်တကွ ဘဒ္ဒန္တသီလ၀ံသဓဇမဟာဓမ္မရာဇာ ဂုရုတံဆိပ်တော်ရ သာသနာပြုနွယ် ငြိမ်းဆရာတော်၊ကုန်းခါးဆရာတော်၊ကောင်းဆင့်ဆရာတော် ၊ညောင်ပင်သာဆရာတော်၊ကွန်းကြီးအလယ်ကျောင်းဆရာတော်၊ ကမ်းနီဆရာတော်၊ စင့်ကင်ဆရာတော်၊ရေရှင်ဆရာတော်၊တောင်လုံးဆရာတော်၊ပန်းဘဲကုန်းဆရာတော်၊တပ်တွင်းကျောင်းဆရာတော် စသော သံဃာတော် အရှင်သူမြတ်တို့သည် မြို့နယ်အတွင်းရှိ ဗုဒ္ဓ ဘာသာဝင်များအား တိုက်တွန်းနှိုးဆော်၍  အိုက်ခေါတော် စေတီ အနီးသို့ ပြောင်းရွှေ့ တည်ထားခဲ့လေသည်။ဗန်းမော်မြို့ဝန် ဦးအိုးက ဒါယကာအဖြစ်ခံယူ၍  အုတ်မုခ်၊ အုတ်လှေ ကား၊အုတ်ပြာသာဒ်၊ တန်ဆောင်းတို့ကိုပါ တည်ထားလှူဒါန်းခဲ့သည်။

ဆရာတော် ဦးဇောတ၊ မင်းစည်ဂိုဏ်းအုပ် ဆရာတော် ဦးပရမ ၊ ရွှေကျီးနားဆရာတော် ဦးမုတ်ဆိတ်တို့အား စေတီတော်ပြုပြင်ရေး နာယကဆရာတော်များအဖြစ် တင်ေမြှာက်၍  ကြေးစလောင်းအထူး စိန်ဖူးတော် ကို ထပ်မံပြုပြင်ခဲ့သည်။မြန်မာနှစ် ၁၂၉၃ ခုနှစ် ၊ခရစ်နှစ် ၁၉၃၁ ခုနှစ် တို့တွင် ငလျင်တုန်လှုပ်ပြန်လေရာ စေတီ၊နယ်ပိုင်ဝန်ထောက် ဦးထွန်းကြွယ်၊ ရေရှင်ကျောင်းတိုက် ဂိုဏ်းအုပ်ဆရာတော် ဦးအာလောကတို့က ဦးဆောင်လျက်ချရားသီးမှခေါင်းလောင်းနားအထိ ရွှေဆိုင်းပေါင်းတစ်ထောင်ဖြင့် မြန်မာနှစ် ၁၂၉၄ခုနှစ်တွင် ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

မြန်မာနှစ် ၁၃၀၆ ခုနှစ်၊ ၀ါခေါင်လပြည့်ကျော် ၈ရက် ၊၁၉၄၄ ခုနှစ်သြဂုတ်လ ၁၁ရက်နေ့ နံနက်၁၁နာရီအချိန်တွင် မဟာမိတ်တို့၏ ဗုံးဒဏ် ကြောင့်စေတီတော်မြတ်သည် ခေါင်းလောင်းနားအထိ ပြိုအက် ပျက်စီးတော်မူသည်။ရွှေထီးတော်၏ သံတိုင်သည် ဗုံးဒဏ်ကြောင့် စေတီတော်မှ လွင့်စဉ် ၍ တစ်ခေါ်လောက်ဝေးသည့်တာပိန် မြစ်ကမ်းဦး သို့ကျရောက်သွားသည်။စေတီအထက်ပိုင်းတစ်ခုလုံးရွှေထီးတော်မူကား လုံးဝ အထိအခိုက်မရှိဘဲ ပျက်စီး လေပြီးသော စေတီအထက်၌ ပကတိအတိုင်း တည်နေတော်မူသည်။မြန်မာနှစ် ၁၃၀၉ ခုနှစ်၊ ခရစ်နှစ် ၁၉၄၇ ခုနှစ်မှစ၍  ရွှေကျီးနားဂိုဏ်းအုပ် ဆရာတော် ဦးနန္ဒ၀ံသကြီး မှူး၍  ပြန်လည်ပြုပြင်တော်မူခဲ့ရာ မြန်မာနှစ် ၁၃၀၀ ပြည့်နှစ် ၊တပေါင်းလပြည့် နေ့၊ ၁၉၄၉ခုနှစ် မတ်လ၁၃ရက်နေ့တွင် မူလထီးတော်ကို ရွှေ၊ကျောက်တို့ဖြင့် မွမ်းမံခြယ်လှယ်၍  ထီးတော်တင်လှူခဲ့သည်။ခရစ်နှစ် ၁၉၉၀ ပြည့်နှစ်တွင် ရွှေကျီးနား စေတီတော်မြတ်ကြီးကို မြန်မာနိုင်ငံအရပ်ရပ်ရှိ အခြားသော သမိုင်းဝင် စေတီတော်ကြီးများ နည်းတူနိုင်ငံတော်၏ ပြန်တမ်းဝင် စေတီတော်တစ်ဆူအဖြစ် သတ်မှတ်ခဲ့သည်။ဗန်းမော်မြို့ ရွှေကျီးနား စေတီတော်မြတ်ကြီး၏ ဘုရားပွဲတော်ကို မျှ နှစ်စဉ် ခြိမ့်ခြိမ့်သဲ ကျင်းပလျက်ရှိပါသည်။ရွှေကျီးနားစေတီတော်၏ ပျက်စီး ယိုယွင်းနေသော စိန်ဖူးတော်အား မန္တလေးသို့ ပင့်ဆောင်ပြုပြင်ခြင်း၊ ထီးတော် လုံးပြည့် ရွှေသင်္ကန်းကပ် လှူခြင်းများကို ၁၉၉၃ ခုနှစ် တွင် ဆောင်ရွက်ခဲ့သည်။ ဆက်လက်၍ လည်း ခရိုင်၊ မြို့နယ် အုပ်ချုပ် ရေးအဖွဲ့များ၊မြို့မိမြို့ဖ များ၊ဂေါပက အဆက်ဆက်တို့ကလည်း ဘက်စုံပြုပြင်တည်ဆောက်လျက်ရှိပါသဖြင့် သပယ်ကြည်ညိုဖွယ်ရာ အတိဖြစ်နေလေသည်။သို့ဖြစ်ပါ၍  ဗန်းမော်သို့ ရောက်ရှိပါက တာပိန်မြစ်ကမ်း နေဘေးမှ ရွှေကျီးနား စေတီတော်မြတ်အား ဖူးမြှော်ကြည်ညိုနိုင်ပါရန် သဒ္ဒါရည်ကျိုး၍  နှိုးဆော်လိုက်ရပါသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*