ကျောင်းပျော်ကြီး ကျွန်တော် (၁၆)

ကျောင်းပျော်ကြီး ကျွန်တော် (၁၆)
January 17, 2018 AsianFame MediaGroup
ကျောင်းပျော်ကြီး ကျွန်တော် (၁၆)

မဟာဝိဇ္ဇာ တန်းကျောင်းသားကျွန်တော်၏ ကျောင်းပျော် ကြီးဘဝမှာ အဆုံးမသတ်သေးပါ။ ၁၉၆၅ ခုနှစ်၊ အောက်တိုဘာလမှာ ကျွန်တော် ပုသိမ်ကောလိပ်မှ ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်သို့ ပြန်ပြောင်းရသည်။ ရန်ကုန်ပြန် ရောက်သည်နှင့် ကျောင်းသားပြန်ဖြစ် ဖို့ အကြောင်းဖန်လာသည်။ မဟာ ဝိဇ္ဇာတန်း ဆက်တက်ခွင့်ရသော ကြောင့်ဖြစ်သည်။
ထိုကာလမှာ တက္ကသိုလ်ပညာ ရေးစနစ် ပြောင်းစကာလဖြစ်သည်။ ဘာသာတွဲစနစ်မှ အဓိကဘာသာ စနစ်သို့ ပြောင်းလဲခြင်းဖြစ်သည်။ ရန်ကုန်တက္ကသိုလ်လက်အောက်ရှိ မဟာဌာနများသည် သီးခြား တက္ကသိုလ်များအဖြစ်သို့ ပြောင်းသွား သည်။ ဆေးတက္ကသိုလ်၊ စက်မှုတက္က သိုလ်၊ ပညာရေးတက္ကသိုလ်၊ စီးပွား ရေးတက္ကသိုလ်စသည့် အသက်မွေး ဝမ်းကျောင်းပညာ တက္ကသိုလ်များ ထိုအချိန်ကစ၍ ပေါ်ပေါက်သည်။ ရန်ကုန်တက္ကသိုလ်နှင့် မန္တလေး တက္ကသိုလ်တို့က ဝိဇ္ဇာနှင့်သိပ္ပံတက္က သိုလ်များအဖြစ် အမည်ပြောင်းသွား သည်။ စနစ်သစ်အရ ၁၉၆၆ ခုနှစ် တွင် ပထမဆုံး အဓိကဘာသာဘွဲ့ရ မည့် သူများထဲက မဟာတန်းတက်ဖို့ အဆင့်မီသူများကို မဟာတန်းဆက် တက်ခွင့်ပြုရမည်ဖြစ်သည်။ ကျောင်း သားများပင် မဟာတန်းတက်ရတော့ မည်ဖြစ်သည့်အတွက် ကျွန်တော်အ ပါအဝင် ဂုဏ်ထူးတန်းအောင်ပြီး ဆရာ၊ ဆရာမဖြစ်နေသူများ မဟာ တန်းဆက်တက်ခွင့်ရပါသည်။

မြန်မာစာဌာနတွင် မဟာဝိဇ္ဇာ တန်း မတက်ရသေးသူများမှာ ၁၅ ယောက်၊ အယောက် ၂ဝ လောက်ရှိ သည်။ ကျွန်တော်တို့ အုပ်စုက အငယ်ဆုံးအုပ်စုဖြစ်သည်။ ရန်ကုန် မှာရှိနေတုန်း မဟာဝိဇ္ဇာတန်းပြီး အောင် တက်ထားချင်ကြောင်း ဆရာ ပါမောက္ခကို ကျွန်တော်တို့က တင်ပြ ရာ ဆရာပါမောက္ခက တက်ခွင့်ပြု လိုက်ပါသည်။ သို့ဖြင့် ၁၉၆၅-၆၆ ပညာသင်နှစ်မှာ ကျွန်တော်အပါ အဝင် သူငယ်ချင်းများ၊ အစ်ကိုအစ်မ များ၊ မဟာဝိဇ္ဇာနောက်ဆုံးနှစ်၊ အပိုင်း (၁) တက်ရပါတော့သည်။ M.A Final Part I ဟု အင်္ဂလိပ်လို ခေါ်ပါ သည်။
ဂုဏ်ထူးတန်းမအောင်သေးဘဲ ရိုးရိုးဘွဲ့ဖြင့် ဆရာ၊ ဆရာမဖြစ်လာ သူများက မဟာဝိဇ္ဇာအရည်အချင်း စစ် အပိုင်း (၁)၊ M.A Qualifying Part I စတက်ရသည်။ M.A (Q) I ဟုခေါ်ပါသည်။ သူတို့က အရည် အချင်းစစ်တန်းကို ၂ နှစ်တက်ပြီးလျှင် နောက်ဆုံးနှစ်အပိုင်း (၁) တက်ရမည် ဖြစ်သည်။ အရည်အချင်းစစ်တန်းမှာ ၂ နှစ်၊ နောက်ဆုံးနှစ်မှာ ၂ နှစ်တက် ရသည်။ နောက်ဆုံးနှစ်၊ အပိုင်း (၂) M.A Final Part II အောင်ပြီးလျှင် တော့ ကျမ်း (Thesis) တစ်စောင် ပြုစုတင်သွင်းရမည်ဖြစ်သည်။ ကျမ်း တင်ပြီးလျှင်တော့ မဟာဝိဇ္ဇာဘွဲ့ရ ပါပြီ။

ကျွန်တော်တို့ မဟာဝိဇ္ဇာတန်း စတက်သည့် ၁၉၆၅-၆၆ ပညာ သင်နှစ်တွင် မြန်မာစာဌာနမှာ ဘာသာဗေဒ (Linguistics) ဘာသာ ရပ်ကို စတင်သင်ကြားသည်နှင့် ကြုံရပါသည်။ ယခင်က မြန်မာစာ ဌာနမှာ ဘာသာဗေဒမသင်ရပါ။ ပါမောက္ခဆရာကြီးဦးဝန် (မင်း သုဝဏ်)လက်ထက် ၁၉၆၁-၆၂ ခုနှစ် တွင် ဘာသာဗေဒသင်ကြားရန် စတင်လမ်းခင်းပေးခဲ့သည်။ ၁၉၆၅ ခုနှစ်မှာတော့ ကျွန်တော်တို့၏ ဆရာ၊ ဆရာမများဖြစ်သော ဆရာကြီးဦးရွှေ သွင် (မြန်မာစာပါ မောက္ခ၊ ငြိမ်း၊ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင် များအဖွဲ့၊ အလုပ်အမှုဆောင်အဖွဲ့ ဝင်၊ ကွယ်လွန်) နှင့် ဆရာကြီး၏ဇနီး ဆရာမကြီး ဒေါ်ခင်ခင်အေး (ရန်ကုန် စက်မှုတက္ကသိုလ်၊ မြန်မာစာကထိက ဌာနမှူး၊ ငြိမ်း)တို့သည် နိုင်ငံခြား ပညာတော်သင်အဖြစ် လန်ဒန် တက္ကသိုလ်တွင် ဘာသာဗေဒ၊ သဒ္ဒ ဗေဒပညာရပ်များ သွားရောက်သင် ကြားခဲ့ပြီး၊ မဟာဝိဇ္ဇာဘွဲ့များရယူပြီး ပြန်ရောက်လာသည်။ ပါမောက္ခကြီး ဦးမောင်မောင်ကြီးက မဟာဝိဇ္ဇာ တန်းနှင့် မြန်မာစာအဓိက စတုတ္ထ နှစ်တို့တွင် ဘာသာဗေဒ၊ သဒ္ဒဗေဒ စတင်သင်ကြားရန် တာဝန်ပေးသည့် အတွက် ဆရာကြီးဦးရွှေသွင်က သဒ္ဒ ဗေဒ၊ ဆရာမကြီး ဒေါ်ခင်ခင်အေးက ဘာသာဗေဒပညာရပ်များ စတင် သင်ကြားသည်။ ကျွန်တော်တို့မှာ မဟာဝိဇ္ဇာတန်းတွင် ဘာသာဗေဒ၊ သဒ္ဒဗေဒကို ဦးဦးဖျားဖျား စတင် သင်ကြားခွင့် ရသူများဖြစ်ပါသည်။

ဘာသာဗေဒ၊ သဒ္ဒဗေဒ ပညာ ရပ်များမှာ အနောက်နိုင်ငံ၊ အရှေ့ နိုင်ငံ တက္ကသိုလ်များတွင် ထွန်းကား နေသည်မှာ ကြာပါပြီ။ မဟာဘွဲ့၊ ပါရဂူဘွဲ့များပေးနေသည်မှာ ကြာပါ ပြီ။ ဘာသာစကားကို သိပ္ပံ နည်းကျ လေ့လာသော ပညာရပ်ဖြစ်၍ အလွန်အသုံးဝင်ပါသည်။ ကျွန်တော် တို့နိုင်ငံကဲ့သို့ တိုင်းရင်းသား ဘာသာ စကားများစွာရှိသော နိုင်ငံအတွက် ဘာသာဗေဒ ပညာရပ်ထွန်းကားရန် အလွန် လိုအပ်ပါသည်။ ထိုပညာရပ် ကို သင်ယူရသည်မှာ စိတ်ဝင်စားစရာ ကောင်းပါသည်။ ဦးဦးဖျားဖျား သင်ယူခွင့်ရသည့်အတွက် ဝမ်းသာ ဂုဏ်ယူစရာဖြစ်ပါသည်။

သို့သော် ထိုပညာရပ်နှင့်ပတ် သက်၍ စိတ်ထင်ရာပြောကြ ဆိုကြ၊ ဝေဖန်ကြသည့်အသံများလည်း ပတ်ဝန်းကျင်မှာ ကြားနေရသည်။ ‘ဘာသာဗေဒဆိုတာ မြန်မာစာကို အင်္ဂလိပ်လိုသင်တာပါကွာ’ ဟု ထင် မိထင်ရာ ပြောပုံမျိုးကိုလည်း ကြား ရသည်။ ”တို့မြန်မာစာထဲမှာ ဘာသာ စကားလေ့လာနည်းတွေ နဂိုကတည်း က ရှိပြီးသားပဲဟာ။ ဘာသာဗေဒ သင်ဖို့ မလိုအပ်ပါဘူး”ဟု မလိုမလား ပြောပုံမျိုးလည်း ကြားရပါသည်။ အပြောင်းအလဲတစ်ခု ကြုံလာသည့် အခါတွင် ထိုအပြောင်းအလဲကို အသာတကြည် လက်မခံလိုသော လူ အချို့၏ သဘာဝအတိုင်း ထိုအသံ များ ထွက်လာခြင်းဖြစ်သည်ဟု ကောက်ချက်ချမိပါသည်။

မဟာဝိဇ္ဇာနောက်ဆုံးနှစ် အပိုင်း (၁) တွင် ‘ဘာသာစကား’ကို အထူး ပြုသင်ယူရမည်ဖြစ်ပြီး အပိုင်း ၂ ရောက်လျှင် ‘စာပေ’ကို အထူးပြု သင်ယူရမည်ဖြစ်သည်။ ထိုနှစ်မှာ ဘာသာစကားကို အထူးပြုရသည့် အတွက် ဘာသာစကားဆိုင်ရာ သင်ရိုးများကို ပြဋ္ဌာန်းထားသည်။ ရှေးမြန်မာကျောက်စာ၊ ခေတ်လယ် မွန်ကျောက်စာ၊ ဘာသာဗေဒ၊ သဒ္ဒ ဗေဒဟူ၍ ဘာသာ ၄ ခုခွဲထားပြီး သင်ကြားပို့ချပေးပါသည်။

ရှေးဟောင်းမြန်မာကျောက်စာ များကို ကထိကဆရာမကြီး ဒေါ်ခင် စောက ပို့ချပေးသည်။ ယခင်က မသင်ရသေးသော ပုဂံခေတ်၊ ပင်းယ ခေတ်၊ အင်းဝခေတ် ကျောက်စာ များကို ဆက်သင်ပေးသည်။ ဆရာ မကြီးက သင်မည့်ကျောက်စာများ ကို ရွေးချယ်၍ လက်နှိပ်စက် ရိုက်ခိုင်း ပြီး စာကူးစက်ဖြင့်ကူး၍ ဖြန့်ဝေ သင်ကြားပေးသည်။ မင်ကူးကျောက် စာများနှင့် ကျောက်စာဓာတ်ပုံများကို လည်း လေ့လာရသည်။

ခေတ်လယ်မွန်ကျောက်စာ ဖြစ် သော ရွှေတိဂုံမွန်ကျောက်စာကို ပါမောက္ခဆရာကြီး ဦးမောင်မောင် ကြီးက ပို့ချသည်။ ဂုဏ်ထူးတန်းက ရာဇကုမာရ်၊ ရွှေစည်းခုံစသော ရှေး ခေတ်မွန်ကျောက်စာများ သင်ယူပြီး ဖြစ်၍ ခေတ်လယ်မွန်ကျောက်စာများ ကို အခက်အခဲမရှိပါ။ ရှေးမွန်၊ ခေတ် လယ်မွန်၊ ခေတ်သစ်မွန် ဝေါဟာရ များ အဆင့်ဆင့်ပြောင်းလဲလာပုံကို စနစ်တကျ လေ့လာရပါသည်။

သဒ္ဒဗေဒ (phonetics) ကို ဆရာကြီး ဦးရွှေသွင်က ပို့ချပေး သည်။ ဆရာကြီးမှာ သဒ္ဒဗေဒကို အထူးပြုလေ့လာပြီး ရှမ်းဘာသာ စကား၊ မွန်ဘာသာစကားတို့ကို သဒ္ဒ ဗေဒအမြင်ဖြင့် လေ့လာသော စာတမ်းများပြုစုခဲ့သည်။ ဆရာကြီးက လန်ဒန်တက္ကသိုလ်မှ ဝါရင့်ကထိက အမ်းစထရောင်း (Mrs. Armstrong) နှင့် ဆရာကြီး ဦးဖေမောင်တင်တို့ ပြုစုသော A Burmese Phonetic Reader ကို ပြဋ္ဌာန်းသင်ကြားသည်။ (နောက်ပိုင်းတွင် ‘မြန်မာသဒ္ဒဗေဒ ဖတ်စာ’ အမည်ဖြင့် ဆရာကြီး ဦးရွှေ သွင်၊ မြန်မာဘာသာပြန်သည်။) Danial Thones ၏ English Phonetics စာအုပ်လည်း လေ့လာ ရသည်။ အသံထွက်ပုံကို ဆရာကြီးက သာဓကဆောင်ပြရာတွင် တပည့်များ က ဆရာကြီး၏ နှုတ်ခမ်းလှုပ်ရှား ပုံများကို ငေးကြည့်ရင်း ‘ဆရာ့ နှုတ်ခမ်းကလေးက သိပ်လှတာပဲ’ဟု တိုးတိုးပြောကြသည်ကို မှတ်မိနေပါ သည်။ အသံထွက်ရာတွင် မှန်မှန် ကန်ကန်ထွက်နိုင်အောင် နားလေ့ ကျင့်မှု Ear training လုပ်ရပုံကို ဆရာကြီးက အလေးအနက်ပြောပြ ပါသည်။

ဆရာမကြီး ဒေါ်ခင်ခင်အေးက ဘာသာဗေဒ (Linguistics) သင် ကြားပေးသည်။L.Bloom Field ၏ Language ကျမ်းကို ပြဋ္ဌာန်းသည်။ ထိုစာအုပ်မှာ ၁၉၃ဝ ပြည့်နှစ်က ပြုစုခဲ့သော ကျမ်းဖြစ်ပြီး ဘာသာ ဗေဒနယ်ပယ်တွင် ထင်ရှားသော ကျမ်းဖြစ်သည်။ ထိုကျမ်းမှ ဖတ်ရ မည့်အခန်းများကို ဆရာမကြီးက လမ်းညွှန်ပြီး အိမ်မှာဖတ်ခဲ့ပြီးနောက် အတန်းထဲမှာ ပြောဆိုဆွေးနွေးရ သည်။ ဘာသာဗေဒပညာရပ်နှင့် စတင်တွေ့ရသည့်အတွက် များစွာ စိတ်ဝင်စားမိပါသည်။ ဘာသာစကား ၏ သဘာသဘာဝ၊ စကားလုံးဖွဲ့ပုံ၊ ဝါကျဖွဲ့ပုံ၊ အနက်အဓိပ္ပာယ်စသည့် အခန်းများကို အသေးစိတ်ဖတ်ရှု လေ့လာဖြစ်ခဲ့ပါသည်။ ဆရာကြီးနှင့် ဆရာမကြီးတို့က တက္ကသိုလ်ပညာ ပဒေသာစာစောင်တွင် ‘သဒ္ဒဗေဒ အခြေခံ’၊ ‘ဘာသာဗေဒ အခြေခံ’ ဟူသော ဆောင်းပါးများရေးသား သည့်အတွက် ဘာသာရပ်လေ့လာမှု တွင် အထောက်အကူဖြစ်ပါသည်။

ထိုနှစ်တွင် ‘ဆရာတစ်ပိုင်း၊ ကျောင်းသားတစ်ပိုင်း’အဖြစ် လှုပ် ရှားရပါသည်။ နည်းပြတန်း တာဝန် ကျသော အခန်းများတွင် သွားဘက် ဆိုင်ရာ ပထမနှစ် (B.D.S) ၊ တိရစ္ဆာန် ဆေးကု ပထမနှစ် (B.D.S) အတန်း များလည်း ပါဝင်သည်။ ဥပဒေပညာ၊ သစ်တောပညာ၊ သတ္တဗေဒ ပထမ နှစ်အတန်းများလည်း ပါဝင်သည်။ ထိုအတန်းများကို နည်းပြတန်းဝင် လိုက်၊ အဖြေလွှာများ စစ်ဆေးပေး လိုက်၊ ကျောင်းသားအဖြစ် မဟာဝိဇ္ဇာ တန်း ပြေးတက်လိုက်ဖြင့် လှုပ်ရှား ရသည်မှာ ပင်ပန်းသော်လည်း ပျော် ပါသည်။ ဘာသာစကားလေ့လာမှုကို လည်း ပို၍စိတ်ဝင်စားလာပါသည်။ တက္ကသိုလ်ပညာပဒေသာစာစောင် အတွဲ ၁၊ အပိုင်း ၁ မှာ ကျွန်တော်၏ ‘လူ့ကိုယ်ခန္ဓာနှင့် ဘာသာစကား’ ဆို သော ဆောင်းပါး အရွေးခံရသည့် အတွက် အလွန်ဝမ်းသာသွားပြီး ဘာသာစကားလေ့လာမှုဘက်သို့ များများအာရုံပြုမိပါတော့သည်။

မောင်ခင်မင်(ဓနုဖြူ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*