မှင်စာ မှတ်တမ်း (၁)

မှင်စာ မှတ်တမ်း (၁)
January 9, 2018 AsianFame MediaGroup
မှင်စာ မှတ်တမ်း (၁)

ကျွန်တော့်ကို မကြောက်ကြပါနဲ့။ အထင်လည်း မသေးကြပါနဲ့။ ကျွန်တော်က မှင်စာဖြစ်နေပေမယ့်၊ ကိုယ်လုံးကိုယ်ထည် အလုံးအဖန် သေးငယ်ပေမယ့် ထူးကဲစွမ်းအင် ရထားတဲ့ စူပါမှင်စာပါ။ ဒါပေမဲ့ ရိုးသားဖြောင့်မတ်၊ စိတ်ဓာတ်တည် ကြည်တဲ့လူတွေ ကျွန်တော့်ကို ကြောက်စရာ လန့်စရာမလိုပါ။ မိတ်ဆွေ မဟုတ်သော်မှ အားကိုးယုံကြည် လောက်တဲ့ တစ္ဆေငယ်၊ တစ္ဆေပေါက် စကလေးအဖြစ် သဘောထားစေလို ပါတယ်။ ကျွန်တော့်သက်တမ်းက ရှည်လျားလှပါပြီ။ ၁၈၅၂ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့ကတည်းက ကျွန်တော် ဟာ မှင်စာဘဝရောက်ရှိခဲ့တာဆို တော့ ကျွန်တော့်အသက်က ၁၅ဝ ကျော် နေပါပြီ။

အပေါ်မှာ ကျွန်တော်ပြောခဲ့တဲ့ နေ့စွဲက ဘာနေ့စွဲလဲဆိုတာ ခင်ဗျား တို့ သိကြရဲ့လား။ သမိုင်းစေ့စေ့ စပ်စပ်လေ့လာ၊ စွဲစွဲမြဲမြဲမှတ်သားနိုင် တဲ့ ပုဂ္ဂိုလ်အချို့သာသိကြပါလိမ့်မယ်။ အဲဒီနေ့မှာ နယ်ချဲ့အင်္ဂလိပ်က မြန် မာနိုင်ငံကို ဒုတိယအကြိမ် လက်ရဲ ဇက်ရဲ အရှက်မရှိကျူးကျော် တိုက် ခိုက်တဲ့နေ့ပါ။ အဲဒီနေ့က… ရန် ကုန်ဆိပ်ကမ်းတစ်နေရာမှာ ကုလား ဖြူမိစ္ဆာတို့ရဲ့ အမြောက်ကျည်စမှန် ပြီး ကျွန်တော်ဘဝကူးခဲ့တာပါ။ နယ် ချဲ့ကုလားဖြူ မိစ္ဆာအင်္ဂလိပ်တွေကို ကျွန်တော်တူးတူးခါးခါး မုန်းတီးသွား တယ်။ သူတို့ကိုလက်စားချေချင် ပေမယ့် ကိုယ်ရရှိထားခဲ့တဲ့ ထူးကဲစွမ်း အင်အတိုင်းအတာအရ … ဒင်း (သင်း)တို့ကို လက်တုံ့ပြန်ဖို့ အခွင့် မသာ အခါမသင့်ခဲ့ဘူး။

လူတွေမှာ လူ့အဖွဲ့အစည်းရှိသလို၊ ကျွန်တော်တို့ တစ္ဆေငယ်များအပါဝင် တစ္ဆေများမှာလည်း တစ္ဆေအဖွဲ့ အစည်းဆိုတာရှိပါတယ်။ လူတွေမှာ သမ္မတတွေ၊ အထွေထွေ အတွင်းရေး မှူးချုပ်တွေ ရှိကြသလို၊ ကျွန်တော်တို့ အသိုင်းအဝိုင်းမှာလည်း တစ္ဆေ ဦးသျှောင်ဆိုတာ ရှိပါတယ်။ တစ္ဆေဦး သျှောင် ဆိုတာကတော့ ”တစ္ဆေပါတီ (မြန်မာပြည်)”ဆိုတာမျိုး ဖွဲ့စည်း တည်ထောင်မယ်ဆိုရင် သူတို့ထာဝရ တစ္ဆေဦးသျှောင်ရာထူးပေးရမှာပါ။ သူက အမြဲတမ်းအကြီးအကဲ ခေါင်း ဆောင်ပဲ။ ဘာကြောင့် ဒီရာထူးမှာ သူမြဲနေရသလဲဆိုရင်… တစ်ခါက တစ်ဘဝမှာ ငရဲပြည်က ငရဲမင်းကြီး ”ယမ”နဲ့ သမီးယောက်ဖ တော်စပ်ခဲ့ ဖူးလို့ပါ။ ”ငါ့ဆွေငါ့မျိုး ကောင်း စားရေးဝါဒ” Nepotism ဆိုသဟာ လူ့ပြည်မှာသာရှိတာမဟုတ်ဘူး။ ကျွန်တော်တို့ဝိနာဘာဝ၊ နာနာဘာဝ လောကမှာလည်းရှိတယ်ဆိုမှတ်လိုက် ကြပါတော့။ ”ယမ”က သူ့ယောက်ဖ ဆိုတော့၊ သူ့ကိုဘယ်တော့မှ ငရဲပြည် ကိုဆွဲမခေါ်တော့ဘူးပေါ့။ ရှင်းပါ တယ်နော်။

တစ်နေ့တော့ တစ္ဆေဦးသျှောင် က ကျွန်တော့်ကို အမိန့်ပေး ခေါ်ယူ လိုက်ပါတယ်။ ”ငါ့ခြေဖဝါးအောက်၊ အခ စားရောက်စေ… တစ္ဆေငယ်” ပေါ့လေ။

”မင်းကလေးက မြန်မာမှင်စာ ပီပီ အပျင်းထူနေလို့တော့မရဘူးကွယ်။ မင်းကိုငါအထူးတာဝန်ပေးစရာရှိ တယ်။ အဲဒီတာဝန်ထမ်းဆောင်နိုင် အောင် ကမ္မဇိဒ္ဓိ ထူးကဲစွမ်းအင်လည်း တပ်ဆင်ပေးလိုက်မယ်။ တာဝန်ကို မပေါ့မလျော့ ထမ်းရွက်လေလော့” ”အမိန့်တော်မြတ်အတိုင်းပါ..”

သူက”ထိပ်တန်းလျှို့ဝှက်” Top Secret လို့ မင်နီနဲ့ရေးထားတဲ့ ဖိုင် တွဲတစ်ခုကို ထုတ်ပေးတယ်။

”အဲဒီဖိုင်တွဲထဲမှာ ရာထူး အ လတ်စားရထားတဲ့ ကြောင်သူတော် ကြွက်သူခိုးတစ်ကောင်ရဲ့ ကိုယ်ရေး ရာဇဝင်တွေရော။၊ လက်ရှိ လှုပ်ရှား ဆောင်ရွက်မှုတွေအကြောင်းအပြည့်အစုံ ရေးထားတယ်။ သူ့ကို မင်းကမှင်စာ တို့ရဲ့ သေနင်္ဂဗျူဟာနဲ့ဆုံးမပေးရလိမ့် မယ်။ ရည်ရွယ်ချက်ကတော့ သူ့အမှား တွေသူသိပြီးနောင်တရသွားဖို့ပဲ”

”အမိန့်တော်မြတ်အတိုင်းပါ..”

ကျွန်တော်ကဖိုင်တွဲကို သေသေ ချာချာလေ့လာကြည့်တယ်။ ဟာ… တော်တော်ဆိုးတဲ့လူပဲ။ မင်းသား ခေါင်းဆောင်းထားတဲ့ ဘီလူးကြီးပဲ။ အာဏာအလွဲသုံးစားလုပ်တယ်။ အဂ တိလိုက်စားတယ်။ တိတ်တိတ်ပုန်း စာရိတ္တပျက်စီးနေတယ်။ တိုင်းချစ် ပြည်ချစ်စိတ်မရှိဘူး။ ပြည်သူလူထု အကျိုးကို ဘေးချိတ်ပြီး သူ့ကိုယ်ကျိုး၊ သူ့မိသားစုအကျိုး၊ သူ့ဆွေမျိုးစု အကျိုး၊ သူ့အသိုင်းအဝိုင်းအကျိုးတွေ ပဲလုပ်နေတယ်။ ဒါပေမဲ့ ဟန်က လည်းကောင်း၊ မာယာပရိယာယ်က လည်းကြွယ်ဝတော့ လူထုကသူ့ကို ယုံကြည်လေးစားနေကြတယ်။ သူ့ ဘာလုပ်လုပ် ‘ဟုတ်’လို့ထောက်ခံ နေကြတယ်။ သူဘာပြောပြော အ ဟောဝတ ကောင်းလေစွလို့ အားပေး နေကြတယ်။ လူထုရှေ့မှာကျတော့ သူက သူတော်စင် သူတော်ကောင်း ကြီးလို သရုပ်ဆောင်ပြတယ်။ ကွယ်ရာ လည်းကျရော… မဟုတ်တာတွေ အကုန်လျှောက်လုပ်တဲ့ လူ့သရမ်း လူကြမ်းကြီးပါလား…။ အစွယ် ငေါငေါနဲ့ အတ္တဘီလူးကြီးပါလား နော်..။

ကျွန်တော်က လူကြီးလူကောင်း အမည်ခံ ကြောင်သူတော် ကြွက်သူ ခိုးကြီးရဲ့ အိမ်ဆီကို ညဦးပိုင်းအချိန် လောက်မှာ လာခဲ့တယ်။ အိမ်ထဲကို ”မှက်”တစ်ကောင်အသွင်ယူပြီး ဝင်ခဲ့ တယ်။ အိမ်ကတော့ အင်မတန် ကြီး ကျယ်ခမ်းနားပါပေရဲ့ဗျာ။ သမ္မာအာဇီ ဝနည်းနဲ့ရှာဖွေပြီး တည်ဆောက်ထား တာမဟုတ်မှန်းကျွန်တော်က ထိပ် တန်းလျှို့ဝှက်ဖိုင်ထဲမှာ ဖတ်ထားပြီး သားပါ။

ကြောင်သူတော်ကြီးက မနက် ဖြန်မြို့နယ်လူထု အစည်းအဝေး တစ်ခုမှာ သူမိန့်ကြား မြွတ်ခြွေတော် မူမယ့်မိန့်ခွန်းစာရွက်ကို စာကြည့် ခန်းထဲမှာလေ့လာနေတယ်။ သူ့တပည့် အနားပြာဖော်လံဖားတစ်ကောင် ရေး ပေးတဲ့ Speech ပေါ့။ ဘာတွေ ရေး ထားလဲဆိုတာ ကျွန်တော်က လျှပ် တစ်ပြက် ဖတ်လိုက်ရုံနဲ့ အစအဆုံး အကွင်းအကွင်း မုန့်တီဟင်းလို သိ ပြီးသားပဲ။ အားလုံးအလိမ်အညာ မု သာဝါဒ၊ ကိုယ်ရည်သွေးတာတွေ ချည်းပဲ။ နားထောင်မယ့် ပြည်သူ လူထုကို ပျားရည်နဲ့ဝမ်းချတာချည်းပဲ။ နားလှည့်ပါး ရိုက်တာချည်းပဲ။ ဆိတ် ခေါင်းချိတ်ပြီး ခွေးသားရောင်းတာ မျိုးချည်းပဲ။ ခွေးဝမ်းသာအောင် လေ လည်ပြတာချည်းပဲ။ သူ့မိန့်ခွန်းထဲက စကားတွေကိုယုံမိတဲ့သူတွေတော့ ရူးပြီ။ တံလျှပ်ကိုရေထင်ရွှေသမင် အလိုက်မှားပြီ။

”မုသာဝါဒတွေကို အလွတ်ကျက် မနေနဲ့ကွ”လို့အော်ရင်း ကျွန်တော်က ဆီးသီးမှည့်နဲ့တူတဲ့ သူ့နှာခေါင်းကြီး ထိပ်ကိုအစွယ်နဲ့ တစ်ချက်ထိုးလိုက် တယ်။

”အားသေပါပြီဗျ…”

သူ့ခေါင်းပေါ်မှာ ပတ်ချာလှည့် ပျံဝဲရင်း ခုန်ဆွ၊ ခုန်ဆွဖြစ်နေတဲ့ သူ့ကိုကြည့်ရတာ ပျော်စရာပါပဲ။ သူ က စာအုပ်တစ်အုပ်လှမ်းဆွဲပြီး တဝီး ဝီးမြည်သံကြားနေတဲ့ဆီကို ရိုက်ဖို့ ကြိုးစားနေတယ်။ ဒါပေမဲ့ ကျွန်တော့် ကို သူမြင်မှမမြင်ရတာပဲ။ စာအုပ်ကြီး တရွယ်ရွယ်နဲ့ အရူးကြီးလို ဖြစ်နေ ကရော။

”ညကြီးမင်းကြီး မှက်လာကိုက် ရတယ်လို့ကွာ။ ဘယ်က မကောင်းဆိုး ဝါး မှက်ပါလိမ့်”လို့ သူက ငြီးတွား တော့ ကျွန်တော်ရယ်ချလိုက်တယ်။ ကျွန်တော့်ရယ်သံကို သူဘယ်ကြားမှာ လဲ။

ကျွန်တော်က ဝက်သားခေါက် တုံးကြီးလို အဆီထုတက်နေတဲ့ သူ့ ကုပ်ပိုး ဖောင်းဖောင်းကြီးကို အစွယ် နဲ့ နောက်တစ်ချက် ပစ်ထိုးလိုက်ပြီး လေထဲကို ရှောင်ထွက်သွားတယ်။

”အောင်…မ…လေး. ..”လို့ အော်ရင်း သူ့ရေချိုးခန်းဆီကို ဒရောသောပါးပြေးတယ်။ မီးနဲ့ထိုး သလိုပူသွားတဲ့ သူ့ခေါင်းကို ရေ လောင်းချမယ်ထင်ပါရဲ့။ ရေချိုးခန်း အဝလည်းရောက်ကရော ကျွန်တော် က သူ့မျက်ခုံးနှစ်ခုကြားကို ရိုက်ချ လိုက်ပြန်တယ်။

”အိုး…”လို့ အော်ဟစ်ရင်း ကြောင်သူတော်ကြီး မမြင်မကန်း ဖြစ်သွားရာက ရှေ့ကိုငိုက်ပြီး လက် ဆေးခွက်ဘေစင်နဲ့ သူ့နဖူးနဲ့ ပြေး ဆောင့်တယ်။ ဆောင့်ပြီး ရေချိုးခန်း ကြွေပြားကြမ်းပြင်ပေါ်မှာ ပက်လက်ကြီး လဲနေတော့တယ်။ နဖူးကွဲသွားပြီ။

ကဲ…ဘာတတ်နိုင်သေးလဲ။ မနက်ဖြန် ပြည်သူလူထုကို ရုပ်တည် ကြီးနဲ့ ညာဝါးပြီး ဖြီးဖြန်းတာတွေ မလုပ်နိုင်တော့ဘူးပေါ့။

ကြူးနှစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*