မှင်စာ မှတ်တမ်း (၂)

မှင်စာ မှတ်တမ်း (၂)
January 15, 2018 AsianFame MediaGroup
မှင်စာ မှတ်တမ်း (၂)

ကျွန်တော့်ကို ‘ကလေးမသာ’ ဘဝက လာသော သေးသေးကွေးကွေး အကောင်ကလေးဆိုပြီး အထင်သေး မည်တော့ မကြံကြပါနှင့်။ ကျွန်တော် က သက်တမ်းရှည်မှင်စာဖြစ်ကြောင်း ပြောပြခဲ့ပြီးပြီ။ ထို့ပြင် ရုပ်ပြတွေ၊ ရုပ်ရှင်တွေထဲက ဇာတ်လိုက် လူစွမ်း ကောင်း တန်ခိုးရှင်တွေထက် ထူးကဲ စွမ်းအင်အရာမှာ အပြန်တစ်ရာမက သာလွန်သော ကမ္မဇိဒ္ဓိတန်ခိုးရှင် ကလေးလည်းဖြစ်ပြန်သည်။ ကျွန်တော့်တာဝန်မှာ သွားလေသူ စာရေးဆရာကြီး ‘ဇေယျ’ ၏ ဇာတ် လိုက်ကျော် ‘မြတ်လေးရွှေဓါးဗိုလ်’ ကဲ့သို့ မကောင်းသူပယ်၊ ကောင်းသူ ကယ်ရန်ဖြစ်သည်။ ယနေ့ ကမ္ဘာ လောကကြီးတွင် မကောင်းသူတွေ များပြားနေပြီး မကောင်းမှုတွေ စက္ကန့်နှင့်အမျှ တိုးပွားနေသည် မဟုတ်ပါလား။ မကောင်းမှုတွေ၊ ဒုစရိုက်တွေက ကောင်းမှုသုစရိုက် တွေကို လွှမ်းမိုးဝါးမျိုလိုက်လျှင် ဖြစ်တောင့်ဖြစ်ခဲ လူ့လောက၊ လူ့ ကမ္ဘာကြီးပျက်စီး ကွယ်ပျောက် သွားနိုင်သည် မဟုတ်ပါလား။
ယင်းသမို့ကြောင့် ကျွန်တော် မှင်စာသည် မကောင်းမှု နှိမ်နင်းရေး တာဝန်ကို တစ်နိုင်တစ်ပိုင် ဦးလည် မသုန် ထမ်းရွက်သယ်ပိုးနေရခြင်းဖြစ် ပါသတည်း။ ကျွန်တော်သည် စူပါ မှင်စာဖြစ်သော်လည်း ကိုယ်ပေါက် ဖွားခဲ့ရာ၊ ကိုယ့်ဘဝပြောင်းခဲ့ရာ မြန်မာနိုင်ငံနယ်နိမိတ်အတွင်း၌သာ ကျင်လည်လှုပ်ရှားခွင့်ရပါသည်။ နယ်ကျော်မိပါက ကျွန်တော်သည် ‘ကျူးမှင်စာ’ ဖြစ်သွားလိမ့်မည်။ ‘ကျူး’တော့ မဖြစ်ပါရစေနှင့်။

ကျွန်တော်သည် ပျော်စရာ အဖုံ မြို့ ရန်ကုန်တစ်ဝန်းလှည့်လည် သွားလာရင်း မြို့တော်သူ၊ မြို့တော် သားအများစုတို့ မည်သို့မည်ပုံ အချိန်ကို အသုံးချနေကြပါသနည်း ဟု စူးစမ်းစေ့ငု ကြည့်မိ၏။

”အော ခုနစ်ရက်သားသမီး တွေ တော်တော်များများဟာ တယ် လီဖုန်းကုမ္ပဏီကြီးတွေကို အလုပ်အ ကျွေးပြုနေကြတာပါကလား။ တချို့ များ အစာအာဟာရအတွက် လျှော့ သုံးပြီး ဖုန်းဘီလ်အတွက် ပိုသုံးနေ ကြပေသကိုး။ လူမှုကွန်ရက်ထဲကို တစ်ရက်မဝင်ရရင် တစ်ရက် အသက် တိုတယ်လို့ထင်တဲ့ ငမိုက်သားတွေ လည်း အများကြီးပါကလားနော်”ဟု ကျွန်တော်စိတ်မချမ်းမြေ့စွာ ညည်း တွားမိပါ၏။ ထားတော့ ထားတော့။ Fb ကို တစ်နေကုန်ဖွင့် ကြည့်နေရုံ မျှနှင့်တော့ ငွေကုန်၊ မျက်စိမှုန်၊ ဇက် ကြောတက်၊ ဒူလာစွဲပြီး လူဖြစ်ရှုံး ရုံအပြင် ဘာမှမဖြစ်နိုင်။ မသကာ ရေဝေးရောက်ရုံပ။ ကမ္ဘာမြေကြီး ပေါ့သွားရုံပ။

ခက်တာက Hate Speech ဆိုတဲ့ အမုန်းစကားတွေကို ကိုယ် ရောင်ဖျောက်ပြီး လွှင့်တင်နေကြတာ။ တချို့များ မကြားဝံ့၊ မနာသာ ဖရုဿ ဝါစာတွေ။ အဲသည်အမုန်းစကား တွေကြောင့် မတူကွဲပြားတဲ့ လူ့အဖွဲ့ အစည်းတွေကြားမှာ အမုန်းတရား တွေ မီးတောက်ပြီး တုတ်တစ်ပြက်၊ ဓါးတစ်ပြက် ဖြစ်လာနိုင်တာပဲ။ တစ် နေ့ကပဲ fb မှာ ဟာသဗီဒီယိုကလေး တွေတင်လေ့ရှိတဲ့ ဗီဒီယိုသရုပ်ဆောင် ကလေးတစ်ယောက်ခမျာ မလိုတမာ အမုန်းပွားတဲ့ လူတစ်စု ဝိုင်းရိုက်လို့ ဇီဝိန်ကြွေရှာပါပကော။
သို့နှင့်ပင် ကျွန်တော်သည် အဘိဇ္ဈာပွား ဝန်တိုစိတ်များလှသူ၊ နိုင်ငံရေးယောင်ယောင် ဘာယောင် ယောင်နှင့် စာတိုစာရှည်တွေ လွှင့် တင်တတ်သူ ‘ကိုဖိုးသိ (ခေါ်) Mr. know all အနီးသို့ ချဉ်းကပ်ပြီး သူ ဘာတွေ ‘မန့်’ နေသည်ကို လေ့လာ ကြည့်သည်။

”ဟိုက် ဘုရား … ဘုရား ကျားသားမိုးကြိုး”

ကျွန်တော်အာမေဋိတ် ပြုလိုက် ပေမယ့် ကျွန်တော့်အသံက တုန်ခါ နှုန်းအလွန်နိမ့်သောမှင်စာသံမို့ ကိုဖိုးသိ မကြားနိုင်ပါ။
ကိုဖိုးသိက အာဏာရပါတီကြီး မှတစ်ပါး ကျန်ရှိရှိသမျှသော နိုင်ငံ ရေးပါတီကြီးများကို ချိုးချိုးဖဲ့ဖဲ့ ဝေဖန်နေပေသကိုး။ ဒါမျိုးတော့ မရေးသင့်ပါ။ ဒါဟာ ဒီမိုကရေစီ အနိုင်ကျင့်နည်းတစ်နည်းပါပဲ။ ဒါက အာဏာရှိသူကို မျက်နှာလို မျက်နှာ ရ ဖားလိုက်တာပဲ။ ကိုဖိုးသိကိုတော့ ပညာပေးမှ ဖြစ်တော့မည်။
ကျွန်တော်က ပျံသန်းနိုင်သော ပဆုပ်ပနီကောင် ယောင်ဆောင်ပြီး တက်ဘလက်ဖုန်းကိုင်ထားသည့် ကိုဖိုးသိ၏ လက်ခုံကို အစွယ်ဖြင့် ထိုးကာ လေထဲသို့ ပျံထွက်သွား သည်။

”အောင် မ လေး သေပါပြီ၊ သေပါပြီဗျ”

သူ့မျက်စိတွေထဲမှာ ကြယ်တွေ၊ လတွေမြင်ရုံမျှမက တစ်ကိုယ်လုံး ဓာတ်လိုက်သလို ခံစားသွားရသော ကိုဖိုးသိသည် ယောင်ရမ်းပြီး တက်ဘ လက်ဖုန်းကို လွှတ်ချမိရာ ဖုန်းစခရင် မှန်က သမံတလင်းနှင့် ရိုက်မိပြီး ပင့်ကူအိမ်သဏ္ဌာန် အက်ကြောင်းထ သွားတော့သည်။

”ဆယ့်ငါးသိန်းတန်ပစ္စည်း ပျက်စီးပါပြီဗျ၊ အဟီး”

ကိုဖိုးသိသည် ခုန်ဆွ၊ ခုန်ဆွ အော်ငိုနေပြန်လေသည်။

ကိုဖိုးသိကို ပညာပေးပြီးတော့ နောက်ထပ်ဆုံးမရဦးမယ့် ငမိုက်သား ကို ကျွန်တော်ရှာဖွေပြန်သည်။ ကြာ ကြာမရှာလိုက်ရ။ ‘မောင်တိတ္တိ’အမည် FB တစ္ဆေတစ်ကောင်ကို တွေ့ရ ပြန်သည်။ သည်အကောင်က ‘တိတ္တိ’ ဆိုသောနာမည်နှင့်လိုက်ဖက်စွာ မြင့် မြတ်သော ဘာသာတရားများကို လေထဲကနေ စော်ကားနေသူ။ သူ ဘာရေးသလဲ ကြည့်ပါ။

”၂၁ ရာစုရောက်နေပြီ။ သိပ္ပံ နှင့် နည်းပညာက အောင်လံတံခွန် လွှင့်ထူကာ ဘာသာတရားကြီးများ ကို နောက်ကောက်ချလိုက်ပြီ။ ဘီလ် ဂိတ်ကို အရိုအသေပြုလော့။ မတ်ဇူ ကာဘတ်ကို ရှိခိုးကြလော့။ ကွယ်လွန် သူ စတိဗ်ဂျော့ကို သတိရတမ်းတ ကြလော့”

သည်အကောင်က ရှော့ပင် ကလေးနှင့် တီရှပ်ကလေးဝတ်ကာ၊ လက်တော့ပ်ကွန်ပျူတာရှေ့မှာ ဒူးနှန့် ၍ ထိုင်နေသည်။ ပေါက်တက်ကရ၊ ပေါက်ပန်းဈေးစာတွေ လျှောက်ရိုက် တင်နေသည်။

”ကဲ စိတ်မရှိနဲ့ တိတ္တိရေ”ဟု ဆိုကာ ပဆုပ်ပနီယောင် ဆောင်ထား သောကျွန်တော်က ဘောင်းဘီတို အနားစမှ ကင်းလွတ်ရာ သူ၏မွဲခြောက်ခြောက် ပိန်တာရိုးပေါင် သားကို အစွယ်တစ်ဆုံး ထိုးစိုက်ချ လိုက်တော့၏။

”အား ဘား ဘား ဘီလ်ဂိတ် ကယ်တော်မူပါ။ မတ်ဇူကာဘတ် ကယ်တော်မူပါ။ စတိဗ်ဂျော့ ကယ် တော်မူပါ။ အား ဘား ဘား”

ငနဲသားတော့ ကုလားထိုင်ပေါ် မှ လွင့်ကျပြီး လူးလိမ့်အော်ဟစ်နေ လေရဲ့။ အဲသည်စာကို တင်ရဲတင် ကြည့်။ မင်းအသေပဲ။

ထို့နောက် ကျွန်တော်သည် ဆုံးမသင့်၊ အပြစ်ပေးသင့်သော FB အပေအတေတစ်ယောက်ကို ရှာဖွေ ကြည့်ရာ လူမှုကွန်ရက်မှာ ရည်းစား ပေါင်း သောင်းခြောက်ထောင်ထားပြီး မိဘတို့၏ချွေးနှဲစာကို ခပ်အေးအေး ထိုင်ဖြုန်းနေသည့် ‘သျှန်း သျှန်း’ အမည်ရှိ ဟော့(တ်)ရှော့(တ်) ကောင်မလေးတစ်ယောက်ကိုတွေ့ ၏။ သူကလေးကား ဘွဲ့ရပြီးသော် လည်း အလုပ်လည်းမလုပ်၊ အလုပ် လည်းမရှာဘဲ FB ထဲမှာ ကုဋေရှစ် ဆယ်သူဋ္ဌေးသားချစ်သူတွေ့လို တွေ့ ငြား စိတ်ကူးဆန်းပြားနေရှာသည်။

”ညီမလေးရယ် စိုးရိမ်မိတယ်။ ပညာပေးမှ ဖြစ်တော့မယ်” ဟု ရေရွတ်ကာ ကျွန်တော်သည် ကလေး မလေး၏ လက်ဖဝါးနုနုကလေးမှ တစ်နေရာကို ထိုးစိုက်ချလိုက်သည်။

”အိုး မိုင်ဂေါ့ အိုး မိုင်ဂေါ့”

ဗုဒ္ဓဘာသာဝင်ဖြစ်လျက်နဲ့ ”အိုး မိုင်ဂေါ့” အော်ချင်ဦးဟာဟု ပြော ရင်း ကျွန်တော်က စောစောက ထိုး စိုက်ခဲ့သည့်လက်မှ လက်ခုံကိုတစ် ချက် ထိုးလိုက်ပြန်ပါသည်။ သည် တော့မှပဲ ဆွေ့ဆွေ့ခုန်ရင်းကနေ မယ်မင်းကြီးမကလေး မြန်မာဆန် လာလေတော့သည်။

”အမယ်လေး ဗုဒ္ဓကယ်တော်မူ ပါဘုရား”

ကြူးနှစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*