လမ်း

လမ်း
January 29, 2018 AsianFame MediaGroup
လမ်း

တောရိပ်တောင်ရိပ်ကိုမှီကာဆောက်လုပ်ထားသော ကျောင်းသင်္ခမ်းလေးမှ တောအုပ် ကလေးဆီ သွယ်ဖောက်ထားတတ်သော သူ တော်စင်တို့တစ်ကိုယ်စာစင်္ကြံလမ်းကလေး တွေမှအပ မိမိအိမ်ခြံဝင်းအတွင်း ကိုယ့် မိသားစုအတွက်သာ ဖောက်လုပ်ထားသော မိသားတစ်စုပိုင်လမ်းတွေမှအပ လမ်းဆိုသည် မှာ အများနှင့်သက်ဆိုင်ပါသည်။

ကျွန်တော့်ဘဝတွင်လည်း လျှောက်လှမ်း ခဲ့ဖူးသော လမ်းကလေးတွေများစွာရှိပါသည်။ လယ်ကန် သင်းရိုးပေါင်ပေါ် မြက်ရိုင်းပင်တွေ ကြားကလွမ်းမောစရာ အမေ့ရွာအပြန်လူတစ် ကိုယ်စာလမ်းကျဉ်းကလေးတွေ၊ ခြေလှမ်း တိုင်းကို ထိန်းချုပ်ထားသည့်၊ ဇလီဖားတုံးတွေ ပေါ်မှာ ခြေလှမ်းတစ်ချက်မှားလိုက်သည်နှင့် နာကျင်ရမည့် မီးရထားလမ်းတွေလိုမျိုး လျှောက်လှမ်းရခက်ခဲသော လမ်းကလေးတွေ၊ လူငယ်၊ လူရွယ်ဘဝမှာ ဦးတည်ရာမဲ့ ပျော် ပျော်ကြီးလျှောက်ခဲ့သော ပွဲဈေးတန်းလမ်း ကလေးတွေစသည်ဖြင့် ဘဝမှာလျှောက်ခဲ့ဖူး သော လမ်းကလေးတွေက အများသားဆို ပေမယ့်တစ်ခုသောလမ်းကလေးကိုတော့ ပိုမို မှတ်မှတ်ထင်ထင်ရှိနေမိသည်။

ထိုလမ်းကလေးသည် အသစ်ဖြစ်သော ကြောင့် အမည်နာမမရှိပါ။ တိတိပပဆိုရလျှင် လိုအပ်ချက်တစ်ခု ကြောင့်ဖြစ်ပေါ်လာသော လမ်းကလေးပင်။ ကျွန်တော်လမ်းခွဲကိုင် တာဝန်ဖြင့် တောဘူတာရုံကလေး တစ်ခုတွင် တာဝန်ထမ်းဆောင်စဉ်က ထိုလမ်းကလေးဖြစ် ပေါ်လာပုံကိုပင် အစအဆုံးမြင်တွေ့ခဲ့ရဖူး သည်။ ကျွန်တော်တို့ ဘူတာရုံကလေး၏ အနောက်စူးစူးတွင် ရွာကလေးတစ်ရွာရှိ သည်။ ထိုရွာမှ ရွာသူရွာသားတို့သည် စီးပွား ရေး၊ ကျန်းမာရေး၊ လူမှုရေးစသည့် ကိစ္စကြီး ငယ်တို့အတွက် နယ်မြို့ကလေးတစ်ခုသို့ နေ့ စဉ်လိုလိုသွားတတ်ကြပြန်သည်။ ထိုသို့သွား ကြသည့်အခါတိုင်း ကျွန်တော်တို့ ဘူတာရုံ ကလေးသို့ ရထားလာစီးကြရသည်။

ကျွန်တော်ပြောချင်သည်မှာ ရွာကလေး မှ ဘူတာရုံကလေးသို့ လာခဲ့ရသောခရီး လမ်းကြောင်းဖြစ်သည်။ ထိုရွာကလေးသည် ကျွန်တော်တို့ ဘူတာရုံကလေးနှင့် နီးနီးကပ် ကပ်မရှိလှသော်လည်း ဘူတာရုံကနေ လှမ်း မြင်နေရသော အနေအထားတွင်ရှိပါသည်။ သို့ပါသော်လည်း ရွာကလေးမှ ဘူတာရုံသို့ ဖောက်လုပ်ထားသော လမ်းဟောင်းကြီးသည် ကွေ့ကာပတ်ကာဖြင့် တစ်မျှော်တစ်ခေါ်ကြီး ရှည်ချည်တိုင်းရှည်နေသည်။ ထိုလမ်းရိုးလမ်းဟောင်းကြီးအတိုင်းလာခဲ့ရသော ခရီးသည် တို့သည်လည်း အမြဲတစေရထားနောက် ကျတတ်ကြသည်။

နောက်လပေါင်းများစွာ ကြာမြင့်လာ သောအခါ ကျွန်တော်တို့ ဘူတာရုံကလေးသို့ ရထားလာစီးသော ခရီးသည်များရထား နောက် မကျကြတော့ပါ။ တစ်ခါတလေ ဘူ တာရုံကလေးသို့ ခပ်စောစောပင်ရောက်ရှိနေ တတ်ကြသည်ကိုအံ့သြစွာမြင်တွေ့လာရသည်။ တစ်နေ့တွင် ခရီးသည်တို့ ဘူတာရုံကလေးသို့ အချိန်မီရောက်ရှိလာအောင် မည်သို့မည်ပုံ လာကြသည်ကို ကျွန်တော်သတိထားကြည့်မိ လိုက်တော့ လမ်းရိုးလမ်းဟောင်းကြီးကို ဆန့် ကျင်ကာ ဘူတာရုံကလေးသို့ အမြန်ဆုံးရောက် နိုင်မည့် ခရီးကြောင်းတစ်ခုကို ရွေးချယ်ကာ ခရီးသည်တစ်စုလျှောက်လှမ်းလာသည်ကို တွေ့ရသည်။ သူတို့လျှောက် လှမ်းနေသောခရီး သည် ကြမ်းတမ်းပါသည်။ ကန္တာရဆူးခြုံ၊ ဆူး ရစ်၊ အညာဆူးလေပေါသောတောကြမ်း လမ်းကိုဖြတ်ရသည်။ တစ်ခါတစ်ခါ ရွှံနွံထူ ထပ်သော ချောင်းရိုးပြတ်တွေကိုလည်း ဖြတ် ကြရသည်။ မည်သို့ပင်ရှိစေသူတို့သည် နွံနစ်လျှင် ပြိုင်တူရုန်းကြပြီး၊ ဆူးစူးလျှင် တစ်လှည့်စီနွှင်ကာ ဆက်လျှောက်လာကြခဲ့ သည်ကို တွေ့မြင်ရပါသည်။

သည်လိုနှင့် ထိုတောလမ်းကြမ်း ကလေးသည် ပြေပြစ်လာပါသည်။ ခလုတ် မထိ ဆူးမငြိလောက်အောင် စိတ်ချယုံကြည် စွာ ဖြတ်သန်းသွားလာနိုင်သော လမ်းချော တစ်ခုအဖြစ်သို့ မရောက်သေးသည့်တိုင် လမ်းဟူ၍တော့ ပီပီသသပေါ်နေပြီလည်း ဖြစ်သည်။ ကျွန်တော့်မျက်စိရှေ့တွင် မွေး ဖွားလာသောလမ်းကလေးသည် ကျွန်တော့် စိတ်အား အတွေးမျိုးစုံဖြင့် ရစ်ပတ်ကစားနေ လေသည်။ ထို့ကြောင့်ပင်ဖြစ်လိမ့်မည်။ ကျွန်တော်သည် အလုပ်တာဝန်များ အား လပ်သည့်အခါ ဘူတာရုံကလေးမှ ရွာ ကလေးသို့ သွယ်ဖောက်ထားသော လမ်း သစ်ကလေးပေါ် တစ်ကြိမ်မက စမ်းလျှောက် ကြည့်ဖူးသည်။ လမ်းသစ်တစ်ခု၏ ခွန်အား သည် ကိုယ်တိုင်လျှောက်ကြည့်မှ သိနိုင် သောအရာတစ်ခုဖြစ်ကြောင်း ကျွန်တော် သဘောပေါက်ခဲ့သည်။

တစ်ခုတော့ရှိပါသည်။ ရွာကလေးမှ ဘူတာရုံကလေးသို့ သွယ်ဖောက်ထားသော လမ်းသစ်ကလေးသည် ဖြောင့်စင်းမနေပေ။ ကျွန်တော်တို့ဘူတာရုံ၏ အနောက်ဘက် ပလက် ဖောင်းထိပ်မှ မျှော်ခေါ်၍ ကြည့်လိုက် လျှင် လူးလွန့်ကွေ့ကောက်နေသော လမ်းက လေးကို အတိုင်းသားမြင်တွေ့နိုင်ပါသည်။ ထိုသို့ကွေ့ကောက်နေခြင်းသည် သဘာဝ ကျသည်ဟု ကျွန်တော်ထင်မြင်ယူဆမိသည်။ အဘယ်ကြောင့်ဆိုသော် ထိုလမ်းသစ် ကလေးသည် တစ်ဦးတစ်ယောက်တည်းက စိတ်ကြိုက်ခြယ်လှယ် ဖောက်လုပ်ထားခြင်း မဟုတ်ဘဲ လိုအပ်ချက်တစ်ခုကြောင့် ဖောက်ထွက်လျှောက်လှမ်းကြရင်း ဖြစ်ပေါ် လာသည့် အများနှင့်သက်ဆိုင်သော လမ်း ကလေးဖြစ်သောကြောင့်ပင်။ ခရီးပန်းတိုင် တူ၊ ယုံကြည်ချက်တူကြသော်လည်း လျှောက် လှမ်းပုံမတူညီနိုင်သောကြောင့် အများနှင့် သက်ဆိုင်သော လမ်းကလေးတွေသည် ကွေ့ကောက် တတ်ပါသည်။

”တို့ ဒီမိုကရေစီခရီးလမ်းကလည်း မဖြောင့်ဖြူးလိုက်တာကွာ”

ရုံးမှကျွန်တော့်မိတ်ဆွေတစ် ဦးသည် လက်ရှိဖြစ်ပေါ်နေသော ပြည်တွင်းပဋိပက္ခ ဖြစ်စဉ်များကို ရည်ညွှန်းကာ စကားတစ်ခွန်း ဆိုလာ ပါသည်။ ထိုအခါ ကျွန်တော်သည် တစ်ခါက တွေ့မြင်ခဲ့ဖူးသော လမ်းက လေးကို ရည်ညွှန်းကာ ပြန်လည် ပြောပြလိုက်ပါသည်။

တစ်ဦးတစ်ယောက်တည်းအ တွက် စိတ်ကြိုက်ခြယ်လှယ်ကာ ဖောက်လုပ်ထားခြင်း မဟုတ်ဘဲ အများသဘောတူ လျှောက်လှမ်း ဖောက်ထွက်ခဲ့သည့် အများနှင့်သက်ဆိုင် သော ဒီမိုကရေစီလမ်းသည် ကွေ့ကောက် တတ်ကြောင်း။ ယုံကြည်ချက်တူ၊ ခရီးပန်း တိုင်တူကြသော်လည်း အယူအဆ၊ လျှောက်လှမ်း ပုံချင်းမတူညီနိုင်သောကြောင့် လမ်းကလေး သည် ကွေ့ကောက်နေဦးမည်သာ။ လမ်းသစ် တို့၏ သဘာဝအတိုင်း တစ်ခါတစ်ရံ ဖုန်ထ သည်လည်းရှိမည်။ ဆူးစူးသည်လည်းရှိ မည်မှာ သေချာပါသည်။ မည်သို့ပင် ကြုံစေ နွံနစ်လျှင် ပြိုင်တူရုန်းကြပြီး ဆူးစူးလျှင် တစ်လှည့်စီနွှင်ကာ ဆက်လျှောက်ကြရမှာ ပဲဖြစ်ပါသည်။ သို့မှသာ ကျွန်တော်တို့ ပိုင် ဆိုင်ချင်ကြသည့် ချောမောပြေပြစ်သော ဒီမို ကရေစီလမ်းကလေး ပီပြင်ထင်ရှားလာမည် ဖြစ်ပါသည်။

”မြစ်ဆိုတာ ကွေ့မှလှတယ်”ဆိုသော အထင်ကရ မြန်မာကဗျာဆရာတစ်ဦး၏ ကဗျာစာသားလေးကို ကျွန်တော်သိပ်သဘော ကျသည်။ ထို့အတူပါပဲ၊ လမ်းဆိုသည်မှာလည်း ကွေ့ရုံနှင့်အလှပျက်မသွားနိုင်ဟု ကျွန်တော် ဆင့်ပွားတွေးမိသည်။ အများနှင့်သက်ဆိုင် သော အများရွေးချယ်လျှောက်လှမ်းနေသော လမ်းကလေးတွေသည် ကွေ့ကောက်တတ် ကြောင်း ကျွန်တော်အကြိမ်ကြိမ်ဆိုခဲ့ပြီးလည်း ဖြစ်ပါသည်။

ကျွန်တော်နောက်ဆုံး ပြောပြချင်သည် မှာ အများနှင့်သက်ဆိုင်သော လမ်းကလေး တွေသည် ကွေ့ကောက်တတ်ပါသည်။ ကွေ့ ကောက်ရုံနှင့်လည်း အလှပျက်မသွားနိုင်ပါ။ သို့ပေမယ့် ထိုအကွေ့လေးတွေသည် ‘ဂ’ ငယ်ကွေ့မဖြစ်ဖို့တော့ ကျွန်တော်တို့ သတိ ကြီးစွာလျှောက်လှမ်းကြရ မှာပဲဖြစ်ပါသည်။

ကြယ်လွဲမိုး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*